Friday, January 3, 2014

တရားမင်းသခင် - ၆၃။ ပစ္ဆိမ ၀န္ဒနာ




အိုမင်းရင့်ရော်နေပြီဖြစ်သော ဘဒ္ဒကဉ္စနာ ရဟန္တာထေရီမကြီး ပရိနိဗ္ဗာန် မ၀င်စံမီ ဘုရားရှင်ကို နောက်ဆုံးဖူးတွေရန် လာနေသည်ဟု ကြားလိုက်ရသော ရှင်အာနန္ဒာသည် အနည်းငယ် တုန်လှုပ်ခြောက်ချားသွား၏။ ဘဒ္ဒကဉ္စနာ ရဟန္တာထေရီမကြီး ဘ၀အဆက်ဆက် သံသရာ အဆက်ဆက်တို့၌ ဘုရားရှင်၏ ပါရမီဖြည့်ဘက် ဖြစ်ခဲ့သည်ကို ရှင်အာနန္ဒာ ကောင်းကောင်းကြီး သိထား၏။ ပါရမီဖြည့်ဘက် သူမြတ်နှစ်ဦးတို့၏ နောက်ဆုံးခွဲခွာချိန် မည်သို့မည်ပုံ ရှိလိမ့်မည်ကို ရှင်အာနန္ဒာ မမှန်းဆတတ်အောင် ဖြစ်နေ၏။ အာသဝေါ ကုန်ခန်းသည့် ရဟန္တာပင် ဖြစ်သော်လည်း မြတ်စွာဘုရား၏ ရှေ့တော်မှောက် ဘဒ္ဒကဉ္စနာ ထေရီမကြီး မျက်ရည်ဝဲလေမည်လား။ ၀မ်းနည်းပက်လက်နှင့် ခြုံးပွဲချ ငိုလေမည်လား။ ရဟန္တာ ထေရီမကြီးသည် လမ်းလျှောက်တောင်ဝှေးကို မြဲမြံစွာ ဆုပ်ကိုင်ထောက်မှီလျက် ဘုရားရှင်၏ ထံတော်မှောက်သို့ ရောက်ရှိလာ၏။ ထုံးစံအတိုင်း အပြုံးပန်းများ ဝေေ၀ဆာဆာ ပန်ဆင်ထား၏။ ထေရီမကြီးသည် ဘုရားရှင်ကို ဦးညွတ်၍ အရိုအသေ ပေးလိုက်ပြီးနောက် ဘုရားရှင်၏ အနီးအပါး၌ ဒူးထောက်၍ ထိုင်လိုက်သည်။ တိတ်ဆိတ်စွာ ထိုင်နေရင်း လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးခြင်းသည်ပင်လျှင် ထေရီမကြီး၏ နှုတ်ဆက်မှု ဖြစ်၏။ ထေရီမကြီး၏ မျက်လုံးတို့၌ မျက်ရည် ၀ဲစို့ခြင်း မရှိပေ။ ပုံမှန်အသက်ရှုနေသည်မှ အပ ထေရီးမကြီးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ ထေရီမကြီး၌ ၀မ်းနည်းခြင်း အရိပ်အရောင် မတွေ့ရပေ။

ဘုရားရှင်သည် တည်ငြိမ်လေးနက်သည့် အသံတော်ဖြင့် ဘဒ္ဒကဉ္စနာ ထေရီမကြီးကို မိန့်တော်မူလိုက်၏။


“ဘဒ္ဒ . . . အခု ဘာဖြစ်လို့ လာတယ်ဆိုတာ ငါ သိတယ်။ ဘဒ္ဒဟာ မွေးသေသံသရာမှာ မသေလမ်းကို သိထားသူပဲ။ သောကမျိုးစုံက ကင်းလွတ်သူပဲ။ ဘဒ္ဒမှာ အနှောင်အတွယ် အစွဲအလမ်း မရှိတဲ့အတွက် ခွဲခွာကွေကွင်းရပေမယ့် ၀မ်းမနည်းတော့ဘူး။ မကြေကွဲတော့ဘူး။ လောကမှာ ဘုရားတစ်ဆူ ပွင့်ထွန်းလာဖို့ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ ဘဒ္ဒ ဖြည့်ဆည်းခဲ့ ပါရမီတွေ၊ ဘဒ္ဒ ပေးခဲ့တဲ့ အကူအညီတွေဟာ သတ္တ၀ါတွေ တည်ငြိမ်အေးချမ်းစွာ ပျော်ရွှင်နိုင်ကြဖို့ပဲ။ ဘဒ္ဒရဲ့ ဂုဏ်ကျေးဇူးတွေဟာ ဘုရားသာသနာ တည်နေသမျှ ကာလပတ်လုံး ဂုဏ်ယူ အသိအမှတ်ပြုစရာ၊ ကြည်ညိုလေးမြတ် ပူဇော်စရာ ဖြစ်နေမှာပါ။”

“မြတ်စွာဘုရား . . . သတ္တ၀ါတွေရဲ့ အစီးအပွားကို ဆက်လက်ပြီး ရွက်ဆောင်နိုင်ပါစေ ဘုရား။ တပည့်တော် . . . အိုပါပြီ။ တုန်တုန်ခိုက်ခိုက် ဖြစ်နေပါပြီ။ တပည့်တော်ရဲ့ ခန္ဓာဝန်ကို ဆက်ပြီး ဆောင်မထားနိုင်တော့ပါ ဘုရား။ တပည့်တော်ကို သွားခွင့်ပြုပါ မြတ်စွာဘုရား . . .။ ဘုရားရှင်ကို နောက်ဆုံးပူဇော် ဦးခိုက်ဖို့ တပည့်တော် လာခဲ့တာပါ ဘုရား။”။

ရဟန္တာ ထေရီမကြီး မျက်ရည်လည်း မ၀ဲ၊ အသံလည်း မတုန်၊ မျက်နှာထားလည်း မပျက်သော်လည်း အနီးအပါး၌ ရပ်နေသည့် ရှင်အာနန္ဒာ၏ မျက်လုံးများထဲ၌ မျက်ရည်များ ပြည့်လာ၏။ ရှင်အာနန္ဒာသည် ထေရီမကြီးနှင့် ဘုရားရှင်တို့ကို ဆက်လက်၍ ကြည့်ရှုနေခြင်းငှာ မစွမ်းနိုင်သောကြောင့် မျက်နှာလွှဲကာ ခေါင်းငုံ့နေ၏။ ရှင်အာနန္ဒာ မြေပြင်ကို ငေးမောကြည့်ရှုနေစဉ် ဘုရားရှင်သည် ထေရီမကြီးကို မိန့်တော်မူ၏။

“ဘဒ္ဒ . . . ငါလည်း မကြာခင်မှာ ပရိနိဗ္ဗာန် ၀င်စံတော့မယ်။ ဘုရားရှင်တို့တောင်မှ လောကရဲ့ ဖြစ်မြဲတံထွာ ဓမ္မတာကှို ပြောင်းလဲမပစ်နိုင်ဘူး။ ဘုရာရှင်တို့ဟာ လောကသဘာဝကို နားလည်ဖို့နဲ့ လောကက လွတ်မြောက်ရာ လမ်းကို ဖော်ထုတ်ဖို့ပဲ စွမ်းနိုင်ကြတယ်။ ငါလည်း အိုရ နာရ သေရမှာပဲ။ အခု ငါ အိုနေပြီ။ ငါ့ခန္ဓာမှာ အရေတွေ တွန့်နေပြီ။ ဒါပေမယ့် ငါ့ခန္ဓာကိုယ်ထဲမှာ အင်အား အကြွင်းအကျန် ရှိနေသေးသ၍ လောကသားတွေကို ငါ အလုပ်အကျွေး ပြုမယ်။ ဘဒ္ဒ . . . မတ်တတ်ရပ်ပါ။ သွားဖို့ ငါ ခွင့်ပြုတယ်။”

ရဟန္တာ အရှင်မ ဘဒ္ဒကဉ္စနာသည် သူ့တောင်ဝှေးကို လက်ျာလက်နှင့် ကောက်ယူလိုက်၏။ မြေပြင်ပေါ် တောင်ဝှေးထောက်လျက် လက်ဝဲလက်ဖြင့် ဒူးပေါ်ဖိထောက်ရင်း မတ်တတ်ရပ်လိုက်သည်။ အတန်ငယ်ကြာအောင် ဘုရားရှင်၏ မျက်နှာတော်ကို ငေးမောဖူးမြင်ပြီးနောက် ပြုံးလျက်သားနှင့် ထွက်ခွာသွား၏။ ထေရီမကြီး၏ တောင်ဝှေးထောက်သံ တဒေါက်ဒေါက် ကြားရလိုက်ရသောအခါ ရှင်အာနန္ဒာ ခေါင်းထောင်လာ၏။

“အာနန္ဒာရဲ့ မျက်ရည်တွေကို ငါ မြင်လိုက်တယ်”ဟု ဘုရားရှင် မိန့်တော်မူ၏။

“မှန်ပါတယ် မြတ်စွာဘုရား . . .။ အရှင်ဘုရားနဲ့ ထေရီမကြီးတို့ မျက်ရည်မကျဘဲ၊ သက်ပြင်းတောင် မချဘဲ အလွန်အမင်း ကြေကွဲဖွယ်ကောင်းတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ကြပုံကို တပည့်တော် မျက်ဝါးထင်ထင် မြင်လိုက်ရပါတယ် ဘုရား။ ချီးကျူးစရာ အံ့သြစရာ ကောင်းလိုက်တာ မြတ်စွာဘုရား . . .။”

“အာနန္ဒာ . . . ငါတို့ကြားမှာ သံယောဇဉ် အနှောင်အဖွဲ့ မရှိဘူး။ ငါတို့မှာ မျှဝေခံစားစရာလည်း မရှိဘူး။ ဒါ့ကြောင့် ငါတို့ ခွဲခွာကြရပေမယ့် မနာကြင်ဘူး။ အာနန္ဒာ . . . ဒါကို နားလည်နိုင်မှာ မဟုတ်ဘူး။ အာနန္ဒာအနေနဲ့ တစ်ခြားအရာတွေကို မတွယ်တာပေမယ့် ဆရာသခင် ဘုရားရှင်ကိုတော့ တွယ်တာနေသေးတယ်။ ငါ့ကို ချစ်ခင်တွယ်တာ နေခြင်းဟာ အာနန္ဒာ တရားထူးရဖို့ အနှောင့်အယှက် အတားအဆီး ဖြစ်နေတယ်။ အာနန္ဒာ . . . ဆရာသခင် ဘုရားရှင်ဟာ ၀ိမုတ္တိလမ်းကိုပဲ ညွှန်ပြနိုင်တယ်။ မဂ်ဖိုလ်နိဗ္ဗာန် ဆိုက်ရောက်အောင် တိုက်ရိုက်ကြီး လုပ်မပေးနိုင်ဘူး။ ကိလေသာ အားလုံးကို အာနန္ဒာ ကိုယ်တိုင်ပဲ ဖျက်ဆီးပယ်ရှား ရမယ်။ ကိုယ့်ရဲ့ ၀ိမုတ္တိကို ကိုယ့်ဟာကိုယ်ပဲ ရှာရတဲ့အတွက် ငါ ပရိနိဗ္ဗာန် ၀င်စံတဲ့အခါကျရင် အရဟတ္တဖိုလ်ထိ ဆိုက်ရောက်နိုင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းပါ။”

“မြတ်စွာဘုရား . . . မကြာခင် ပရိနိဗ္ဗာန် ၀င်စံတော့မှာလား ဘုရား။”

“ဟုတ်တယ် အာနန္ဒာ။ ငါ့ရဲ့ အဂ္ဂသာဝကကြီးတွေ ဖြစ်ကြတဲ့ သာရိပုတ္တရာနဲ့ မောဂ္ဂလာန်တို့ ပရိနိဗ္ဗာန် ၀င်စံသွားကြပြီ။ အနာထပိဏ်၊ ကောသလမင်း၊ မလ္လိကာနဲ့ ၀ိသာခါတို့ အပါအ၀င် ငါ့ကို ကိုးကွယ်ဆည်းကပ် ကြည်ညိုကြတဲ့ ဒကာဒကာမတွေလည်း မရှိကြတော့ဘူး။ နှစ်နှစ်အတွင်းမှာ ငါဘုရား ပရိနိဗ္ဗာန် ၀င်စံတော့မယ်။”

“ကမ္ဘာလောကအပေါ်မှာ သနားကရုဏာ ထားသောအားဖြင့် အရှင်ဘုရား ဒီထက်မက အသက်ရှည်ရှည် နေတော်မူလိမ့်မယ်လို့ တပည့်တော် ထင်ခဲ့တာ ဘုရား။ မြတ်စွာဘုရား . . . ဒီလောကဟာ အရှင်ဘုရားကို လိုအပ်နေပါသေးတယ် ဘုရား။ အရှင်ဘုရားဟာ ကြီးကျယ်မြင့်မြတ်သူပါ . . . ပုဂ္ဂိုလ်ထူးပါ . . .။ အရှင်ဘုရား အလိုရှိသလောက် အသက်ရှင် နေနိုင်တယ်ဆိုတာကို တပည့်တော် သိပါတယ် ဘုရား။ မြတ်စွာဘုရား . . . ပရိနိဗ္ဗာန် ၀င်စံတော်မမူပါနဲ့ဦး ဘုရား။ နောက်ထပ် နှစ်ပေါင်းတစ်သောင်းအထိ နေတော်မူပါဦး ဘုရား။”

“အာနန္ဒာ . . . ငါ့ခန္ဓာကို တည်မြဲတဲ့ နိစ္စလို့ ထင်နေသလား။ ငါ အိုနေလှပြီ။ ငါ့ခန္ဓာကိုယ်ဟာ လှည်းအိုကြီးလို ဖြစ်နေပြီ။ အာနန္ဒာ . . . စိုးရိမ်ပူဆွေး မနေပါနဲ့။ ငါ မရှိတော့ပေမယ့် လောကမှာ သစ္စာပန်းတွေ ဆက်လက်ပွင့်လန်းနိုင်ဖို့ ငါ့ဒေသနာတော်တွေက အမြိုက်ရေစင် သွန်းဖျန်းပေးပါလိမ့်မယ်။ ငါ ပရိနိဗ္ဗာန် ၀င်စံရင် ငါ ဟောခဲ့တဲ့ ဓမ္မနဲ့ဝိနယဟာ ငါ့ရဲ့ တပည့် သာဝကတွေကို ဦးဆောင်လမ်းပြ လုပ်ပေးပါလိမ့်မယ်။ ဟောစရာရှိတဲ့ တရားအားလုံးကို ငါ ဟောထားပြီးပြီ။ ဆရာစား ချန်ထားတဲ့ တရားရယ်လို့ မရှိဘူး။ သံသရာထဲက ဒုက္ခသစ္စာကို သိမြင်ပြီး ဒုက္ခလွတ်ရာ ရောက်ချင်သူတွေအတွက် ဒုက္ခလွတ်လမ်း မဂ္ဂသစ္စာကို ငါ ထုတ်ဖော် ဟောကြားပြီးပြီ။ သံသရာကို မကူးမြောက်နိုင်သေးဘဲ ဆက်လက် ရှင်သန်ချင်သူတွေအတွက် မြင့်မြတ်တဲ့ အသက်ရှင်နည်းကို ငါ ညွှန်ပြပြီးပြီ။ ဇမ္ဗူဒိပ် တစ်ဝှန်းလုံး တစ်ရွာပြီး တစ်ရွာ၊ တစ်မြို့ပြီး တစ်မြို့၊ နေပြည်တော် တစ်ခုပြီး တစ်ခု ခြေလျင် လှည့်လည်ပြီး ငါ တရားဟောလာတာ လေးဆယ့်သုံးနှစ် ရှိခဲ့ပြီ။ အခု ငါ အားအင် ချိနဲ့နေပြီ။ အရင်လို မလျှောက်လှမ်းနိုင်တော့ဘူး။ ငါ ဘုဉ်းပေးတဲ့ အစားအစာလည်း အရင်လို မကြေလွယ်တော့ဘူး။ ဆောင်းတွင်းမှာ အအေးပြင်းထန်ပြီဆိုရင် ငါ ခိုက်ခိုက်တုန်နေတယ်။ အအေးဒဏ်ကို မခံနိုင်တော့ဘူး။”

ဤသို့ ဘုရားရှင် မိန့်တော်မူနေစဉ် ရေးကြီးသုတ်ပြာနှင့် ရှင်ဥဒါယီ ရောက်ရှိလာပြီး ဘုရားရှင်ကို အရိုအသေပြု ရှိခိုးပြီးနောက် လျှောက်တင်၏။

“မြတ်စွာဘုရား . . . ဒီနေရာကနေ သိပ်မဝေးတဲ့ လမ်းဘေးတစ်နေရာမှာ ဒေ၀ဒတ်ရဟန်း သေဆုံးနေပါတယ် ဘုရား။ သူ့အလောင်းဘေး လာရပ်တဲ့လူတွေဟာ သူလုပ်ခဲ့တဲ့ မကောင်းမှုတွေကိုပဲ ပြောနေကြပါတယ် ဘုရား။ ဘယ်သူမှ သူ့အပေါ် ကရုဏာသက်တဲ့စကား မပြောကြပါ ဘုရား။ သူ့အလောင်းဘေးမှာ ဝေါယာဉ်တစ်ခု ရှိပါတယ် ဘုရား။ သူ့တပည့် နှစ်ပါးကတော့ ခိုကိုးရာမဲ့ ဖြစ်နေပြီး မြေကြီးပေါ် ထိုင်ငေးနေကြပါတယ် ဘုရား။”

ရှင်ဥဒါယီ လျှောက်ထားသည့် သတင်းစကား ကြားရသော ဘုရားရှင်သည် အတန်ငယ်ကြာအောင် နှုတ်ဆိတ်နေတော်မူ၏။ ထို့နောက် ရှင်ဥဒါယီကို ကြည့်၍ မိန့်တော်မူ၏။

“ဥဒါယီ . . . ဒေ၀ဒတ်ဟာ ငါ့ကို တွေ့ချင်လို့ ရာဇဂြိုဟ်က လာခဲ့တာပဲ။ ငါ့ကို တောင်းပန်ဖို့ လာခဲ့တာပဲ။ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ သူ့ရောဂါ အခြေအနေ ဆိုးဝါးလာပြီး အားအင်ချိနဲ့နေလို့ ငါ့ဆီရောက်အောင် မလာနိုင်ခဲ့ဘူး။ သူ့ရဲ့ စည်းမဲ့ကမ်းမဲ့နဲ့ လူသားဆန်ဆန် မောက်မာတဲ့ သဘာဝကို ငါ သနားကရုဏာ သက်မိတယ်။ ခေါင်းမာမာနဲ့ စိတ်ကြီးဝင်နေတဲ့ ဒေ၀ဒတ်ဟာ မမာမကျန်းနဲ့ လဲပြိုကျပြီး ခိုးကိုးရာမဲ့ ဖြစ်တော့မှပဲ မာန်ကျသွားတယ်။”

“သူ့ဘ၀နဲ့သူ သူပြုခဲ့သမျှ သူပေးဆပ်လိုက်ရတာပါပဲ မြတ်စွာဘုရား။ ဘယ်သူမှ သူ့ကို မသနားကြပါဘူး . . .။ သူ့လို သိမ်သိမ်ငယ်ငယ် ဆင်းဆင်းရဲရဲ သေးဆုံးရတဲ့ တိရစ္ဆာန်ကိုတောင် တပည့်တော် မတွေ့ဖူးပါ ဘုရား”ဟု ရှင်ဥဒါယီက လျှောက်ထား၏။

“ဒါပေမယ့် ငါကတော့ သူ့ကို သနားတယ်။ သူ့အပေါ် ကရုဏာ သက်မိတယ်။ သူ အသည်းအသန် ဖြစ်နေတဲ့အခါကျတော့ သူ ကျူးလွန်ထားတဲ့ မကောင်းမှုတွေရဲ့ အကျိုးဆက်ကို နားလည်သွားတယ်။ သူ နောင်တရပြီး ငါ့ကို ကိုးကွယ်ဆည်းကပ်ဖို့ သူ လာခဲ့တယ်။ သူ့ကို ကယ်တင်ဖို့ ငါ သူ့ဆီ အရောက်သွားနိုင်ခဲ့ရင် ကောင်းမယ်။ အာနန္ဒာ . . . နောက်ဆုံးအနေနဲ့ ငါ့ရဲ့ ကယ်မမှုကို လိုလားတောင့်တပြီး ငါ့ဆီ လာခဲ့တဲ့ သနားစရာ့ သတ္တ၀ါ ဒေ၀ဒတ်ရဲ့ အလောင်းကို ငါ ကြည့်ချင်တယ်။ အလောင်းရှိတဲ့ နေရာကို ငါ သွားမယ်”ဟု ဘုရားရှင် မိန့်တော်မူ၏။

“မြတ်စွာဘုရား . . . ဒေ၀ဒတ် အတွက်နဲ့ ခန္ဓာကို အပင်ပန်း မခံပါနဲ့ ဘုရား။ လုပ်သင့်လုပ်ထိုက်တာ လုပ်ရအောင် တပည့်တော်ပဲ သွားကြည့်လိုက်ပါမယ် ဘုရား”ဟု ရှင်အာနန္ဒာက လျှောက်ထား၏။

“မဟုတ်သေးဘူး အာနန္ဒာ။ ငါကိုယ်တိုင် သွားရမယ်။”

ဘုရားရှင်သည် နေရာမှ ထရန် ပြင်လိုက်ပြီးမှ ပြန်၍ ထိုင်တော်မူလိုက်၏။ ညာဘက်ခြေတော်ကို ကြည့်တော်မူလိုက်ပြီး ခြေကို ဆန့်ထုတ်တော်မူလိုက်၏။ အဘယ့်ကြောင့် ဘုရားရှင် မတ်တတ် ရပ်တော်မမူနိုင်သည်ကို ရှင်အာနန္ဒာ နားလည်သဘောပေါက်လိုက်၏။ ရှင်အာနန္ဒာသည် ဘုရားရှင်၏ ရှေ့တော်မှောက်၌ ဒူးထောက်ထိုင်လိုက်ပြီး ဘုရားရှင်၏ ခြေတော်ကို ရင်မှာပိုက်လျက် ညင်ညင်သာသာ ဖိနှိပ်ပေးနေ၏။

ဘုရားရှင်၏ ခြေတော်ကို ရှင်အာနန္ဒာ နှိပ်နယ်ပေးနေစဉ် ဘုရားရှင်သည် သိမ်မွေ့သော အသံဖြင့် မိန့်တော်မူ၏။

“အာနန္ဒာ . . . ငါ အိုပြီ ချိနဲ့နေပြီလို့ ငါ မပြောဘူးလား။ ငါ့ရဲ့ သွေးလည်ပတ်မှု မမှန်တော့ဘူး။ ငါ့ရဲ့ ခြေတွေ လက်တွေ လေးလံနေပြီ။ ငါ့အခြေအနေ ဒီလို ဖြစ်နေတာတောင်မှ နောက်ထပ် အနှစ်တစ်သောင်း နေဖို့ အာနန္ဒာက ငါ့ကို ပြောသေးတယ်။”

ရှင်အာနန္ဒာသည် ဘုရားရှင်၏ ခြေတော်ကို ဆုပ်နယ်ပေးနေရင်း ဘုရားရှင်၏ ခြေဖ၀ါးတော်ကို မြင်လိုက်၏။ ဇမ္ဗူဒိပ် တစ်ဝှန်းလုံး တစ်ရွာပြီး တစ်ရွာ၊ တစ်မြို့ပြီး တစ်မြို့၊ နေပြည်တော် တစ်ခုပြီး တစ်ခု လှည့်လည်၍ ယူဇနာပေါင်း ထောင်ချီ၍ ဒေသစာရီ ကြွချီတော်မူခဲ့သော ဘုရားရှင်၏ ခြေဖ၀ါးတော်တို့ နုနုဖတ်ဖတ် ဖြူဖြူဖွေးဖွေး ရှိနေသည်ကို သတိထားမိလိုက်၏။ ခြေဖ၀ါးတော် အပြင်တို့၌ ခြေဖမိုးသားကဲ့သို့ နူးညံ့နေသည့် အကွက်အပေါက် ဒဏ်ရာတို့ကို တွေ့လိုက်ရ၏။                                                                                         

“မြတ်စွာဘုရား . . . တပည့်တော် နားလည်ပါပြီ ဘုရား။ အရှင်ဘုရား အားအင်ကုန်ခန်း ချိနဲ့နေပြီ ဆိုတာ သိပါပြီ ဘုရား”ဟု ရှင်အာနန္ဒာက ၀မ်းနည်း ကြေကွဲစွာ လျှောက်ထား၏။

“အာနန္ဒာ . . . ငါ ချိနဲ့နေတာ မှန်တယ်။ ဒါပေမယ့် ပြတ်သားတဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ သွားတယ်ဆိုရင် ယူဇနာတွေ ထောင်ချီပြီး ငါ သွားနိုင်သေးတယ်။ ငါ့ ခန္ဓာကိုယ်ထဲမှာ အားအင်တွေ လုံးလုံးလျားလျား ကုန်ခန်းသွားတဲ့အထိ ငါ့အသက်နဲ့ ငါ့ခန္ဓာကို စတေးပြီး သတ္တ၀ါတွေကို ငါ ကောင်းကျိုးပြုမယ်”ဟု ဘုရားရှင်က မိန့်တော်မူလေ၏။

(တရားမင်းသခင် ပြီး၏။)

:)

ရှင်အာစာရ
18Mar12 (5.57PM)
Sitaramsi, Myoma Shwegu, Monywa

-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment