Friday, July 12, 2013

ကမ္ဘာ့ငြိမ်းချမ်းရေး (အပိုင်း ၆)





ကမ္ဘာ့နိုင်ငံ အားလုံးဟာ အရင်ကထက် ပိုပြီးတော့ စီးပွားရေးအရ အပြန်အလှန် အမှီအခို ပြုနေကြရတဲ့အတွက် လူသားချင်း နားလည်မှုဟာ ကမ္ဘာ့နယ်နိမိတ်တွေကို ကျော်လွန်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကမ္ဘာ့အသိုက်အဝန်းထိ သိမ်းကျုံးပြီး သက်ရောက်နိုင်ရပါမယ်။ အစစ်အမှန် မပူးပေါင်းနိုင်ကြဘူးဆိုရင် ကမ္ဘာ့ပြဿနာတွေ ပိုလို့သာ တိုးပွားလာပါလိမ့်မယ်။ အဲ့ဒီလို ပူးပေါင်းမှုကို ခြိမ်းခြောက်ခြင်း ဒါမှမဟုတ် အင်အားသုံးခြင်းတွေနဲ့ ဖန်တီးလို့ မရနိုင်ပါဘူး။ လှိုက်လှိုက်လှဲလှဲ နားလည်ခြင်းနဲ့သာ ဖန်တီးလို့ ရပါတယ်။ ဆင်းရဲတဲ့ နိုင်ငံကလူတွေဟာ သူတို့ လိုချင်တဲ့၊ သူတို့လည်း ခံစားထိုက်တဲ့ ပျော်ရွှင်ခြင်းကို ငြင်းပယ်ခံကြရတဲ့ အခါမှာ အလိုလို မကျေမနပ် ဖြစ်လာပြီး ချမ်းသာသူတွေအတွက် ပြဿနာတွေ ဖန်တီးပါလိမ့်မယ်။ နိမ့်ကျသူတွေအတွက် . . . မလိုလားအပ်တဲ့ လူမှုရေး နိုင်ငံရေး ယဉ်ကျေးမှု အသွင်အပြင်တွေ ရှိနေမယ်ဆိုရင် ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိဖို့ သံသယ ဖြစ်စရာပါ။ ဒါပေမယ့် လူတွေကို နှလုံးသားနဲ့ ခံစားပြီး ကျေနပ် နှစ်သက်စေနိုင်တယ်ဆိုရင် ငြိမ်းချမ်းရေးဟာ အမှန်တကယ်ပဲ ပေါ်ပေါက်လာပါလိမ့်မယ်။

နိုင်ငံအသီးအသီးမှာ တစ်ဦးစီ တစ်ယောက်စီကို ပျော်ရွှင်မှု ခံစားခွင့် ပေးထားသင့်ပါတယ်။ နိုင်ငံတွေကြားမှာလည်း အငယ်ဆုံး နိုင်ငံလေးရဲ့ အကျိုးစီးပွားကိုတောင်မှ အရေးတယူ စဉ်းစားသင့်ပါတယ်။ စနစ်တစ်ခုက တစ်ခြားစနစ်တစ်ခုထက် ပိုကောင်းတယ်၊ အဲ့ဒီစနစ်ကို အားလုံး ကျင့်သုံးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဆိုလိုတာက . . . နိုင်ငံရေး စနစ် အမျိုးမျိုး အတွေးအခေါ် အမျိုးမျိုး လိုအပ်ပါတယ်။ ဒါမှပဲ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ စရိုက်မျိုးစုံနဲ့ လိုက်လျောညီထွေ ရှိမှာပါ။ ဒီလို အမျိုးစုံနေတာကိုက လူသားရဲ့ ချမ်းသာသုခ ရှာဖွေခြင်းအတွက် အထောက်အကူ ဖြစ်နေပါတယ်။ ဒါကြောင့် အဖွဲ့အစည်း အသီးအသီးက ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်း အပေါ်မှာ အခြေတည်ပြီး ကိုယ်ပိုင် နိုင်ငံရေးစနစ်နဲ့ ကိုယ်ပိုင်  လူမှု-စီးပွား စနစ်တွေ ဖွံ့ဖြိုးအောင် လွတ်လွတ်လပ်လပ်နဲ့ လုပ်ဆောင်သင့်ကြပါတယ်။ တရားမျှမှု ရရှိဖို့၊ ဟန်ချက်ညီညီ နေနိုင်ဖို့၊ ငြိမ်းချမ်းရေး ရရှိဖို့ ဆိုတာတွေဟာ . . . မြောက်များစွာသော အကြောင်းအချက်တွေ အပေါ်မှာ မှီတည်နေပါတယ်။ အဲ့ဒါတွေကို စဉ်းစားတဲ့အခါမှာ လူသားကောင်းကျိုး မျှော်ကိုးပြီး ရေရှည်အတွက် စဉ်းစားသင့်ပါတယ်။ ရေတိုအတွက် မစဉ်းစားသင့်ပါဘူး။ လုပ်စရာတွေ အများကြီး ရှိတယ်ဆိုတာကို သဘောပေါက်ပါတယ်။ ဒါပေမယ့် ယေဘုယျ လူ့ဖြစ်တည်မှုအပေါ် အခြေခံထားတဲ့ အခု တင်ပြတာနဲ့ အလားတူ လုပ်စရာ မမြင်မိပါဘူး။ နိုင်ငံတွေ အနေနဲ့ ရွေးခြယ်စရာ မရှိပါဘူး။ တစ်ဘက်သားရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဖို့ပဲ ရှိပါတော့တယ်။ လူ့ဖြစ်တည်မှုကို လက်ခံယုံကြည်ပြီး စဉ်းစားတာမျိုး မဟုတ်ဘဲ အပြန်အလှန် အကျိုးစီးပွားနဲ့ အားလုံးအတွက် ရေရှည်အကျိုးအမြတ်တွေကို အခြေခံပြီး စဉ်းစားဖို့ပဲ ရှိပါတော့တယ်။ ဥရောပ ဘုံဈေးအဖွဲ့၊ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ စသည်ဖြင့် ဒေသတွင်းဆိုင်ရာ တိုက်လုံးဆိုင်ရာ စီးပွားရေး အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာဟာ ဒီသဘောတရား အသစ်ကို တန်ဖိုးထား လက်ခံကြောင်း ညွှန်ပြနေပါတယ်။ နိုင်ငံချင်း ဆက်ဆံရတဲ့ အလားတူ အဖွဲ့အစည်းတွေ နောက်ထပ် ပေါ်ပေါက်လာဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးမှု၊ ဒေသတွင်း တည်ငြိမ်မှု နည်းသေးတဲ့ နေရာတွေမှာ ပေါ်ပေါက်လာဖို့ မျှော်လင့်ပါတယ်။ လက်ရှိ အခြေအနေတွေအောက်မှာ လူသားချင်း နားလည်မှု တိုးပွားလာဖို့ လိုအပ်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားတို့ရဲ့ တာဝန်သိမှုလည်း တိုးပွားလာဖို့ လိုအပ်ပါတယ်။ အဲ့ဒါတွေ ရရှိဖို့အတွက် ကောင်းမြတ်တဲ့ အကြင်နာ နှလုံးသားကို လှုပ်နှိုးပေးရပါမယ်။ ဒီလို နှလုံးသားမျိုး မပါဘဲနဲ့ ကမ္ဘာ့ ချမ်းသာသုခကို မရရှိနိုင်သလို ကမ္ဘာ့ငြိမ်းချမ်းရေးလည်း မတည့်တံ့နိုင်ပါဘူး။ ငြိမ်းချမ်းရေးကို စက္ကူပေါ်မှာ ဖန်တီးလို့ မရပါဘူး။ ကမ္ဘာသူ ကမ္ဘာသားတို့ရဲ့ တာဝန်သိမှုနဲ့ ညီအစ်ကိုစိတ်ဓာတ်၊ မောင်နှစ်မ စိတ်ဓာတ်တွေ တိုးပွားအောင် လှုံ့ဆော်ရင်း လူသားဆန်မှုကို အမျိုးသားရေး အစုအဖွဲ့တွေ ပုံစံနဲ့ ဖွဲ့တည်မိစေပါတယ်။ ဒါကြောင့် လက်တွေ့ကျတဲ့ အမြင်နဲ့ကြည့်ပြီးတော့ ဒီ အဖွဲ့အစည်းတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေး အဆောက်အဦးတွေ ဖြစ်ရမယ်လို့ နားလည်ခံစားမိပါတယ်။ အဖွဲ့အစည်းတွေ တရားမျှမှု ပိုရှိဖို့၊ တန်းတူညီမျှမှု  ပိုရှိဖို့ ကြိုးပမ်းအားထုတ်မှုတွေ အရင်က လုပ်ခဲ့ပြီးပါပြီ။ လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်ဖီလာ ဖြစ်နေတာတွေကို ဆန့်ကျင်ကွပ်ညှပ်ဖို့အတွက် အဖွဲ့အစည်းတွေကို ဖွဲ့စည်းတည်ထောင်ပြီးပါပြီ။ ကောင်းမြတ်တဲ့ ပဋိညာဉ် စာတမ်းတွေနဲ့ တည်ထောင်တာပါ။ ကံမကောင်း အကြောင်းမလှချင်တော့ အဲ့ဒီလို စိတ်ကူးတွေဟာ တစ်ကိုယ်ကောင်းဆန်ခြင်းရဲ့ လှည့်ပတ်မှုအောက် ရောက်သွားရပါတယ်။ ကိုယ့်ကျင့်တရားတွေ၊ ကောင်းမြတ်တဲ့ စည်းမျဉ်းစည်းကမ်တွေ ကိုယ်ကျိုးစီးပွားအောက် ရောက်သွားရပုံကို  ဒီနေ့ခေတ်မှာ အရင်ကထက် ပိုပြီးတော့ တွေ့မြင်နိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး လောကမှာပေါ့။ နိုင်ငံရေးကို လုံးဝရှောင်ကြဉ်ဖို့ တားမြစ်တဲ့ ဘာသာရေး ဂိုဏ်းတစ်ခု ရှိပါတယ်။ နိုင်ငံရေးနဲ့ ကိုယ်ကျင့်ပျက်ခြင်း တစ်ထပ်တည်းလို ဖြစ်လာလို့ပါတဲ့။ ကိုယ့်ကျင့်တရား မပါတဲ့ နိုင်ငံရေးဟာ လူသားစီးပွားကို မဖွံ့ဖြိုးစေနိုင်ပါဘူး။ ကိုယ်ကျင့်သီလ မပါတဲ့ ဘဝဟာ လူ့အဖြစ်ကို တိရစ္ဆာန်လို နိမ့်ကျစေပါတယ်။ ဒါပေမယ့် . . . အမှန်တကယ်တော့ နိုင်ငံရေးဟာ ညစ်ပတ်ခြင်း မဟုတ်ပါဘူး။ နိုင်ငံရေး လုပ်ပုံလုပ်နည်းတွေကြောင့် လူသားကောင်းကျိုးကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ စံကောင်းတွေ၊ မြင့်မြတ်တဲ့ သဘောတရာတွေ မရှင်းမရှင်း ဖြစ်လာရတာပါ။ ဘာသာရေး ခေါင်းဆောင်တွေ နိုင်ငံရေးနဲ့ ရှုပ်ထွေးသွားမှာကို စိုးရိမ်ကြောင်း ဘာသာရေးသမားတွေ ပြောလေ့ရှိကြပါတယ်။ ညစ်ပတ်တဲ့ ပေါ်လစီတွေကြောင့် ဘာသာတရား စွန်းထင်းသွားမှာ စိုးလို့ပါ။

ဘာသာတရားနဲ့ ကိုယ်ကျင့်တရားဟာ နိုင်ငံရေးလောကမှာ နေရာမရှိဘူး၊ ဘာသာရေးသမားတွေ အနေနဲ့ သူတော်စင် ရသေ့ရဟန်းတွေကို ဧကစာရီ ကျင့်ရမယ်ဆိုတဲ့ ထင်ရှားတဲ့ အဆိုကို မေးခွန်းထုတ်ချင်ပါတယ်။ ဘာသာရေးအပေါ်မှာ အဲ့ဒီလို ရှုမြင်တာဟာလည်း တစ်ဘက်သတ် ဆန်ပါတယ်။ အဖွဲ့အစည်းနဲ့ တစ်ဦးတစ်ယောက်တို့ရဲ့ ဆက်ဆံရေး၊ ဘဝတစ်ခုအတွင်း ဘာသာရေးရဲ့ အခန်းကဏ္ဍတွေ အပေါ်မှာ လျော်ကန်တဲ့အမြင် မဟုတ်ပါဘူး။ ကိုယ်ကျင့်တရားဟာ ဘာသာတရား ကျင့်သုံးသူအတွက် အရေးကြီးသလို နိုင်ငံရေးသမား အတွက်လည်း အရေးကြီးပါတယ်။ နိုင်ငံရေးသမားတွေ၊ အုပ်ချုပ်သူတွေက ကိုယ်ကျင့်သီလ တန်ဖိုးတွေကို မေ့ထားလိုက်ကြမယ်ဆိုရင် အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ထာဝရဘုရားကို ယုံကြည်တာပဲဖြစ်ဖြစ်၊ ကံကို ယုံကြည်တာပဲဖြစ်ဖြစ် ကိုယ့်ကျင့်တရားဟာ ဘာသာရေးရဲ့ အခြေခံ အုပ်မြစ်ပါပဲ။

:)
ရှင်အာစာရ

-----
Dalai Lama၏ “A Human Approach to World Peace”ကို မြန်မာဘာသာပြန်ဆိုပါသည်။
Ref: (20 May 2011):
http://www.dalailama.com/messages/world-peace/a-human-approach-to-peace

No comments:

Post a Comment