ညနေခင်း တစ်ခု၌ အဇာတသတ်မင်းသည် ဂိဇ္ဈကုဋ် တောင်စောင်း၌
တည်ရှိသည့် ရှင်ဒေ၀ဒတ်၏ ကျောင်းသို့ ထုံးစံအတိုင်း သွားရောက်၏။ ကျောင်းသို့
ရောက်သောအခါ ရှင်ဒေ၀ဒတ်ကို ရှိခိုးပြီးလျှင် ရှင်ဒေ၀ဒတ်၏ အနီးအပါး၌ ထိုင်နေရင်း
ရှင်ဒေ၀ဒတ် တစ်စုံတစ်ရာ မိန့်ကြားမည်ကို စောင့်မျှော်နေ၏။ ထိုစဉ် . . .
“မင်းကြီး . . . ကြည့်ရတာ စိတ်မချမ်းမသာ ဖြစ်နေပုံပဲ။
ဘာဖြစ်တာလဲ သိပါရစေ”ဟု ရှင်ဒေ၀ဒတ်က ဆို၏။
“အရှင်ဘုရား . . . တပည့်တော် စိတ်တွေ ရှုပ်ထွေးနေပါတယ် ဘုရား။ အရှင်ဘုရားကို
မလျှောက်ထားဖြစ်လို့ပါ . . .။ တပည့်တော် ညည အိပ်မပျော်တာ ကြာပါပြီ ဘုရား။ အန္တရာယ်နဲ့
ရင်ဆိုင်နေရတယ်လို့ ခံစားရပါတယ် ဘုရား။ အမှောင်ကို ကြောက်ပါတယ် ဘုရား။ အိပ်နေရင်း
လန့်လန့်နိုးပါတယ် ဘုရား။ နိုးနေရင်လည်း စိတ်မကြည်ပါ ဘုရား။ နတ်ရွာစံသွားတဲ့
ခမည်းတော်မင်းကြီးအကြောင်း စဉ်းစားမိရင် ခြေဆုံးခေါင်းဆုံး တပည့်တော့် တစ်ကိုယ်လုံး
ပူလောင်နေသလို ခံစားရပါတယ် ဘုရား။ ခမည်းတော်ကြီးကို ထောင်သွင်းအကျဉ်းချ အစာရေစာ
အငတ်ထားပြီး သတ်မိခဲ့တာပါ ဘုရား။ ခမည်းတော်ကြီးကို ခြေဖ၀ါးဓားခွဲ ဆာရည်နဲ့
ပက်ခဲ့ပါတယ် ဘုရား။ ဒါတင်မကသေးဘဲ ရဲရဲငြီးတဲ့ ရှားမီးကျီးခဲတွေ ပေါ်မှာလည်း အလျှောက်ခိုင်းခဲ့ပါသေးတယ်
ဘုရား။ တပည့်တော် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြန်မစဉ်းစားရဲအောင် ဖြစ်နေပါတယ်
ဘုရား။ ခမည်းတော်ကြီး နတ်ရွာစံကတည်းက မယ်တော်ကြီးလည်း မျက်ရည်နဲ့မျက်ခွက်
မပြတ်တော့ပါ ဘုရား။ မယ်တော်ကြီးက ဘာမှလည်း မစားမသောက်တော့ပါ ဘုရား။ မယ်တော်ကြီးလည်း
အိပ်ယာထဲ လဲနေပြီး သေနေ့ပဲ စောင့်နေပါတော့တယ် ဘုရား။ ခမည်းတော် မင်းကြီးကို
လုပ်ကြံဖို့ အရှင်ဘုရား တိုက်တွန်းခဲ့တာဆိုတော့ . . . အခု . . . တပည့်တော်
စိတ်သက်သာရာ ရဖို့လည်း အရှင်ဘုရားပဲ နည်းလမ်း ညွှန်ပြတော်မူပါ ဘုရား။”
“မင်းကြီး . . . မင်းကြီးက တော်တော်သွေးကြောင်တာပဲ . . .။ ခမည်းတော်မင်းကြီးကို
ကျုပ်တို့ မသတ်ရင် ဂေါတမ လှုံ့ဆော်တိုက်တွန်းတဲ့တိုင်း ခမည်းမင်းကြီးက ကျုပ်တို့ကို
သတ်မှာပဲ။ ဒီဇမ္ဗူဒိပ်မှာ နေရာတွေ အများကြီး ရှိတဲ့အထဲက ဂေါတမက ဘာဖြစ်လို့
ရာဇဂြိုဟ်ကို လေးကြိမ်မြောက် ရောက်လာပြန်ရတာလဲ။ ဒီဇမ္ဗူဒိပ်မှာ ဂေါတမ
ခြေမချဖူးသေးတဲ့ နေပြည်တော် ဘယ်နှခု ရှိသလဲ။ ဘုရင်ဗိမ္ဗိသာရဟာ ဂေါတမရဲ့
နောက်လိုက်ပဲ။ ဂေါတမ လုပ်သမျှ အကုန်လိုက်လုပ်တာပဲ။ ဂေါတမ ခိုင်းသမျှ
အကုန်လုပ်တာပဲ။ ဘုရင် ဗိမ္ဗိသာရသာ မင်းကြီးကို ထီးနန်းလွှဲပေးဖို့ စိတ်ကူး
ရှိတယ်ဆိုရင် သူ့နန်းသက် ဆယ့်ခြောက်နှစ် ပြည့်တုန်းက လွှဲပေးခဲ့မှာပေါ့။ ထီးနန်း
လုယူစရာ မလိုပါဘူး။ ကိုယ့်ကို သတ်မယ့်လူကို သတ်တာဟာ မပြစ် မရှိဘူး။ မင်းကြီး . . .
မကြောက်စမ်းပါနဲ့။ မင်းကြီးမှာ ဘာရန်သူမှ မရှိဘူး။ ဘယ်လို အန္တရာယ်မှလည်း မရှိဘူး။ မင်းကြီးက
ဘာမှ မဟုတ်တာလေး အတွက်နဲ့ စိုးရိမ်သောက ရောက်နေတာပဲ။ ဘုရင် ဗိမ္ဗိသာရ အခုလို အသေဆိုးနဲ့
သေခဲ့ရတာဟာ သူ အတိတ်ဘ၀က ကျူးလွန်ခဲ့တဲ့ သူ့အကုသိုလ်ကြောင့်ပဲ။ သူ့ကံနဲ့ သူပဲ။
မင်းကြီး အမိန့်ပေးပေး မပေးပေး သူ့ကံနဲ့သူ သူ့အကျိုးပေးနဲ့သူ ညှင်းဆဲနှိပ်စက်တာ
ခံရပြီး အသေးဆိုးနဲ့ သေရမှာပဲ။ သူ့ကံနဲ့သူ ပါလာပြီးသားပါ။ မင်းကြီး . . . ဘာမှ
မစိုးရိမ်နဲ့။ ဘာမှ နောင်တ မရနဲ့။ အတိတ်အကြောင်း စဉ်းစားတာဟာ ဘာမှ
အကျိုးမရှိဘူး။ အနာဂတ်ကိုသာ မျှော်ကြည့်စမ်းပါ။ အတိတ်က လုပ်ခဲ့တာတွေအတွက် ဘာမှ
နောင်တ ရမနေနဲ့တော့။ ငါလို ဆရာကောင်း သမားကောင်းနဲ့ ဆက်ဆံပေါင်းသင်းနေသမျှ
ကာလပတ်လုံး၊ ငါ့အဆုံးအမတွေကို နာခံနေသမျှ ကာလပတ်လုံး ဘာမှ ကြောက်စရာ မလိုဘူး။ ငါလည်း
. . . မင်းကြီးရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနေတာပဲ။ နောင်ရေးနောင်တာ . . .
တစ်သက်တာလုံးလည်း မင်းကြီးရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနေမှာပဲ”ဟု ပြောဆို၍
ရှင်ဝဒတ်သည် အဇာတသတ်မင်းကို နှစ်သိမ့်အားပေး၏။
“နောက်တစ်ခုက . . . အရှင်ဘုရားက တပည့်တော်ရဲ့ အမိန့်အာဏာကို
အသုံးပြုပြီး ဂေါတမ ဘုရားကို သတ်ဖို့ လေးသည်တော်တွေ စေလွှတ်တယ်လို့ အများက
ပြောနေပါတယ် ဘုရား။ ဂိဇ္ဈကုဋ် တောင်စွန်းကနေ ကျောက်တုံးတွန်းချပြီး ဂေါတမဘုရားကို
သေကြောင်းကြံခဲ့တဲ့ နေရာမှာလည်း တပည့်တော်ရဲ့ အမိန့်ကို အသုံးချခဲ့တယ်၊ တပည့်တော်က
အားပေးအားမြှောက် ပြုခဲ့တယ်လို့လည်း ပြောနေကြပါတယ် ဘုရား။ ဂေါတမ ဘုရားနဲ့
ပတ်သက်လို့ အရှင်ဘုရား ဘာပဲလုပ်လုပ် မပါဝင် မပတ်သက်ဖို့ အမတ်ချုပ်ကြီး ဝေဿကာရက
တပည့်တော်ကို အကြံပေး လျှောက်ထားပါတယ် ဘုရား။ ဒါကြောင့် နောက်နောင်မှာတော့ ဂေါတမ
ဘုရားနဲ့ ပတ်သက်ရင် အရှင်ဘုရား ဘာပဲလုပ်လုပ် တပည့်တော် မပါဝင် မပတ်သက်ချင်တော့ပါ
ဘုရား။ တပည့်တော် . . . လွတ်လွတ်ကင်းကင်းပဲ နေပါတော့မယ် ဘုရား။ အရှင်ဘုရားက သူ့ကို
အမျိုးမျိုး ဆန့်ကျင်တိုက်ခိုက် နေပေမယ့် ဂေါတမ ဘုရားကတော့ အရှင်ဘုရား အပေါ်မှာ
မေတ္တာ ကရုဏာ မပျက်တာကို သတိထားမိပါတယ် ဘုရား။”
“မင်းကြီး . . . ဆက်မပြောနဲ့တော့။ ဘာမေတ္တာလဲ။ ဘာကရုဏာလဲ။ မင်းကြီး
ဘာမှ မသိဘူး။ ဂေါတမဟာ လူလည်ကြီးပဲ။ လူလိမ် လူညာကြီးပဲ။ သူက ငါ့ကို ပကာသနိကယကံ
ပြုလိုက်တာပဲ။ သံဃာ့ဘောင်က နှင်ထုတ်လိုက်တာပဲ။ အဲဒါ မေတ္တာလား။ အဲဒါ ကရုဏာလား။ သူက
ငါ့ကို မုန်းနေတာ။ ငါတို့ မင်းသားဘ၀ကတည်းက သူက ငါ့ကို အမုန်းပွားခဲ့တာပဲ။ တစ်ခါတုန်းက
အကြောင်းမဲ့ သက်သက်နဲ့ သူက ငါကို လက်သီးနဲ့ ထိုးတယ်။ အခု ငါ့ရဲ့ ဂုဏ်သတင်း
ကျော်စောမှုကို နှောင့်ယှက်ဖျက်ဆီးဖို့ သူ ရာဇဂြိုဟ် ရောက်လာတာပဲ။ သူ့ကို ငါ
တုံ့ပြန်ရမယ်။ ကလဲ့စား ချေရမယ်။ မင်းကြီးနဲ့ငါ့ကို ရန်တိုက်ပေးဖို့၊ ငါ့အပေါ် ဒကာဒကာမတွေ
အထင်အမြင် လွဲအောင်လုပ်ဖို့ သူ ရာဇဂြိုဟ် ရောက်လာတာပဲ။ ငါ့ကို လေးစားကြည်ညိုကြတဲ့
ဒကာဒကာမတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးဖို့ သူ လာတာပဲ။ သူ ငါ့ကို သံဃာ့ဘောင်က
နှင်ထုတ်လိုက်တာ . . . ငါ ဘယ်တော့မှ မကျေနိုင်ဘူး။ ကလဲ့စား ချေကို ချေရမယ်။ မင်းကြီး
. . . မင်းကြီးဟာ ဒီဇမ္ဗူဒိပ်မှာ တန်ခိုးသြဇာ အကြီးမားဆုံး မင်းတစ်ပါးပါ။ မင်းကြီး
အာဏာရအောင် ငါ လုပ်ပေးခဲ့တာပါ။ အခုတော့ မင်းကြီးက ငါ့ကို မထောက်ခံ
မကြည်ညိုချင်တော့ဘူးလား။ မင်းကြီး . . . မင်းကြီးအတွက် ငါ လုပ်ပေးခဲ့တာတွေကို ထောက်ထားတဲ့
အနေနဲ့ . . . မင်းကြီး . . . စဉ်းစားသုံးသပ်ပြီး ငါ့ကို အခွင့်အရေး တစ်ခုလောက်
ပေးပါ . . .။
“အရှင်ဘုရား . . . ဘာအခွင့်အရေးလဲ။”
“မင်းကြီးရဲ့ နာဠာဂိရိဆင်ကို တစ်ရက်ပဲ အသုံးပြုခွင့် ပေးပါ။
တစ်ရက်ဆို . . . တစ်ရက်တည်းပါ။”
* * * * * * * * * *
ရာဇဂြိုဟ် မြို့သူမြို့သားများ ထိတ်လန့်ကြောက်ရွံ့နေကြ၏။ သေဘေးမှ
အလွတ်ရုန်း၍ ဘေးကင်းလုံးခြုံရာ ရှာဖွေရင်း ကစဥ့်ကလျား ဖရိုဖရဲ ပြေးလွားနေကြ၏။
ဦးတည့်ရာ အရပ်ရှိ ရန်သူမှန်သမျှကို သတ်ဖြတ်ချေမှုန်းနိုင်၍ စစ်ပွဲများစွာ၌
အောင်ပန်းဆွတ်ခူးနိုင်ခဲ့သော သေမင်းတမန် နာဠာဂိရိ ဆင်ကြီးသည် ခမ်းကြမ်းကြမ်း
ချွန်းဖွင့်ခံထားရ၍ ဒေါသအမျက် ချောင်းချောင်းထွက်နေ၏။ ထို့ပြင် အရက်
တစ်ဆယ့်ခြောက်အိုး တိုက်ထားခံရသည့် အဟိတ်တိရစ္ဆာန် ဆင်ဆိုးကြီးမှာ အရက်ရှိန်
အမြင့်ဆုံးရောက်၍ အမူးဆုံး အရူးဆုံး အကြမ်းတမ်းဆုံးလည်း ဖြစ်နေ၏။ နှာမောင်း၊
နားရွက်နှင့် အမြီးတို့ စွင့်ထောင်လျက် မိုးချုန်းသံတမျှ ကျယ်လောင်စွာ အော်ဟစ်နေ၏။
အရက်နံ့ တလှောင်းလှောင်းနှင့် သွေးဆူနေ၏။ တစ်မြို့လုံးအနှံ့ လမ်းတကာလှည့်၍
တွေ့ရာကို တွန်းတွန်းတိုက်တိုက် နင်းချေဖျက်ဆီးနေ၏။ ရာဇဂြိုဟ် တစ်မြို့လုံး ဖွတ်ဖွတ်ညက်ညက်
ကျေနေပြီး ဖြစ်၏။
ထိုသို့ နာဠာဂိရိ ဆင်ဆိုးကြီး တက်ကြွသောင်းကျန်းနေစဉ်
ဘုရားရှင်သည် ရှင်အာနန္ဒာနှင့်အတူ ရာဇဂြိုဟ် မြို့တွင်းသို့ ကြွတော်မူ၏။ ဘုရားရှင်သည်
နာဠာဂိရိ ဆင်ကြီး၏ ဟစ်အော်သံများကို ကြားသော်လည်း ဣနြေ္ဒ ပျက်တော်မမူပေ။ ပုံမှန်အတိုင်း
အေးအေးဆေးဆေး ကြွလှမ်းတော်မူနေ၏။
“မြတ်စွာဘုရား . . .။ မြတ်စွာဘုရား . . . ရှေ့မှာ။
ကြည့်တော်မူပါ မြတ်စွာဘုရား။ လူသတ်ကောင် . . . လူသတ်ကောင် နာဠာဂိရိ ဆင်ဆိုးကြီး .
. .။ လူတွေလည်း ကြောက်လို့ ထွက်ပြေးကြပြီ ဘုရား။ လမ်းပေါ်မှာ ဘယ်သူမှ
မရှိတော့ပါ ဘုရား။ ဆင်ဆိုးကြီး . . .
တပည့်တော်တို့ဆီ တန်းတန်းမတ်မတ် လာနေပါပြီ မြတ်စွာဘုရား။ တပည့်တော်တို့ . . .
သေရပါတော့မယ် ဘုရား”ဟု ရှင်အာနန္ဒာက အထိန်တလန့် အော်၏။
“အာနန္ဒာ . . . ဘုရားရှင်တို့မည်သည် ပြေးရိုးထုံးစံ မရှိဘူး။ ဘုရားရှင်တို့မည်သည်
နောက်ပြန်လှည့်ရိုး ထုံးစံလည်း မရှိဘူး။ ဆင်ဆိုးကြီး ငါဆီ လာတာဆိုရင် လာပါစေ။
အာနန္ဒာ ကြောက်တယ်ဆိုရင် ပြေးပါ။ ဘုရားရှင်ကို ယုံကြည်တယ်ဆိုရင် ဘုရားရှင်ကို အမှီအခို
အကာအကွယ်ယူပြီး ဘုရားရှင်ရဲ့ အနီးအပါးမှာပဲ နေပါ”ဟု ဘုရားရှင်က မိန့်တော်မူ၏။
ရှင်အာနန္ဒာ မဆုံးဖြတ်နိုင်လောက်အောင် ဖြစ်နေ၏။ ဘုရားရှင်ကို
ထားခဲ့ပြီး ထွက်ပြေးလိုက်ချင်၏။ ဘုရားရှင်၏ ခြေတော်ရင်း၌ မှီခိုတွယ်ကပ်၍လည်း နေလိုပြန်၏။ နောက်ဆုံး၌ မျက်လုံးစုံမှိတ်၍
ဘုရားရှင်ကို ဖက်တွယ်ထားလိုက်တော့သည်။
ကမ္ဘာပေါ်၌ ရှိရှိသမျှသော ရက်စက်ကြမ်းတမ်းမှုများ အားလုံးတို့ နာဠာဂိရိ
ဆင်ကြီးထံသို့ စုပြုံရောက်ရှိနေသည့်နှင့် တူလှ၏။ အစွမ်းကုန် ကြမ်းကြမ်းတမ်းတမ်း
သောင်းကြမ်းနေသည့် စွယ်စုံဆင်ကြီး နာဠာဂိရိသည် ဘုရားရှင်ထံသို့ တဟုန်းထိုး ပြေးဝင်လာနေ၏။
မြင်ကွင်းကို မကြည့်ရဲ မကြည့်ရက် မကြည့်နိုင်သော မြို့သူမြို့သားတို့သည်
ခေါင်းငုံ့ မျက်နှာလွှဲလျက် မျက်လုံးစုံမှိတ် ထားလိုက်ကြပြီး အချင်းချင်း တို့ဝှေ့၍
ဆင်ဆိုးကြီး၏ အန္တရာယ်မှ ဘေးကင်းလုံခြုံရာကို ရှာနေကြ၏။ အားကောင်းမောင်းသန်
သေမင်းတမန် စွယ်စုံဆင်ကြီးသည် ဘုရားရှင်နှင့် နီးကပ်လာနေ၏။ အုန်းအုန်းအိန်းအိန်း
ဆူညံနေလျက် မြေမဟီမှာ သိမ့်သိမ့်တုန်နေ၏။ သို့သော် ကရုဏာတော်ရှင် ဘုရားသခင်သည် မတုန်မလှုပ်
မရွေ့မလျား တည်ငြိမ်စွာ ရပ်တန့်တော်မူနေ၏။ ဘုရားရှင်၏ နှလုံးသား၌ မေတ္တာ ကရုဏာ
မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ်တို့ အပြည့်ရှိနေ၏။ ဘုရားရှင်သည် ဒေါသမီးလျှံ
ငြီးငြီးတောက်နေသည့် နာဠာဂိရိ ဆင်ကြမ်းကြီး၏ မျက်လုံးတို့ စူးစူးစိုက်စိုက်
စေ့စေ့ကြည့်တော်မူရင်း အတုမဲ့ မေတ္တာတော် ကရုဏာတော်တို့ကို သင်္ကေတပြုသည့် အနေဖြင့်
လက်ျာလက်တော်ကို ပင့်မဝှေ့ရမ်းတော် မူနေ၏။ ဆင်ကြမ်းကြီး၏ စွင့်ထောင်နေသော အမြီး နှာမောင်းနှင့်
နားရွက်တို့သည် ကမ်းခြေကို ရိုက်ခတ်ပြီး နိမ့်ကျသွားသည့်
ပင်လယ်ဒီလှိုင်းများကဲ့သို့ နိမ့်ကျ ပြေလျှော့သွားကြ၏။ ကြောက်မက်ဖွယ်
အသံဗလံများလည်း တိတ်ဆိတ်သွား၏။ ဆင်ကြမ်းကြီးသည် ခြေလေးချောင်းပေါ် ရပ်တည်ခြင်းငှာ မစွမ်းနိုင်တော့ဘဲ
မြေပြင်ပေါ်၌ ကိုယ်ကိုညွှတ်၍ ၀ပ်ချလိုက်ပြီး နှာမောင်းကို ပင့်မြှောက်ကာ တရှူးရှူး
နှာမှုတ်ရင်း ဘုရားရှင်ထံသို့ ၀ပ်လျက်သား ရွေ့လျားချဉ်းကပ်နေ၏။
ဘုရားရှင်လည်း ညင်သာစွာ လှမ်းကြွတော်မူလေရာ စိတ်လှုပ်ရှား၍
ဝေေ၀၀ါးဝါး တုန်လှုပ်ချောက်ချားနေသူ ရှင်အာနန္ဒာသည် ဘုရားရှင်ကို ဖက်တွယ်လျှက်
ရှိနေသဖြင့် အိပ်မှုန်စုန်ဝါး နိုးထလာသူ တစ်ယောက်နှယ် ဘုရားရှင် နောက်တော်သို့ ဒရွတ်တိုက်
ပါသွား၏။ ဘုရားရှင်သည် နာဠာဂိရိ ဆင်ကြီး၏ အနီးသို့ ရောက်သောအခါ လက်ျာလက်တော်ကို
ဆန့်တန်းလျှက် မေတ္တာဓာတ်များ ဖြန့်ကျက် ပို့လွှတ်တော်မူ၏။ နာဠာဂိရိ ဆင်ကြီးသည်
ဒူးထောက်လျက် ဘုရားရှင်ထံသို့ ချဉ်းကပ်နေ၏။ ဆင်ကြီး၏ အစွယ်တို့သည် မြေပြင်ပေါ်
ကျနေ၏။ ဘုရားရှင်သည် ဆင်ကြီး၏ နားရွက်တို့ကို လက်တော်ဖြင့် သုံးသပ်တော်မူလေရာ
ဆိုးသွမ်းမိုက်ရိုင်းခဲ့သော ဆင်ကြီးသည် မွေးကင်းစ ဆင်ငယ်တစ်ကောင်ကဲ့သို့
အေးအေးဆေးဆေး တိတ်ဆိတ်ငြိမ်သက် နေလေ၏။
ဘုရားရှင်သည် နာဠာဂိရိ ဆင်ကြီး၏ ရင်ကို လက်ျာလက်ဖြင့်
ပွတ်သပ်ပေးရင်း သိမ်မွေ့သော အသံဖြင့် မိန့်တော်မူ၏။
“ဆင်မင်း နာဠာဂိရိ . . . ဗုဒ္ဓသရဏဂုံ ခံယူပါ။ ဒီနေရာဟာ
မသင့်တော်ဘူး။ ငါ့နောက်က လိုက်ခဲ့ပါ။ အရိပ်ကောင်းတဲ့နေရာ သွားကြမယ်။”
ဘုရားရှင်သည် ပုံမှန်အတိုင်း တည်ကြည်ခန့်ငြားသော အမူအရာဖြင့် လမ်းမအတိုင်း
ကြွချီတော်မူ၏။ ရှင်အာနန္ဒာသည် အကြောက်မပြေသေးဘဲ ဘုရားရှင်နောက်သို့ လိုက်နေ၏။
ဘုရားရှင်၏ သင်္ကန်းစွန်းကို လက်နှင့် ဆွဲထား၏။ ဘုရားရှင်၏ မေတ္တာတော်ဖြင့်
မာန်စွယ်ကို ချိုးနှိမ်ထားအပ်သည်ဖြစ်၍ ယဉ်ကျေးလိမ္မာနေပြီဖြစ်သော စစ်ဆင်ကြီး
နာဠာဂိရိသည် အရှင်မြတ်နှစ်ပါး၏ နောက်တော်မှ ညင်ညင်သာသာ လိုက်ပါနေ၏။ ရိုးကျိုးမှု
အပြည့်ရှိနေသော နာဠာဂိရိ ဆင်ကြီးသည် ဘုရားရှင် ခြေချတော်မူရာ မြေမှ
ဖုန်မှုန့်တို့ကို နှာမောင်းနှင့်ယူ၍ သူ့ကိုယ်ပေါ်သို့ ကြဲချနေ၏။ မျက်လုံးစုံမှိတ်၍
လုံခြုံရာ အရပ်တို့၌ ပုန်းဝင်ခိုအောင်းနေသည့် မြို့သူမြို့သားတို့ လမ်းဘေးဝဲယာသို့
ရောက်ရှိလာကြ၏။ မကြာမီ အချိန်အတွင်းက ကြောက်ကြောက်လန့်လန့်နှင့် တိတ်ဆိတ်နေခဲ့သော
ရာဇဂြိုဟ် တစ်မြို့လုံး ၀မ်းမြောက်နုမော် သာဓုခေါ်သံများ ဆူညံနေတော့၏။
:)
ရှင်အာစာရ
-----
Ref:
Portrait of the Buddha (from a
Novelist's Pen) by Jayasena Jayakody, English Translation by K. D. de
Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ
မတွေ့ရပါ။)
No comments:
Post a Comment