Monday, October 14, 2013

သိမ်မွေ့သောလမ်း (၁၆)

 
အမေးအဖြေ

ယောဂီ။  ။ စိတ်ထဲမှာ ခံစားမှု တစ်ခု ပေါ်လာရင် . . . ယေဘုယျအားဖြင့် သိပ် ပြဿနာ မရှိပါဘူး။ အခု ခင်ဗျား ပြောခဲ့တဲ့ နည်းတွေနဲ့တင် အဆင်ပြေပါတယ်။ ဒါပေမယ့် နှလုံးသားမှာ ကြီးမားတဲ့ ဒဏ်ရာတွေရပြီ၊  ဒဏ်ရာတွေ ပြင်းလာပြီ၊ ခံစားမှုတွေ ပြင်းထန်လာပြီ ဆိုရင်တော့ အားမစိုက်ရဘဲ တုံ့ပြန်မိတော့တာပါပဲ။ စိတ်လှုပ်ရှားလာတော့တာပါပဲ။ ဝမ်းနည်းမိတာပါပဲ။ သာမန်ခံစားမှုတွေနဲ့ မတူတဲ့ ဒီလို ကြီးမားတဲ့ ခံစားမှုတွေ ဖြစ်ပေါ်လာရင် အသုံးပြုနိုင်မယ့် နည်းလမ်းရော ရှိပါသလား။

ဆရာကြီး။  ။ ဘယ်လိုဟာမျိုးလဲ။ စိတ်ထဲမှာ ဖြစ်ပေါ်တတ်တာ တစ်ခုလောက် နမူနာ ပြောပြနိုင်မလား။

ယောဂီ။  ။ နှစ်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ နာကျင်စေတဲ့ ဒဏ်ရာမျိုး ရှိနိုင်ပါတယ်။ အပ်တွေနဲ့ ထိုးဆွခံထားရတဲ့ ကြွက်တစ်ကောင်လို ဖြစ်နေပါလိမ့်မယ်။

ဆရာကြီး။  ။ ဟုတ်ပါပြီ။ မနေ့က၊ မေတ္တာဘာဝနာအကြောင်း ပြောခဲ့တုန်းက ဒီလိုဒဏ်ရာတွေကို ဘယ်လို ကုစားရမယ်ဆိုတာ အကျယ်တဝင့် ပြောခဲ့ပြီးသားပါ။ ဒါကြောင့် ထပ်မပြောချင်တော့ပါဘူး။ နည်းနည်းပဲ ပြန်ပြီး အမှတ်ဖော်ပေးပါ့မယ်။ ဒီလို ဒဏ်ရာတွေ ရတဲ့အခါမှာ . . . သူတစ်ပါးအပေါ် ကိုယ်ပြုမိတဲ့ ကိစ္စတစ်ခုခုကြောင့် ဒဏ်ရာရခဲ့တာဆိုရင် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါ။ ကိုယ်ဟာ လူသားသာဖြစ်တယ်လို့ လက်ခံပြီး၊ ကိုယ့်ရဲ့ အပြစ်မကင်းနိုင်တာတွေကို လက်ခံပြီး . . . လေ့ကျင့်ပါ။ သူတစ်ပါးကြောင့် ဒဏ်ရာရခဲ့တာဆိုရင် သူတစ်ပါးကို ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါ။ သူတစ်ပါးဟာ လူသားသာဖြစ်တယ်လို့ လက်ခံပြီး၊ သူတစ်ပါးရဲ့ အပြစ်မကင်းနိုင်တာတွေကို လက်ခံပြီး . . . လေ့ကျင့်ပါ။ မေးစရာ ရှိပါသေးလား။

ယောဂီ။  ။ အခုတလော . . . ကျွန်ုတော် ကြုံခဲ့ရတာ တစ်ခု ရှိပါတယ်။ စိတ်ခံစားမှုကို စောင့်ကြည့်တော့ . . . တော်တော် ရယ်စရာ ကောင်းပါတယ်။ နှလုံးသားထဲမှာ အေးစိမ့်နေတဲ့ ရေတွေ စီးနေသလိုပါပဲ။ ကြုံရတဲ့ အခိုက်မှာတုန်းက တော်တော့်ကို မကျေနပ်စရာ ကောင်းပါတယ်။ ဒါပေမယ့် စောင့်ကြည့်လေ့လာလိုက်တော့ ခဏနဲ့ အဆင်ပြေသွားပါတယ်။ ကျွန်တော် မေးချင်တာက . . . စိတ်ခံစားမှုတွေက နှလုံးသားနဲ့ ပိုပြီးတော့ ဆိုင်တာလား။ အတွေးစိတ်ကူးတွေဟာ ဦးနှောက်နဲ့ ပိုပြီးတော့ ဆိုင်တာလား။

ဆရာကြီး။  ။ ဦးနှောက်မှာ ဖြစ်ပေါ်တာပဲဖြစ်ဖြစ်၊ နှလုံးသားမှာ ဖြစ်ပေါ်တာပဲဖြစ်ဖြစ် အရေးမကြီးဘူး ထင်ပါတယ်။ ဒါတွေက ပုံသေနည်းနဲ့ဆိုင်တဲ့ မေးခွန်းတွေပါ။ ကျွန်တော်တို့ လိုအပ်တာက . . . ရိုးရှင်းဖို့ လိုတာပါ။ ပြောခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုတဲ့ အခါမှာ ရိုးရှင်းပြီး လက်တွေ့ကျတဲ့ တိုက်ရိုက် ချဉ်းကပ်နည်းကို အသုံးပြုဖို့ လိုပါတယ်။ ဒါဟာ ဘုရားရှင်ရဲ့ ကောင်းမွန်လှပတဲ့ သွန်သင်ဟောကြားချက် ဖြစ်ပါတယ်။ ထပ်ပြောချင်ပါတယ်။ တကယ့်ကို ရိုးရှင်းပါတယ်။ တကယ့်ကို လက်တွေ့ကျပါတယ်။ တကယ့်ကို တိုက်ရိုက်ကျပါတယ်။ တစ်ခြား မေးစရာ ရှိပါသေးလား။

ယောဂီ။  ။ စိတ်ခံစားမှုတွေကို နာမည် မတပ်ရဘူးလို့ ခင်ဗျား ပြောပါတယ်။ ဒါဆိုရင် ခံစားရတာတွေကို ဘယ်လို လေ့လာစောင့်ကြည်ရမှာလဲ။

ဆရာကြီး။  ။ လက်တွေ့အသုံးဝင်တဲ့ မေးခွန်းကောင်းပဲ။ ဒီလို မေးခွန်းတွေကို ကြိုက်ပါတယ်။ ပျင်းရိငြီးငွေ့မှု ကြုံတွေ့နေရတယ် ဆိုပါစို့။ ပျင်းရိငြီးငွေ့တယ်ဆိုတဲ့ စကားကို ဖယ်လိုက်ပါ။ တကယ် တွေ့ကြုံခံစားနေရတာက ဘာလဲဆိုတာ သိအောင် ကြိုးစားပါ။ ပျင်းရိငြီးငွေ့တယ်လို့ ခေါ်ဆိုသတ်မှတ်ထားတဲ့ အရာဟာ အတွေ့အထိလား။ အတွေးအကြံကိုပဲ ပျင်းရိငြီးငွေ့တယ်လို့ ထင်မြင်ယူဆတာလား။ ခံစားမှု တစ်ခုခုကို ပျင်းရိငြီးငွေ့မှုလို့ သတ်မှတ်တာလား။ ဒီလို စူးစမ်းစစ်ဆေးလိုက်ရင် ပျင်းရိငြီးငွေ့မှုဟာ စိတ်ဝင်စားစရာ ကောင်းလာနိုင်ပါတယ်။

ယောဂီ။  ။ ဆရာ . . . ကျွန်တော် မေးချင်တာက . . . လူသားတွေမှာ အကျင့်ဆိုးတွေ အများကြီး ရှိပါတယ်။ လောင်းကစားလုပ်တာ၊ မိန်းမလိုက်စားတာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာမျိုးပေါ့။ အဲဒီလို အကျင့်ဆိုးတွေကို ဘယ်လို လုပ်ရမလဲ။

ဆရာကြီး။  ။ စိတ်ဝင်စားစရာကောင်းတဲ့ စာရင်းတစ်ခုပဲ။ တကယ်တော့ ဘာဝနာ ကမ္မဋ္ဌာန်းရဲ့ သဘောသဘာဝတွေထဲမှာ အလေ့အကျင့်နဲ့ ဆက်စပ်ပြီး ပြုလုပ်ရတာ ပါပါတယ်။ ကျွန်တော်တို့ ဖြစ်နေတာက . . . ကျွန်တော်တို့ဟာ အလေ့အကျင့်တွေ အပေါ်မှာ အမှီအခို ပြုနေမိပါတယ်။ ဒီတော့ စွဲမြဲနေတဲ့ အကျင့်တွေကို အလိုအလျောက် စက်ရုပ်လို တုံ့ပြန်ကြပါတယ်။ လှုံ့ဆော်မှု ဖြစ်ပေါ်လာရင် အလျှော့ပေးလိုက်ကြတော့တာပါပဲ။ တစ်ခါ ထပ်ပြီး အကြံပေးချင်ပါတယ်။ သတိပဋ္ဌာန် အကျင့်မှာ အလွန် အရေးကြီးတဲ့ အချက်ပါ။ အသားကျနေတဲ့ အကျင့်တွေ ပေါ်လာရင် သူတို့ကို သိရုံပဲ သိနေလိုက်ပါ။ သိမှတ်နေလိုက်ပါ။ သတိနဲ့ စောင့်ကြည့်နေလိုက်ပါ။ အနည်းဆုံး စက်ရုပ်ဆန်ဆန် တုံ့ပြန်မိတာအတွက် အလုပ်ဖြစ်နိုင်ပါတယ်။

ဒုတိယ အကြံပေးချင်တာက . . . အဲဒီ အကျင့်က ကိုယ့်အတွက် ဘယ်လို ဆင်းရဲဒုက္ခ ဖန်တီးပေးတယ်၊ သူတစ်ပါးအတွက် ဘယ်လို ဆင်းရဲဒုက္ခ ဖန်တီးပေးတယ် ဆိုတာ သိအောင်လုပ်ပါ။ အဲဒီ အကျင့်က ကိုယ့်ကို ပျော်ရွှင်စေသလား၊ လွတ်လပ်ပေါ့ပါးစေသလား၊ အပြုသဘောဆောင်တဲ့ အရည်အသွေးတွေ ဖြစ်ပေါ်စေသလား မေးခွန်းထုတ်ကြည့်ပါ။

တတိယ အကြံပေးချင်တာက . . . အကျင့်ဆိုးတွေ မကြုံရတဲ့ အခါမှာ၊ အကျင့်ဆိုးတွေကို အရှုံးပေးလိုက်ရတာမျိုး မဟုတ်တဲ့ အခါမှာ ထူးခြားချက်ကို မြင်အောင်ကြည့်ပါ။ အလေ့အကျင့်ဆိုးတွေ စိတ်ထဲမှာ မရှိခိုက် ကြုံရတဲ့ ထူးခြားမှုကို မြင်အောင်သာ ကြည့်ပါ။ အကျင့်ဆိုးတွေ ဖြစ်ပေါ်နေခိုက်မှာ ကိုယ် ဘယ်လိုနေသလဲ။ သူတို့ မရှိခိုက်မှာ ဘယ်လိုနေသလဲ။ ကိုယ် တွေ့ကြုံခံစားရတာကို မြင်အောင် ကြည့်ပါ။ အကျင့်ဆိုးတွေ အလိုလို ပျောက်ကွယ်သွားပါလိမ့်မယ်။

ဒီနေရာမှာလည်း စောစောက ပြောခဲ့သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဖွံ့ဖြိုးအောင်လုပ်ဖို့ အရေးကြီးပါတယ်။ အကျင့်ဆိုးတွေကို ငါသိတယ်၊ သူတို့နဲ့ ရင်ဆိုင်ဖို့ ကြိုးစားမယ်လို့ ယုံကြည်ပါ။ အကျင့်ဆိုးတွေနဲ့ ပတ်သက်လို့ ယုံယုံကြည်ကြည် ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ကြိုးစားမယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။

နောက်ဆုံး အကြံပေးချင်တာက . . . ဘာသာရေးသမား မိတ်ဆွေတွေ၊ သူတော်စင်တွေနဲ့ ဆက်ဆံပေါင်းသင်းပါ။ ကိုယ့် အတွေ့အကြုံကို သူတို့နဲ့ မျှဝေပါ။ ကိုယ် ကျင့်သုံးနေတဲ့ ဘာသာရေး အကျင့်လမ်းမှာ သူတို့က ကိုယ့်ကို အများကြီး ထောက်ပံ့ပေးနိုင်ပါတယ်။

နောက်ဆုံး အကြံတစ်ခု ပေါ်လာတယ် . . .။ အပြစ်ရှိတယ်လို့ မခံစားပါနဲ့။ စိတ်မကောင်း မဖြစ်ပါနဲ့။ အကျင့်ပါနေတာတွေ လုပ်နေမိတဲ့အတွက် အပြစ်သားတစ်ယောက်လို မခံစားမိပါစေနဲ့။ အကျင့်ဆိုးတွေကို ပြဿနာလို့ မမြင်ပါနဲ့။ ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေလို့ ရှုမြင်လိုက်ပါ။

ယောဂီ။  ။ စိတ်ခံစားချက်တွေကို နာမည် မတပ်ရဘူး။ ဒါပေမယ့် ဒေါသဖြစ်တဲ့ အခါမှာ ဒေါသကို လျှော့လိုက်တယ်။ ပြီးရင် အဲဒီ ဒေါသကို ဘယ်လို လေ့လာစောင့်ကြည့်ရမှာလဲ။ ဒေါသစိတ် မဖြစ်တဲ့ အခါမှာ ဘယ်လို လေ့လာစောင့်ကြည့်ရမှာလဲ။

ဆရာကြီး။  ။ ဒေါသ ဖြစ်တယ် ဆိုပါစို့။ ဒေါသဟာ အားလုံးနဲ့ဆိုင်တဲ့ စိတ်ခံစားမှုပါ။ ဒေါသ မရှိတဲ့ အခါမှာ အခု ငါ စိတ်မဆိုးပါလားလို့သာ သိပါ။ စိတ်နဲ့ ပြန်စဉ်းစား ကြည့်နိုင်ပါတယ်။ ဒီနေ့ တစ်မနက်လုံး ငါ ဒေါသ မဖြစ်ဘူးလို့ ကြံသိနိုင်ပါတယ်။ တစ်နေ့ ကုန်တဲ့အခါမှာ ဒီနေ့ တစ်နေ့လုံး ငါ ဒေါသ ကင်းခဲ့တယ်လို့ သိမှတ်နိုင်ပါတယ်။ ကိုယ် လူကောင်းတစ်ယောက် ဖြစ်နေတာကို အံ့သြရနိုင်ပါတယ်။ ဒေါသနဲ့ ပတ်သက်လို့ အပြုသဘော ခံစားချက်တွေ ပိုပြီး ရှိလာနိုင်ပါတယ်။

ယောဂီ။  ။ ဒီလို ခံစားချက်နဲ့ ပတ်သက်လို့ ဘယ်လောက်ကြာကြာ တုံ့ပြန်မှု  ပေါ်လာနိုင်တာပါပဲ။ တစ်ချိန်ချိန်မှာ ဒေါသကို လျှော့ချနိုင်မယ်။ ခွင့်လွှတ်နိုင်မယ်။ နောက်တော့ ပေါ်လာပြန်တယ်။ ဒီတော့ ဘာလုပ်ရမလဲ။

ဆရာကြီး။  ။ ကောင်းတယ်။ ဒီ အတွေ့အကြုံကိုလည်း ကျွန်တော်တို့ နားလည်နိုင်ကြပါတယ်။ ဒီလို အခြေအနေမျိုးတွေမှာ ဘာလုပ်သင့်တယ်ဆိုတာကို အကြံပေးပါမယ်။ ပထမဆုံး အကြံပေးချင်တာက . . . မအံ့သြဖို့ ဖြစ်ပါတယ်။ ဒါဟာ စိတ်ခံစားမှုတွေရဲ့ သဘာဝပါ။ တစ်ခါတစ်ခါ ပေါ်မလာဘူး။ တစ်ခါတစ်ခါ ပေါ်လာပြန်တယ်။ သူတို့ ပေါ်လာတဲ့ အခါမှာ မအံ့သြပါနဲ့။ စိတ်ခံစားမှုတွေ ပြေပျောက်သွားတဲ့ အခါမှာ အားလုံး ပြီးသွားပြီလို့ ကောက်ချက်ချလိုက်ပါ။ စိတ်ခံစားမှု နောက်ထပ် ပြန်မဖြစ်ရဘူးလို့ မှတ်ချက်ချတာက ပြဿနာပါ။

ဒုတိယ အကြံပေးချင်တာက . . . စိတ်ခံစားမှု ဖြစ်ပေါ်လာရင် ကိုယ့်ဟာကိုယ် အနှုတ်လက္ခဏာ မထည့်လိုက်ဘဲ သတိထားမိလိုက်ဖို့၊ စောစောက ပြောခဲ့တဲ့ နည်းမျိုးစုံကို အသုံးပြုဖို့ ဖြစ်ပါတယ်။ ဒါ အရေးကြီးပါတယ်။

ဒီ ခံစားချက်တွေ နောက်ထပ် မဖြစ်ရဘူးလို့ မှတ်ချက်မချလိုက်ဖို့ အလေးအနက် ပြောချင်ပါတယ်။ ခံစားချက်တွေကို ကျေးဇူးတင်နိုင်ရဲ့လား၊ ခံစားချက်တွေ ပေါ်လာတာကို အခွင့်အရေးလို့ မြင်နိုင်ရဲ့လား၊ ခံစားချက်တွေကနေ လေ့လာသင်ယူနိုင်ရဲ့လား မြင်အောင် သုံးသပ်ကြည့်ပါ။ စောစောက ပြောခဲ့သလို ဒီလို စိတ်ခံစားချက်တွေ ရှိခြင်း မရှိခြင်းအတွက် ဘာမှ မထူးခြားတဲ့ အခြေအနေ ရောက်အောင် ကြိုးစားပါ။ ခံစားချက်တွေ ပြီးဆုံးသွားပြီလို့ မှတ်ချနိုင်တဲ့ အခြေအနေ ရောက်ဖို့ထက် ဘာမှ မထူးခြားတဲ့ အခြေအနေရောက်အောင် ကြိုးစားဖို့က ပိုပြီး အရေးကြီးပါတယ်။

ဗုဒ္ဓဒေသနာတော်အရ အရဟတ္တဖိုလ် ဆိုက်မှပဲ ဒီ စိတ်ခံစားချက်တွေ ရပ်စဲသွားပါတယ်။ မနေ့က ကျွန်တော် ပြောခဲ့သလို . . . ကျွန်တော်တို့ ဉာဏ်အလင်း မပေါက်သေးပေမယ့် ဉာဏ်အလင်းရဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။ ဆိုလိုတာက . . . ကျွန်တော့် ဟောပြောချက်တွေမှာ အလေးပေးချင်တာက ကျွန်တော်တို့ရဲ့ လူ့သဘာဝကို လက်ခံနိုင်အောင်၊ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို လက်ခံနိုင်အောင် လေ့ကျင့်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကျင့်စဉ်မှာ ဒါ အရေးကြီးပါတယ်။

မေးစရာ မရှိတော့ဘူးလား။ မေးခွန်းတွေ ပြဿနာတွေ အကုန်လုံး ပြေလည်သွားပြီလား။



:)
ရှင်အာစာရ

-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment