Saturday, August 10, 2013

တရားမင်းသခင် - ၆၀။ အဇာတသတ် ချွတ်ခန်း



ညနေချမ်း အချိန်ဖြစ်သည်။ ဝေဠုဝန် ကျောင်းတော်အနီးရှိ သူ၏ သရက်ဥယျာဉ်၌ ဘုရားရှင်နှင့် သံဃာတော်များအတွက် ကျောင်းဆောက်လုပ်၍ လှူဒါန်းခဲ့သူ ကျောင်းဒါယကာ သူတော်စင် သမားတော်ကြီး ဇီဝကသည် အဇာတသတ်မင်းကို ဘုရားရှင်ထံသို့ ပို့ပေးနေ၏။ သမားတော် ဇီဝကနှင့် အဇာတသတ်မင်းတို့သည် ကျောင်းတော်၏ အနီးသို့ ရောက်သောအခါ  ယာဉ်မှဆင်း၍ ခြေလျင်လျှောက်ကြ၏။ လမ်းလျှောက်နေစဉ် အဇာတသတ်မင်း ရင်တထိတ်ထိတ် တုန်နေ၏။ အဇာတသတ်မင်းသည် သန်လျက်ကို ကိုင်စွဲလျက် သတိကြီးစွာထား၍ လျှောက်လှမ်းနေ၏။ လေအေးတစ်ချက် ရုတ်တရက် သုတ်ဖျန်းလိုက်ရာ သစ်ကိုင်းခြောက်တစ်ခု ထောက်ခနဲ ကျိုးသွားပြီး မြေပေါ်သို့ ကျ၏။ သစ်ကိုင်းခြောက် ကျိုးကျသံကြောင့် ထိတ်လန့်သွားသူ အဇာတသတ်မင်းသည် သန်လျက်ကို ဆွဲထုတ်လိုက်ပြီး ကိုယ်ရံတော် စစ်သားတို့ကို ဟစ်အော်၍ သတိပေး၏။

“ကြည့်ကြစမ်း။ သတိထားကြ။ ဘာလဲ။ ဘာအန္တရာယ်လဲ။”

“အရှင်မင်းကြီး . . . ဘာမှ ထိတ်လန့်ကြောက်ရွံ့စရာ မရှိပါ ဘုရား။ သစ်ပင်ပေါ်က သစ်ကိုင်းခြောက် ကျိုးကျတာပါ ဘုရား”ဟု သမားတော် ဇီဝကက အဇာတသတ်မင်းကို အားပေး၏။

အကြောက်ကြီးမိသည့် အတွက်ကြောင့် အဇာတသတ်မင်း ရှက်ရွံ့သွား၏။ သို့သော် စိုးရိမ်စိတ်ဖြင့် သတိထား၍သာ ဆက်လက် လျှောက်လှမ်းနေ၏။ စင်္ကြံကြွတော်မူနေသည့် ဘုရားရှင်ကို အဇာတသတ်မင်း လှမ်း၍ မြင်လိုက်ရသည်။ ထိုအခါ အဇာတသတ်မင်းသည် ရှင်ဒေ၀ဒတ် လှုံ့ဆော်သွေးထိုးတိုင်း ဘုရားရှင်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် သူ၏ မကောင်းမှုများကို သတိရလိုက်သောကြောင့် ဆက်လက်၍ မလျှောက်လှမ်းနိုင်တော့ဘဲ ရပ်တန့်လိုက်၏။ သန်လျက်ကို အအိမ်သို့ ပြန်သွင်းလိုက်ပြီး မြေပြင်ကို ငေးစိုက်၍ ကြည့်နေ၏။ ဘုရားရှင်သည် အဇာတသတ်မင်း၏ စိတ်ကို သိသည်ဖြစ်၍ နှုတ်ဆက်စကား မိန့်ကြားတော်မူ၏။

“မင်းကြီး . . . ကျန်းမာချမ်းသာပါစေ။ ကျန်းခန့်သာလို့ မာပါရဲ့လား။”

“ဘယ်လိုပျော်ရွှင်မှုမျိုးလဲ မြတ်စွာဘုရား . . .။ တပည့်တော်မှာ ကြောက်ကြောက်လန့်လန့်နဲ့ အသက်ရှင်နေရပါတယ် . . .။ ဆင်းရဲဒုက္ခနဲ့ . . . စိုးရိမ်သောကနဲ့ အသက်ရှင်နေရပါတယ် ဘုရား။”

“မင်းကြီး . . . မင်းကြီးက ကောသလမင်း ဥဒေနမင်းတို့ထက် ဘုန်းတန်ခိုးသြဇာ ကြီးမြတ်ပါတယ်။ မင်းကြီးဟာ ဇမ္ဗူဒိပ် တစ်ဝှန်းလုံးမှာ အာဏာအရှိန်အစော် အကြီးမားဆုံး ဖြစ်ပါတယ်။ မင်းကြီးက ဘယ်သူ့ကို ကြောက်ရမှာလဲ။ ဘာတွေ ဒုက္ခရောက်နေတာလဲ။”

“မြတ်စွာဘုရား . . . တပည့်တော်မှာ ရန်သူတွေ ၀ိုင်းဝိုင်းလည်နေပါတယ် ဘုရား။ ရန်သူတွေဟာ တပည့်တော်ရဲ့ နောက်ကနေ တိတ်တဆိတ် လိုက်ပါနေကြပါတယ် ဘုရား။ တပည့်တော်မှာ ပန်းပွင့်ဖတ်တစ်ခု ကြွေကျသံ ကြားရရင်တောင်မှ ထိတ်လန့်နေရပါတယ် ဘုရား။ မြတ်စွာဘုရား . . . တပည့်တော်ရဲ့ ဒုက္ခ တပည့်တော်ရဲ့ ပြဿနာတွေကို ဒေ၀ဒတ်ရဟန်း ဖန်းတီးခဲ့တာပါ ဘုရား။ သူက တပည့်တော်ကို အကုသိုလ်မှုတွေ ကျူးလွန်မိအောင် လှုံ့ဆော် တိုက်တွန်းခဲ့တာပါ ဘုရား။ သူတိုက်တွန်းတဲ့ အတွက်ကြောင့် ခမည်းတော်ကြီးကို လူမဆန်တဲ့ ရက်စက်နည်းတွေနဲ့ ညှင်းဆဲနှိပ်စက်ပြီး သတ်မိခဲ့ပါတယ် ဘုရား။ ခမည်းတော် နတ်ရွာစံတော့ မယ်တော်လည်း ဘာမှ မစားမသောက်တော့ဘဲ သူ့ကိုယ်သူ သေကြောင်းကြံသွားခဲ့ပါတယ် ဘုရား။ ဦးရီးတော် ကောသလမင်းဟာ တပည့်တော်နဲ့ စစ်တိုက်ဖို့ ပြင်ဆင်နေပါပြီ ဘုရား။

မောင်းမဆောင်တွေ သွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ လွှတ်တော် တက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အိပ်ယာဝင်တဲ့ အခါမှာပဲဖြစ်ဖြစ် တပည့်တော် ကျူးလွန်းထားတဲ့ ပြစ်မှုတွေကို မေ့လို့ မရနိုင်အောင် ဖြစ်နေပါတယ် ဘုရား။ မကောင်းမှုတွေကို အိပ်မက်တွေထဲမှာတောင် သတိရနေပါတယ် ဘုရား။ တပည့်တော် . . . အေးအေးလူလူ အနားမယူနိုင်ပါ ဘုရား။ အိပ်လို့လည်း မပျော်၊ စားလို့လည်း မ၀င် ဖြစ်နေပါတယ် ဘုရား။ တပည့်တော်ရဲ့ ဘ၀ဟာ ဆင်းရဲဒုက္ခ အတုံးအခဲကြီး၊ စိုးရိမ်သောက အထုပ်အပိုးကြီး ဖြစ်နေပါတယ် ဘုရား။

တပည့်တော်ကို ခွင့်လွှတ်တော်မူပါ မြတ်စွာဘုရား . . .။ ဒေ၀ဒတ် ရဟန်းက အရှင်ဘုရားကို သတ်ဖြတ်ဖို့ ကြံစည်တဲ့ နေရာမှာ တပည့်တော်ကိုပါ ပါဝင်ပတ်သက်ခိုင်းပါတယ် ဘုရား။ အရှင်ဘုရားကို ပစ်သတ်မယ့် လေးသည်တော်တွေ . . . တပည့်တော်ဆီက တောင်းယူခဲ့ပါတယ် ဘုရား။ အရှင်ဘုရားကို တိုက်ခိုက်သတ်ဖြတ်ဖို့ နာဠာဂိရိ ဆင်ကိုလည်း ပေးခဲ့ရပါတယ် ဘုရား။ အရှင်ဘုရားဆီ တရားနာ သွားကြသူတွေကို လမ်းကနေ ကြိုပြီး အကြမ်းဖက် တိုက်ခိုက်ဖို့ တပည့်တော်ရဲ့ အမှုထမ်းတွေကိုလည်း ပေးလိုက်ရပါတယ် ဘုရား။ မြတ်စွာဘုရား . . . တပည့်တော်ရဲ့ ဘ၀အဦးပိုင်းဟာ အမှားတွေ ပြစ်မှုတွေနဲ့ ပြည့်နှက်နေပါတယ် ဘုရား။ အပြစ်မကင်းတဲ့ အတိတ်ကြောင့် ပစ္စုပ္ပန်မှာ ညှိုးနွမ်းပူဆာနေရပါတယ် ဘုရား။ စိုးရိမ်ခြင်း ဆင်းရဲခြင်း ကြောက်လန့်ခြင်းတွေနဲ့ ၀န်ပိနေတဲ့ အနာဂတ်ကို ဘယ်လို ရင်ဆိုင်ရမှာလဲ မြတ်စွာဘုရား . . .။ တပည့်တော်ရဲ့ ဦးနှောက်ကို ခွဲစိတ်ပြီး မှတ်ဉာဏ်မှာ တင်ကျန်နေတဲ့ အတိတ်က အဖြစ်အပျက်တွေကို ပယ်ဖျက်ပေးဖို့ သမားတော် ဇီဝကကို တပည့်တော် တောင်းပန်ခဲ့ပါတယ် ဘုရား။ အရှင်ဘုရားက အဲဒီလို မခွဲမစိတ်ဘဲ ကုသပေးနိုင်တယ်လို့ ဇီဝကက ပြောပါတယ် ဘုရား။ တပည့်တော်ကို ကယ်တော်မူပါ ဘုရား။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရတဲ့ တပည့်တော်ကို ကူကယ်တော်မူပါ ဘုရား”ဟု အဇာတသတ်မင်းက ဘုရားရှင်ကို တောင်းပန်လျှောက်ထား၏။

“မင်းကြီး . . . ဒေ၀ဒတ် ရဟန်းနဲ့ အဆက်အဆံ အပေါင်းအသင်း လုပ်နေတုန်းပဲလား”ဟု ဘုရားရှင်က မေးတော်မူ၏။

“မြတ်စွာဘုရား . . . တပည့်တော် . . . သူနဲ့ အဆက်အသွယ် ဖြတ်ထားလိုက်ပါပြီ ဘုရား။”

“မင်းကြီး . . . မင်းကြီးအနေနဲ့ . . . ခမည်းတော်ကြီးကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တုန်းက သနားကရုဏာ ကင်းမဲ့ခဲ့တယ်။ စိတ်ဓာတ်တက်ကြွပြီး ရဲရဲရင့်ရင့်နဲ့ နောင်တလည်း ကင်းခဲ့တယ်။ မင်းကြီးဟာ မိစ္ဆာအကြံနဲ့ မိစ္ဆာလမ်းပေါ် တွန်းပို့တာ ခံခဲ့ရတယ်။ အာဏာကို မက်မောခဲ့တယ်။ အခုတော့ မင်းကြီး တကယ့်ကို နောင်တရနေပြီ။ မင်းကြီး လမ်းမှန်ဆီ ဦးတည်နေပြီ ဆိုတာကို ငါ သိတယ်။ ကောင်းမြတ်ပါပေတယ်။ နောင်အနာဂတ်မှာ အကုသိုလ်မှုတွေ ကျူးလွန်မှာ မဟုတ်တော့ဘူး။ အကုသိုလ်တွေ အများကြီး ကျူးလွန်ခဲ့တဲ့ မင်းကြီးဟာ ဒီနေ့က စပြီး ကုသိုလ်ကောင်းမှုတွေ အများကြီး ပြုလုပ်ပေးရမယ်။ အကုသိုလ်မှု မှန်သမျှကို ရှောင်ကြဉ်ပြီး ကုသိုလ်ကောင်းမှုတွေ များနိုင်သမျှ များများပြုလုပ်ပါ။ မဂဓတိုင်းမှာ ခိုးကိုးရာမဲ့တွေ အမြောက်အများ ရှိနေပါတယ်။ ခိုကိုးရာမဲ့တွေအတွက် အလှူဇရပ်တွေ တည်ဆောက်ပါ။ ဇရပ်တန်ဆောင်းတွေ တည်ဆောက်ပါ။ ဆေးရုံတွေ ဆေးပေးခန်းတွေ တည်ဆောက်ပါ။ ဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့တွေကို မင်းကြီးရဲ့ သားရင်းသမီးရင်းလို ဆက်ဆံပါ။ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါ။ မင်းကြီး ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေဟာ မင်းကြီး ပြုလုပ်ဆည်းပူးခဲ့တဲ့ ကုသိုလ်တွေထက် အရေအတွက် အားဖြင့်လည်း ပိုလွန်များပြားနေတယ်။ ကြီးကျယ်လေးနက်မှုလည်း သာလွန်နေတယ်။ ဒါကြောင့် မင်းကြီး ကြောက်ရွံ့ထိတ်လန့် နေရတာပဲ။ ဆင်းဆင်းရဲရဲ အသက်ရှင်နေရတာပဲ။ လက်ရှိအခြေအနေမှာ အတိတ်ကိုတွေးတောပြီး ဆင်းရဲမနေပါနဲ့။ ကြောက်ရွံ့ ထိတ်လန့်မနေပါနဲ့။ ကုသိုလ် ကောင်းမှုတွေသာ ပြုလုပ်ဆည်းပူးပါ။ အခုဘ၀မှာရော ရှေးဘ၀တွေမှာပါ ပြုလုပ်ဆည်းပူးခဲ့တဲ့ အတိတ်ကုသိုလ်တွေ အကျိုးပေးခွင့်ရအောင် လမ်းဖွင့်ပေးတဲ့ အနေနဲ့ ကုသိုလ်တွေ ပြုလုပ်ပါ။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ရတယ်ဆိုတာဟာ အကုသိုလ် အကျိုးပေးကို ခံစားရတာပဲ။ ကုသိုလ်တွေ အကျိုးပေးလာရင် ကိုယ်ရောစိတ်ပါ ချမ်းသာပါလိမ့်မယ်။ ကုသိုလ်တွေက အကုသိုလ်တွေထက် အလေးသာလာတဲ့ တစ်နေ့ကျရင် အတိတ်ကို စိုးပူစရာ မလိုတော့ဘူး။ မင်းကြီး . . . သူတော်ကောင်းတရားကို ကျင့်သုံးပါ။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် ဆောက်တည်ပါ။ ကောင်းမြတ်မှုကို အသိအမှတ်ပြု လေးစားတတ်ပါစေ။”

“မြတ်စွာဘုရား . . . တပည့်တော် ကြုံနေရတဲ့ ဆင်းရဲဒုက္ခကို ဖြေလျှော့နိုင်မယ်ဆိုရင် ဘာမဆို စွန့်စွန့်စားစား ပြုလုပ်ဖို့ အသင့်ပြင်ထားပါတယ် ဘုရား။

မြတ်စွာဘုရား . . . အို . . . ရှင်တော်ဘုရား။ တပည့်တော် နှစ်သက်ဝမ်းမြောက်လိုက်တာ ဘုရား . . .။ အရှင်ဘုရားက တပည့်တော်ကို အပြစ်သားလို့ သတ်မှတ်ပြီး အထင်သေး အမြင်သေးနဲ့ မောင်းထုတ်လိမ့်မယ်လို့ ထင်မိခဲ့တာ . . .။ တပည့်တော် အုပ်စိုးပိုင်ဆိုင်တဲ့ ၀င်္ဂတိုင်းနဲ့ မဂဓတိုင်းကို သာသနာတော်အတွက် လှူဒါန်းပါတယ် ဘုရား။ တပည့်တော်ရဲ့ အသက်နဲ့ ခန္ဓာကိုလည်း ကောင်းမှုအတွက်၊ သူတော်ကောင်း တရားအတွက်ပဲ စွန့်လွှတ်လိုက်ပါပြီ ဘုရား။ တပည့်တော်ဟာ စိုးရိမ်သောက ရောက်နေသူတွေ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်နေရသူတွေ အတွက်ပဲ ဖြစ်ရပါစေမယ် ဘုရား။ လူမဆန်တဲ့ ဒေ၀ဒတ် ရဟန်းဆိုးကို တိုင်းပြည်က နှင်ထုတ်ဖို့လည်း စိတ်ကူးထားပါတယ် ဘုရား။ သူက တပည့်တော်ကို သွေးဆောင်ဖြားယောင်း လှည့်စားခဲ့တာပါ ဘုရား။ အရှင်ဘုရားကို ဆန့်ကျင်ရဲတဲ့အထိ မိုက်လုံးထွားပြီး အကုသိုလ်မှုတွေ ကျူးလွန်မိအောင် လမ်းမှား ပို့ခဲ့တာပါ ဘုရား။ ဒေ၀ဒတ် ရဟန်းဟာ ရောဂါဆိုး တစ်ခုလို အန္တရာယ် ကြီးလှပါတယ် ဘုရား။”

“မင်းကြီး . . . ဒေ၀ဒတ် အပေါ်မှာ သနားကရုဏာ ထားလိုက်ပါ။ အခွင့်အရေးတွေ ကျရှုံးပျက်သုဉ်းပြီး ဘ၀နာနေသူကို အတုံ့အလှဲ့ယူပြီး ကလဲ့စား မချေပါနဲ့။ ဒေ၀ဒတ် ရဟန်းဟာ သေလုမျောပါး ဖြစ်တဲ့အချိန်ကျမှပဲ သူ့အမှားတွေကို လက်ခံသိမှတ်နိုင်လိမ့်မယ်။ မင်းကြီး . . . ဒေ၀ဒတ် ရဟန်းဟာ ငါ့ကို သတ်ဖို့ သုံးကြိမ်သုံးခါ ကြိုးစားအားထုတ်ခဲ့တယ်။ တစ်ကြိမ်မှာတော့ ငါ့အပေါ် ကျောက်တုံးတွန်းချပြီး ငါ့ကို သွေးစိမ်းတည်အောင် လုပ်ခဲ့တယ်။ သူ့ကံရဲ့ အကျိုးကို သူ့ဟာသူပဲ ခံစားပါစေ။”

အဇာတသတ်မင်းသည် ဘုရားရှင်ကို လေးလေးနက်နက် ကြည်ညိုသွား၏။ မတုန်မလှုပ် ခိုင်မြဲသော သဒ္ဓါတရားဖြင့် လှိုက်လှိုက်လှဲလှဲ ရွှင်လန်းဝမ်းမြောက်သည်ဖြစ်၍ ဘုရားရှင်၏ ခြေတော်အစုံကို ၀ပ်စင်းဦးခိုက် ရှိခိုး၏။ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်၍ ငါးပါးသီလလည်း ဆောက်တည်လေ၏။ အဇာတသတ်မင်း၏ စိတ်အစဉ်၌ အနှောင့်အယှက် အရှုပ်အထွေး ကင်းစင်သွားလေသည်။


(ဆက်ရန် . . . . .)

:)
ရှင်အာစာရ


-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment