Saturday, August 17, 2013

ကမ္ဘာ့ငြိမ်းချမ်းရေး (အပိုင်း ၇)


စောင့်ထိန်းခြင်း သီလ၊ သနားခြင်း ကရုဏာ၊ သိမ်မွေ့ခြင်း၊ ထိုးထွင်းသိမြင်ခြင်း အစရှိတဲ့ လူ့အရည်အသွေးတွေဟာ ယဉ်ကျေးတဲ့ အဖွဲ့အစည်း အားလုံးရဲ့ အခြေခံအုပ်မြစ် ဖြစ်လာပါတယ်။ ပိုပြီး လူသားဆန်တဲ့ ကမ္ဘာတစ်ခု ပေါ်ထွန်းလာဖို့အတွက် လူ့အရည်အသွေးတွေကို ပြုစုပျိုးထောင်ပြီး တည်တံ့ခိုင်မြဲအောင်လည်း လုပ်ရပါမယ်။ ကောင်းမွန်တဲ့ လူ့ပတ်ဝန်းကျင် လူ့အသိုက်အဝန်းမှာ စည်းစနစ် ကျနတဲ့ ကိုယ်ကျင့်ဆိုင်ရာ ပညာရေးစနစ်နဲ့ ပြုစုပျိုးထောင်ရပါမယ်။ လူသားဆန်တဲ့ ကမ္ဘာတစ်ခု ဖန်တီးရာမှာ လိုအပ်တဲ့ လူ့အရည့်အသွေးတွေကို အစပိုင်းကတည်းက၊ ကလေးဘ၀ ကတည်းက ရိုက်သွင်းပေးထားရမှာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲ ပြုလုပ်ဖို့ နောက်မျိုးဆက်ကို စောင့်နေလို့ မဖြစ်တော့ပါဘူး။ အခြေခံ လူ့တန်ဖိုးအသစ်တွေ ပေါ်ထွန်းလာအောင် လက်ရှိမျိုးဆက်ကပဲ ကြိုးစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ မျှော်လင့်စရာ ရှိမယ်ဆိုရင် အနာဂတ် မျိုးဆက်တွေကိုပဲ မျှော်လင့်ရမှာပါ။ ဒါပေမယ့် လက်ရှိ ပညာရေး စနစ်မှာ အဓိကကျတဲ့ ပြောင်းလဲမှုကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မပြုလုပ်နိုင်ဘူး ဆိုရင်တော့ မျှော်လင့်လို့ မရနိုင်ပါဘူး။

ကမ္ဘာ့ လူသားတန်ဖိုးအတွက် လုပ်ကြကိုင်တဲ့အခါ၊ လက်တွေ့ကျင့်သုံးကြတဲ့ အခါမှာ တော်လှန်ဖို့ လိုပါတယ်။ ကိုယ်ကျင့်သီလ ကျဆုံးတာ အဆုံးသတ်ဖို့ အသံကျယ်ကျယ် အော်နေရုံနဲ့ မပြီးပါဘူး။ တစ်ခုခု လုပ်လိုက်ရမှာပါ။ ဒီနေ့ခေတ် အစိုးရတွေက ဘာသာရေး တာဝန်တွေ မယူကြတော့ပါဘူး။ ဒါ့ကြောင့် လူသားတန်ဖိုး ဘာသာရေးတန်ဖိုးတွေ အားသစ်နိုင်ဖို့အတွက် လက်ရှိ ရှိနေတဲ့ လူထုအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ယဉ်ကျေးမှု အဖွဲ့အစည်းတွေ၊ ပညာရေး အဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ အားရှိလာအောင် လူသားဝါဒီတွေ ဘာသာရေးခေါင်းဆောင်တွေက လုပ်ပေးကြရမှာပါ။ ဒီရည်ရွယ်ချက်တွေ ပြီးမြောက်ဖို့အတွက် လိုအပ်တဲ့နေရာတွေမှာ အဖွဲ့အစည်း အသစ်တွေ ဖွဲ့စည်းရပါမယ်။ ဒီလိုလုပ်မှပဲ ကမ္ဘာငြိမ်းချမ်းရေးအတွက် ပိုပြီး တည်ငြိမ်တဲ့ အခြေခံကို ဖန်တီးဖို့ မျှော်လင့်နိုင်ပါမယ်။

အဖွဲ့အစည်း အတွင်းမှာ နေထိုင်ရင်း အပေါင်းအဖော်တွေရဲ့ ဆင်းရဲဒုက္ခကို မျှဝေခံစားသင့်ပါတယ်။ ကရုဏာတရားနဲ့ ခန္တီကို ကျင့်သုံးသင့်ပါတယ်။ ကိုယ် ချစ်မြတ်နိုးတဲ့သူတွေ အတွက်တင် မကဘဲ ရန်သူတွေ အတွက်ပါ ကျင့်သုံးသင့်ပါတယ်။ ဒါဟာ ကိုယ့်ကျင့်သီလရဲ့ အင်အားကို စမ်းသပ်တာပါပဲ။ လက်တွေအကျင့်နဲ့ နမူနာ ပြရပါမယ်။ စကားလုံး သက်သက်နဲ့ တစ်ဘက်သားကို ဘာသာရေး တန်ဖိုးတွေ လက်ခံအောင် သိမ်းသွင်းလို့ မရပါဘူး။ သူတစ်ပါးကို ခိုင်းစေတိုက်တွန်းတဲ့အတိုင်း ကိုယ်တိုင်လည်း ခိုင်ခိုင်မာမာ ရပ်တည်ရှင်သန်ဖို့ လိုပါတယ်။ စွန့်လွှတ်စွန့်စားရပါမယ်။ ဘာသာတရား အားလုံးရဲ့ နောက်ဆုံး ရည်မှန်းချက်က လူသားကောင်းကျိုး သည်ပိုးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် လူသားရဲ့ ချမ်းသာပျော်ရွှင်ရေး၊ လူသားရဲ့ ငြိမ်းချမ်းရေး အတွက်ပဲ ဘာသာတရားကို အသုံးပြုဖို့ အလွန် အရေးကြီးပါတယ်။ ကိုယ့်ဘာသာကို သူတစ်ပါး လက်ခံယုံကြည်အောင် လုပ်နေရုံနဲ့ မပြီးပါဘူး။

ဘာသာတရားမှာ အမျိုးသားရေး နယ်နိမိတ်တွေ မရှိပါဘူး။ ဘယ်သူမဆို၊ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် သူ့အတွက် အကျိုးရှိတယ်ဆိုရင် ဘာသာတရား တစ်ခုခုကို ကျင့်သုံးနိုင်ပါတယ်။ ကျင့်သုံးသင့်ပါတယ်။ ကိုးကွယ်ရာ ဘာသာတရား ရှာဖွေသူအတွက် အရေးကြီးတာက ကိုယ်နဲ့ သင့်တော်တဲ့ ဘာသာတရားကို ရွေးခြယ်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာတရား တစ်ခုခုကို လက်ခံတယ် ဆိုတာဟာဟာ တစ်ခြားဘာသာတရားကို ပစ်ပစ်ခါခါ လုပ်လိုက်တာ၊ ကိုယ့်အသိုင်းအဝိုင်းကို ငြင်းပယ်လိုက်တာတော့ မဟုတ်ပါဘူး။ ဘာသာတရား တစ်ခုခုကို လက်ခံပြီးတာနဲ့ ကိုယ့်အသိုင်းအဝိုင်းကနေ အဆက်ဖြတ်လိုက်တာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အသိုင်းအဝိုင်းထဲမှာ ဆက်လက် နေထိုင်သင့်ပါတယ်။ ကိုယ့်အသိုင်းအဝိုင်းက လူတွေနဲ့ ဆက်လက်ပြီး သဟဇာတ ကျနေဖို့ လိုပါတယ်။ အသိုင်းအဝိုင်းကနေ ရုန်းထွက်ခြင်းအားဖြင့် သူတစ်ပါးကို အကျိုးမပြုနိုင်ပါဘူး။ ဘာသာတရားရဲ့ အခြေခံ ရည်ရွယ်ချက်က သူတစ်ပါးကို အကျိုးပြုဖို့ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ စိတ်ထဲမုှာ စွဲမှတ်ထားစရာ နှစ်ခု ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးခြင်းနဲ့ ကိုယ်တိုင် ပြုပြင်ခြင်း ဖြစ်ပါတယ်။ ကိုယ်က သူတစ်ပါးအပေါ်မှာ ဘယ်လို သဘောထားမိသလဲ ဆိုတာကို ပုံမှန် စစ်ဆေးသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက် စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကိုယ်မှားနေတာ တွေ့ရရင် ချက်ချင်းပဲ ပြင်ဆင်သင့်ပါတယ်။



နောက်ဆုံးအနေနဲ့ ရုပ်ဝတ္ထု တိုးတက်မှုအကြောင်း နည်းနည်း ပြောပါမယ်။ ရုပ်ဝတ္ထု တိုးတက်တာကို အနောက်တိုင်းသားတွေ အကြီးအကျယ် မကျေမနပ်ဖြစ်တာ ကြားဖူးပါတယ်။ ဒါပေ့မယ့် ရယ်စရာကောင်းတာက . . . အဲ့ဒီလို တိုးတက်တာကိုပဲ အနောက်တိုင်းသားတွေ ဂုဏ်ယူဝင့်ကြား ဖြစ်နေကြပါတယ်။ လူကို အဓိကထားတယ် ဆိုရင် ရုပ်ဝတ္ထု တိုးတက်မှု သက်သက်မှာတော့ ဘာမှ အမှားအယွင်း မမြင်မိပါဘူး။ ပုံစံမျိုးစုံနဲ့ တည်ရှိနေတဲ့ လူ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် စီးပွားရေး တိုးတက်မှုကို ဘာသာရေးအရ တိုးတက်မှုနဲ့ သဟဇာတကျကျ တွဲစပ်ဖို့ လိုတယ်ဆိုတာကို ဘုန်းကြီးတို့ အခိုင်အမာ ယုံကြည်ထားပါတယ်။

ဒါပေမယ့် အကန့်အသတ်တွေကိုတော့ သိထားရပါမယ်။ သိပ္ပံနဲ့ နည်းပညာနယ်ပယ်က ရုပ်ဝတ္ထုဆိုင်ရာ အသိပညာဟာ လူသားကောင်းကျိုးကို အကြီးအကျယ် ထောက်ပံ့ပေးထားပါတယ်။ ခိုင်မာတဲ့ ချမ်းသာသုခကိုတော့ မဖန်တီးနိုင်ပါဘူး။ ဥပမာအားဖြင့် . . . တစ်ခြားနိုင်ငံတွေထက် နည်းပညာ တိုးတက်တယ်လို့ ပြောလို့ရတဲ့ အမေရိကမှာ စိတ်ဒုက္ခရောက်နေရတာတွေ အမြောက်အများ ရှိနေပါသေးတယ်။ ရုပ်ဝတ္ထုဘက်က အသိပညာဟာ ကာယိကသုခမျိုးကိုပဲ ပေးနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ အသိပညာဟာ . . . အပြင်က အကြောင်းအချက်တွေ အပေါ်မှာ မူမတည်ဘဲ အဇ္ဈတ္တ ဖွံ့ဖြိုးမှုကနေ ဖြစ်ပေါ်လာတဲ့ ချမ်းသာသုခကို မပေးစွမ်းနိုင်ပါဘူး။

လူ့တန်ဖိုးကို အားသစ်လောင်းဖို့နဲ့ ခိုင်မာတဲ့ ချမ်းသာသုခကို ရရှိဖို့အတွက် ကမ္ဘာတစ်ဝှန်းလုံးက နိုင်ငံအားလုံးတို့ရဲ့ ယဉ်ကျေးတဲ့ အမွေအနှစ်တွေကို ရှုမြင်ကြဖို့ လိုပါတယ်။

ဒီကမ္ဘာဂြိုဟ် တစ်ခုလုံးကို မိသားစု တစ်ခုလို စုစည်းပေးနိုင်တဲ့ လူ့တန်ဖိုးတွေကို မေ့လျှော့နေခဲ့ကြရင် ဒီစာတမ်းဟာ . . . အရေးပေါ် သတိပေးချက်တစ်ခု ဖြစ်နိုင်ပါစေ . . .။

မပြောင်းလဲတဲ့ ခံစားချက်ကို လှစ်ဟဖို့
အထက်ကစာ ငါရေးပြီ။

“နိုင်ငံခြားသား”နဲ့ တွေ့ရဦးတောင်
ငါ့ခံစားချက် မပြောင်းလဲ
လူ့မိသားစုဝင် တစ်ယောက်နဲ့ တွေ့ရတယ် ခံစားမိ။

အားလုံးအပေါ် ငါထားတဲ့ ချစ်ခင်လေးစားမှုကို
ဒီသဘောထားက နက်ရှိုင်းစေခဲ့ပြီ။
ဒီ သဘောမှန် ဆန္ဒဟာ
ကမ္ဘာအေးဖို့ သေးတဲ့အကူလေး ဖြစ်ပါစေ။

ပိုလို့ရင်းနှီး ပိုလို့လို့ကြင်နာ ပိုလို့နားလည်နိုင်တဲ့
လူမိသားစု ဒီကမ္ဘာဂြိုဟ်မှာ ပေါ်လာဖို့
 
[ပြီး၏] 

:)
ရှင်အာစာရ

-----
Dalai Lama၏ “A Human Approach to World Peace”ကို မြန်မာဘာသာပြန်ဆိုပါသည်။
Ref: (20 May 2011):
http://www.dalailama.com/messages/world-peace/a-human-approach-to-peace

No comments:

Post a Comment