ရှင်ဒေ၀ဒတ်သည် ဘုရားရှင်ကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ထားပြီး
ဖြစ်၏။ ဘုရားသခင်ကို သုတ်သင်ရေး စီမံကိန်း စတင် အကောင်အထည် ဖော်မည့်နေ့
ရောက်ရှိလာ၏။ ထို စီမံကိန်းအတွက် ရှင်ဒေ၀ဒတ်သည် အဇာတသတ်မင်းထံမှ လက်ရွေးစင် လေးသည်တော်
နှစ်ဆယ့်ခုနစ်ယောက် ရရှိခဲ့သည်။ လက်ရွေးစင် လေးသည်တော်များထဲမှ အတော်ဆုံး အထက်ဆုံး
အရက်စက်ဆုံး အကြမ်းတမ်းဆုံး တစ်ယောက်ကို ဝေဠုဝန်ကျောင်းတော်သို့ စေလွှတ်၍
ဘုရားရှင်ကို လေးနှင့် ပစ်သတ်ရန် အမိန့်ပေးခဲ့၏။ ဘုရားရှင်ကို ပစ်သတ်၍ ပြန်လာမည့် လေးသည်တော်ကို
လမ်းမှ ချောင်းမြောင်း၍ လုပ်ကြံရန် လေးသည်တော် နှစ်ယောက်ကို လျှို့ဝှက် အမိန့်ပေးခဲ့၏။
ထိုနှစ်ယောက်ကို ချောင်းမြောင်း၍ လုပ်ကြံရန် တစ်ခြား လေးယောက်ကိုလည်းကောင်း၊
ထိုလေးယောက်ကို ချောင်းမြောင်း၍ လုပ်ကြံရန် တစ်ခြား ရှစ်ယောက်ကိုလည်းကောင်း၊
တစ်ဖန် ထိုရှစ်ယောက်ကို ချောင်းမြောင်း၍ လုပ်ကြံရန် အခြား တစ်ဆယ့်နှစ်ယောက်ကိုလည်းကောင်း
အသီးသီး လျှို့ဝှက် အမိန့်ပေးခဲ့၏။ ဘုရားရှင်ကို သတ်ဖြတ်မည့် အစီအစဉ်ကို ပထမ
လေးသည်တော်၊ အဇာတသတ်မင်းနှင့် ရှင်ဒေ၀တ်တို့သာ သိကြ၏။
ဘုရားသခင် ဝေဠုဝန်ကျောင်းတော်အတွင်း ညောင်ပင်အောက်၌
သတင်းသုံးတော်မူရင်း ကုန်သည်ညီနောင်တို့နှင့် စကားစမြည် ပြောဆိုတော်မူစဉ် ဘုရားသခင်ကို
လုပ်ကြံမည့် လေးမြားစွဲကိုင်သူ သူသတ်ကောင်သည် ဘုရားသခင်နှင့် မလှမ်းမကမ်း
ခြုံအကွယ် တစ်နေရာမှ ဘုရားသခင်ကို ချောင်းကြည့်နေ၏။ ထိုစဉ် သူ့တစ်သက်လုံး တစ်ခါမှ
မဖြစ်ပေါ် မခံစားခဲ့ရဘူးသော ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားလိုက်ရ၏။ အကြောက်ပြေသွားသော်လည်း
သူ့ကိုယ်သူ ပြန်လည်သုံးသပ်ရင်း သူ့ကိုယ်သူ အံ့သြမိလေ၏။ သူလုပ်ရမည့် အလုပ်ကိစ္စကို
နှစ်ကြိမ်ပြန်၍ စဉ်းစားလေ့မရှိသော လက်ရဲဇက်ရဲ လူသတ်သမား၏ ပင်ကိုယ်ဗီဇ စွမ်းရည်သတ္တိတို့
ငုတ်လျှိုးကွယ်ပျောက်နေ၏။ လေးနှင့်မြားတို့ကို မတင်နိုင် မဆင်နိုင် ဖြစ်နေ၏။ အတော်ဆုံး
အထက်ဆုံး ၀ါရင့် လေးသည်တော် ဖြစ်နေပါလျက်နှင့် တစ်ခါမှ လေးမြားမကိုင်ဖူးသူ
တစ်ယောက်ကဲ့သို့ လက်တုန်နေ၏။ လက်များသာ မကတော့ဘဲ တစ်ကိုယ်လုံး တုန်တုန်ခိုက်ခိုက်
ဖြစ်လာပြီး ချွေးပြန်နေ၏။ ရှင်ဒေ၀တ်၏ တောင်းဆိုမှု မှန်သမျှကို အဇာတသတ်မင်းက လက်ခံ လိုက်လျောလိမ့်မည်ဖြစ်ကြောင်း
သူ သိထားသည်။ ရှင်ဒေ၀ဒတ်၏ အမိန့်အတိုင်း ဘုရားသခင်ကို သတ်လိုက်နိုင်လျှင် လေးသည်တော်ချုပ်
ရာထူးကို သူ ရလိမ့်မည်ဟုလည်း သူသိထားသည်။ ပစ်မှတ် ရှင်းနေ၏။ ပစ်ချိန်လည်း အသင့်ဖြစ်နေလေပြီ။
လေးတင်၍ ချိန်ရွယ်ကာ ပစ်လွှတ်လိုက်ရုံသာ ရှိတော့သည်။
သို့သော် လေးသည်တော်သည် ဘုရားရှင်ကို ပစ်သတ်ရန် မ၀ံ့မရဲ
ဖြစ်နေ၏။ သူ့စိတ်တို့ ဂယောင်ချောက်ချား ဖြစ်နေသည်။ ဘုရားရှင်ကို ကြည့်နေလျှင် ဘယ်နည်းနှင့်မှ
စိတ်ဆုံးဖြတ်ချက် ချနိုင်လိမ့်မည် မဟုတ်ဟု သူ့ကိုယ့်သူ နားလည်လိုက်၏။ သို့ဖြစ်၍ ဘုရားရှင်ထံမှ
အကြည့်လွှဲ၍ မြေပြင်ကို ငုံ့ကြည့်နေ၏။ လေးနှင့်မြားတို့ကို ဒူးနှစ်လုံးကြား၌
ညှပ်ထားရင်း လက်နှစ်ဘက်တို့ အပြန်အလှန် ဖြစ်ညှစ်ဆုပ်နယ်နေကြ၏။ တုန်လှုပ်ချောက်ချားမှု
သက်သာအောင် ကြံမိကြံရာ လုပ်နေခြင်း ဖြစ်သည်။ ဒူးများ တုန်တုန်ခိုက်ခိုက်
ဖြစ်လာပြီး မထိန်းနိုင်တော့ဘဲ လေးနှင့်မြားတို့ မြေပေါ်သို့ ပြုတ်ကျသွား၏။ လေးနှင့်မြားတို့
ပြုတ်ကျခြင်းသည် နိမိတ်မကောင်းဟု တွေးမိရင်း ဘုရားရှင်ကို တွေတွေကြီး
ငေးကြည့်နေပြန်၏။
ကုန်သည်ညီနောင်နှင့် စကားစမြည် ပြောဆိုတော် မူနေဆဲဖြစ်သော
ဘုရားရှင်သည် လက်ဝဲဘက်ရှိ ခြုံပုတ်ကို လှမ်းကြည့်ရင်း မိန့်တော်မူလိုက်၏။
“သောတ္ထိယ . . .။ သောတ္ထိယ . . . ငါ ခေါ်နေတယ်။ . . . အတိဒုက္ခ
ရောက်နေပုံပဲ။ ဘာဖြစ်နေတာလဲ။ လာပါ။ ငါဆီ လာခဲ့စမ်းပါ။”
လေးသည်တော် သောတ္ထိယသည် လေးနှင့်မြားကို ကိုင်စွဲလျက်
ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက် ငြိမ်သက်နေ၏။ ဦးဆောင်ခေါ်ငင်ရာ နောက်သို့
လိုက်ပါနေရသူကဲ့သို့ ကိုယ်တိုင် စဉ်းစားဆုံးဖြတ်နိုင်စွမ်း ပျောက်ဆုံးနေသူ
လေးသည်တော်သည် ဘုရားရှင်၏ အသံတော်ကို ကြားလိုက်ရမှ အသိဝင်လာပြီး ဘုရားရှင်၏
မျက်နှာကို လှမ်း၍ ကြည့်လိုက်သည်။ လေးမြားတို့ကို ဆုပ်ကိုင်ထားရင် သူ့ရင်ဘတ်သူ
လက်နှင့်ထုလိုက်၏။ ရှက်ရွံ့စိတ်၊ ကြောက်လန့်စိတ်၊ သိမ်ငယ်စိတ်တို့
လွှမ်းမိုးနှိပ်စက်အပ်သူ သောတ္ထိယသည် မြေပြင်ပေါ် အရုပ်ကြိုးပြတ် ထိုင်ချလိုက်ကာ
ကလေးငယ် တစ်ယောက်ကဲ့သို့ ငိုလေ၏။ ဤ လူကြမ်းကြီး ဤကဲ့သို့ မငိုကြွေးဖူးပေ။
နို့စို့အရွယ် ကလေးငယ် ဘ၀ကသာ နို့ဆာ၍ ငိုခဲ့ဖူးလေသည်။
ကုန်သည် ညီနောင်တို့သည် ပါးစပ်အဟောင်းသားပွင့်လျက်
အဖြစ်အပျက်ကို တအံ့သြ ငေးကြည့်နေကြ၏။ ဘုရားရှင်၏ ကြည်လင် ပြတ်သားသော
အသံတော်ကြောင့် သောတ္ထိယ အငိုတိတ်သွား၏။
“သောတ္ထိယ . . . လေးတွေ မြားတွေ ကိုင်စွဲလို့ . . . ခြုံထဲမှာ
ဘာလုပ်နေတာလဲ။ ဘာတွေ အခက်ကြုံနေတာလဲ ပြောစမ်းပါဦး။”
“အရှင်ဘုရား . . . တပည့်တော် . . . အရှင်ဘုရားကို . . .
သတ်ဖို့ . . . လာခဲ့တာပါဘုရား”ဟူသော သောတ္ထိယ၏ အထစ်ထစ် အငေါ့ငေါ့နှင့် လေသံမမှန်သော
အဖြေသည် ကုန်သည်ညီနောင်တို့ကို ပို၍ အံ့သြစေ၏။ ကုန်သည်ညီနောင်တို့
နားမလည်နိုင်တော့ပေ။
“သောတ္ထိယ . . . ငါကို သတ်ဖို့ ဘယ်သူက အမိန့်ပေးတာလဲ။”
“ရှင်ဒေ၀ဒတ်ရဲ့ အမိန့်ပါ ဘုရား . . .။ အရှင်ဘုရားကို သတ်ဖို့
ရှင်ဒေ၀ဒတ်က တပည့်တော်ကို အမိန့်ပေးခဲ့တာပါ ဘုရား။ တပည့်တော်ကို စစ်ဗိုလ်ချုပ်
ရာထူး . . . ရအောင် လုပ်ပေးမယ်ဆိုပြီး . . . အရှင်ဘုရားကို မြားနဲ့ . . . မြားနဲ့ ပစ်
. . . ပစ်သတ်ဖို့ အမိန့်ပေးခဲ့တာပါ ဘုရား”ဟု ဖြေကြားလျှောက်ရားရင်း သောတ္ထိယသည်
မျက်ရည်သွန်ချ၍ ငိုပြန်၏။
“သောတ္ထိယ . . . ငါ့ကို သတ်ဖို့ အကြံအစည် မအောင်မြင်လို့
ငိုနေတာလား။ စစ်ဗိုလ်ချုပ်ရာထူး မရနိုင်တော့ဘူးလို့ တွေးပြီး ၀မ်းနည်းပက်လက်
ဖြစ်နေတာလား။”
“အို . . . မ . . . မဟုတ်ရပါ ဘုရား။ တပည့်တော် ဘယ်လို
ဖြစ်သွားမှန်း မသိတော့ပါ ဘုရား။ တပည့်တော် . . . အရှင်ဘုရားကို . . . သတ်ဖို့
လာခဲ့တာပါ . . .။ အရှင်ဘုရားကို မြင်လိုက်ရတာနဲ့ . . . တပည့်တော် ပါးစပ်တွေ
ချောက်သွေ့သွားပါတယ် ဘုရား။ လက်တွေတုန် . . . မျက်လုံးတွေ မှုန်ပြီး လေးနဲ့မြားကို
မထိန်းနိုင်အောင် ဖြစ်သွားပါတယ် ဘုရား။ လေးတွေ မြားတွေ လွတ်ကျသွားပြီး
ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်အောင် ဖြစ်သွားပါတယ် ဘုရား။ တပည့်တော် . . .
ကြက်သေ သေးသွားပါတယ် ဘုရား။”
“သောတ္ထိယ . . . သောတ္ထိယရဲ့ စိတ်ထဲမှာ ကိလေသာ အညစ်ဆိုးတွေ
ကိန်းအောင်းနေသလို ကောင်းမြတ်တဲ့ ပါရမီ အငုတ်ဓာတ်တွေလည်း စွဲစွဲမြဲမြဲ
တည်ရှိနေတယ်။ ၀ိသမလောဘဆိုးက သောတ္ထိယကို ကြိုးကိုင်ဆွဲငင်လိုက်တယ်။ စစ်ဗိုလ်ချုပ်
ရာထူးနဲ့ မြှူဆွယ်ဖြားယောင်း ခံလိုက်ရတဲ့ သောတ္ထိယဟာ ငါ့ကို သတ်ဖို့ ရောက်လာတယ်။
အခုတော့ . . . ကောင်းပါတယ်။ ကိလေသာ အညစ်ဆိုးတွေကို ပါရမီ အငုတ်ဓာတ်က
လွှမ်းမိုးလိုက်နိုင်ပြီ။ ဒီက ရှေ့လျှောက်ပြီး ကိလေသာတွေ ခေါင်းမထောင်နိုင်အောင်
ဖိထားပါ။ ပါရမီ အငုတ်ဓာတ်တွေကို လှုပ်ခတ်နှိုးဆော်ပါ။”
“မြတ်စွာဘုရား ဆုံးမတဲ့အတိုင်း တပည့်တော် လိုက်နာပါ့မယ် ဘုရား။
ပါရမီ အကောင်းဓာတ်တွေကို နှိုးဆော်ပါ့မယ် ဘုရား။ တပည့်တော်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့
ကိလေသာ အညစ်ဆိုးတွေကို လေးနဲ့မြားနဲ့သာ ပစ်ခွင်းလိုက်ချင်ပါတော့တယ် ဘုရား။
ကိလေသာတွေဟာ . . . တပည့်တော် အပေါ်မှာ တော်တော် ရက်စက်တာပဲ . . .။ သူတို့ကြောင့်
တပည့်တော် လမ်းမှားခဲ့တာပါ . . .။ သူတို့က တပည့်တော်ကို
သွေးဆောင်ဖြားယောင်းခဲ့တာပါ ဘုရား . . .။”
“သောတ္ထိယ . . . ကိလေသာကို လေးတွေမြားတွေနဲ့ ပစ်ခွင်းလို့
မရဘူး။ ကိလေသာဆိုတာ သာမန် မျက်စိနဲ့ မြင်နိုင်ကောင်းတဲ့အရာ မဟုတ်ဘူး။ ကာလဒေသ
အမျိုးမျိုးမှာ အသွင်အမျိုးမျိုးကို ယူတတ်တယ်။ ကိလေသာ ရန်သူ စွဲကိုင်တဲ့
လက်နက်တွေကလည်း ကာလဒေသအလိုက် အမျိုးမျိုး ရှိနေတာပဲ။”
“ဒါဆိုရင် . . . ကိလေသာကို ဘယ်လိုလုပ်ပြီး သတ်ရမှာလဲ ဘုရား။”
“သောတ္ထိယ . . . ကိလေသာသတ်နည်း ငါ သင်ပေးမယ်။ လိုက်နာ
ကျင့်သုံးရမှာတွေ ရှိတယ်။ ကိလေသာကို သတ်ဖြတ်ဖို့ လေးတွေမြားတွေ သုံးစရာ မလိုဘူး။
ဘယ်လို လက်နက်မှလဲ မလိုဘူး။ ဆောင်ရန် ရှောင်ရန်တွေတော့ ရှိတယ်။ မထပဆုံး အနေနဲ့ တဒင်္ဂ
ဝိရတီဆိုတဲ့ ရှောင်ကြဉ်ခြင်း သီလကို ဖြည့်ကျင့်ရမယ်။”
“မြတ်စွာဘုရား . . . တပည့်တော်ကို သင်ပြပေးပါ ဘုရား။ အဲဒီ
သီလကို တပည့်တော် တစ်သက်တာလုံး စောင့်ထိန်းပါ့မယ် ဘုရား။ တစ်ခုခုကို မလုပ်ဘဲ
ရှောင်ကြဉ်ရတာဟာ တစ်ခုခုကို လက်တွေ့ လုပ်ရတာထက် လွယ်ပါတယ် ဘုရား”ဟု သောတ္ထိယက
စိတ်လိုလက်ရ လျှောက်ထား၏။
“သောတ္ထိယ . . . ကိလေသမာရ်ဟာ အသွေးအသား ကိုယ်ခန္ဓာနဲ့
ဆက်စပ်နေတယ်။ စွဲလမ်းစရာဖြစ်တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးလုံးကို မှီတည်ပြီးတော့ ရှင်သန်နေတယ်။
သတ်ဖြတ်မှုကနေ ရှောင်ကြဉ်လိုက်တာဟာ အဲဒီ မာရ်ဆိုးကို အစာရေစာ ဖြတ်တောက်လိုက်တာပဲ။
အဲဒီ မာရ်ဆိုးဟာ သူတစ်ပါးရဲ့ စည်းစိမ်ဥစ္စာပေါ်မှာလည်း မှီတည်ပြီးတော့
ရှင်သန်နိုင်တယ်။ သူတစ်ပါးပစ္စည်းကို ခိုးဝှက်ယူတယ်၊ လုယက်ယူတယ် ဆိုတာဟာ မာရ်ဆိုးရဲ့
လွှမ်းမိုးမှုကြောင့်ပဲ။ ဒါကြောင့် မာရ်ဆိုးကို အနိုင်ယူဖို့ ခိုးဝှက်တာတွေ၊
လုယက်တာတွေက ရှောင်ကြဉ်ရမယ်။ လိင်အကျင့်
ဖောက်ပြန်စေတာဟာလည်း အဲဒီ မာရ်ဆိုးပဲ။ မာရ်ဆိုး ပူးဝင်ခံရသူတွေဟာ
သူ့သားအိမ်ယာကို ကျူးကျော်ပြီးတော့ သာယာမှု ရှာတတ်ကြတယ်။ သောတ္ထိယ . . . ကိုယ့်မယားကလွဲလို့
တစ်ခြားမိန်းမနဲ့ ဆက်ဆံပျော်ပါးတာမျိုး မဖြစ်မိစေနဲ့။ မာရ်ဆိုးကြောင့်ပဲ
လိမ်ညာလှည်းဖြားတာတွေ၊ သေရည်သေရက် မူးယစ်သောက်စားတာတွေ ပြုလုပ်ကြတယ်။ စိတ်ထဲမှာ
စွဲတည်ရှင်သန်တဲ့ မာရ်ဆိုးကို နှိပ်ကွပ်ဆုံးမနိုင်အောင် သတ်ဖြတ်ခြင်း၊
ခိုးဝှက်ခြင်း၊ သူ့သားမယားကို ကျူးလွန်ခြင်း၊ လိမ်ညာခြင်း၊
မူးယစ်သောက်စားခြင်းတွေကို ရှောင်ကြဉ်နိုင်ရမယ်။”
“မြတ်စွာဘုရား . . . ကြမ်းတမ်းတဲ့ မာရ်ဆိုးကို
နှိပ်ကွပ်ဆုံးမနိုင်ဖို့အတွက် အရှင်ဘုရား သွန်သင်ဆုံးမသမျှ လိုက်နာကျင့်သုံးဖို့
အဆင်သင့်ပါပဲ ဘုရား။”
“သောတ္ထိယ . . . မာရ်ဆိုးရဲ့ လက်နက်တွေဟာ ထက်မြက်ချွန်မြတယ်။ တမ်းတမက်မောခြင်း၊
တွယ်တာစွဲလမ်းခြင်း၊ ခက်ထန်ကြမ်းတမ်းခြင်း၊ ၀င့်ကြွားမောက်မာခြင်းတွေ စိတ်ထဲ
ဝင်လာပြီဆိုရင် မာရ်ဆိုးရဲ့ လက်နက်တွေလာ ပိုပြီးတော့ ထက်မြက်ချွန်မြလာနိုင်တယ်။ တမ်းတမက်မောခြင်း၊
တွယ်တာစွဲလမ်းခြင်း၊ ခက်ထန်ကြမ်းတမ်းခြင်း၊ ၀င့်ကြွားမောက်မာခြင်းတွေကို စိတ်ထဲမှာ
မွေးမြူထားပြီး ကိုယ့်စိတ်ကိုယ် မာရ်ဆိုးရဲ့ လက်နက်တွေ သွေးချွန်စရာ
ဓားသွေးကျောက်ဖြစ်အောင် မလုပ်မိပါစေနဲ့။ သောတ္ထိယ . . . ကိလေသမာရ်ကို
မောင်းထုတ်ပြီး ပါရမီအငုတ်ဓာတ်တွေကို မွေးမြူချင်တယ်ဆိုရင် စိတ်ထဲမှာ ပါရမီ
ဓာတ်ကောင်းတွေအတွက် သင့်တော်တဲ့နေရာ ဖန်းတီးပေးနိုင်ရမယ်။ ငါ သွန်သင်ဟောကြားတဲ့ တဒင်္ဂ
ဝိရတီ သီလအကျင့်ကို ကျင့်သုံးနိုင်ရမယ်။”
“မြတ်စွာဘုရား . . . အရှင်ဘုရား ဟောကြားသမျှကို
လိုက်နာကျင့်သုံးပါ့မယ် ဘုရား။ အရှင်ဘုရားရဲ့ အဆုံးအမ မှန်သမျှကို တစ်သက်တာလုံး ခံယူပါ့မယ်
ဘုရား။”
“သောတ္ထိယ . . . ဒါဆိုရင် အဆင်ပြေပါလိမ့်မယ်။
သောတ္ထိယ . . . ဟိုမှာ ကြည့်လိုက်စမ်း။ လေးတွေမြားတွေ
စွဲကိုင်ထားတဲ့ လူနှစ်ယောက် ဒီကို လာနေတာ မြင်ရဲ့လား။ ခြံနွယ်ပိတ်ပေါင်းတွေကြားမှာ
ဟိုကြည့်သည်ကြည့်နဲ့ တစ်ခုခု လိုက်ရှာနေကြတာ . . . မြင်ရဲ့လား။”
“မြင်ပါတယ် ဘုရား။”
“သူတို့ဟာ သောတ္ထိယကို လိုက်ရှာနေကြတာပဲ။ သောတ္ထိယ ကြာနေလို့
မစောင့်နိုင်တော့ဘဲ လိုက်ရှာနေကြတာ။ ငါ့ကို သတ်ပြီး ပြန်လာမယ့် သောတ္ထိယကို သတ်ဖို့
သူတို့က လမ်းဘေးခြုံပုတ်ထဲက စောင့်နေကြတာ။ အခု သူတို့ မစောင့်နိုင်လို့ လိုက်လာကြပြီ။
ငါကို သတ်ဖို့ မဟုတ်ဘူး။ သောတ္ထိယကို သတ်ဖို့ပဲ။ သောတ္ထိယ . . . တစ်ခြားလမ်းကနေ
ထွက်ပြေးပေတော့။ ဒီနှစ်ယောက်ကို သတ်မယ့် တစ်ခြားလူတွေလည်း လိုက်လာနေကြတယ်။
သူတို့နှစ်ယောက် ငါ့ဆီ ရောက်လာရင် သူတို့ကိုလည်း တစ်ခြားလမ်းကနေ ထွက်ပြေးဖို့ ငါ ပြောလိုက်မယ်။”
စိတ်ဝင်တစား စောင့်ကြည့်နေသူ ကုန်သည်ညီနောင်တို့၏
မျက်လုံးများထဲ၌ အံ့သြရိပ်တို့ တရိပ်ရိပ် တိုးနေ၏။ ကြုံတွေ့လိုက်ရသော အဖြစ်အပျက်သည်
ကုန်သည်ညီနောင်အတွက် အိပ်မက်ထက်ပင် ထူးဆန်းနေ၏။ အိပ်မက်ထက်ပင် ရင်သပ်ရှုမော
အံ့သြစရာ ကောင်းနေတော့၏။
:)
ရှင်အာစာရ
-----
Ref:
Portrait of the Buddha (from a
Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ
မတွေ့ရပါ။)
No comments:
Post a Comment