Sunday, June 2, 2013

QnA


ဆရာတော်ဘုရား
ယနေ့ည မေးမြန်းသော မေးခွန်းများမှာ
၁။ ကိုကြီးကျော်၏ အမေးပါ ဘုရား
* ယခု လတ်တလော ဖြစ်ပေါ်နေသော ဘာသာရေး ပြဿနာများကိုး မည်သို့ သုံးသပ်ပါသလဲ ဘုရား။
အခြားသော ဘာသာရေး ခေါင်းဆောင်များမှ စီမံကိန်းများ စီမံချက်များ ရှိပါတယ် ဘုရား။ ဗုဒ္ဓဘာသာရေး ခေါင်းဆောင်များ ဖြစ်ကြသော ဆရာတော်တို့မှာ စီမံကိန်းများ စီမံချက်များ ရှိပါသလား ဘုရား။
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမများ အနေဖြင့်လည်း မည်သို့ ကျင့်ဆောင်လိုက်နာရပါမည်လဲ ဘုရား။

-----

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အစ္စလာမ် ပြဿနာကို ဆိုလိုဟန်တူပေသည်။ ထိုထိုးနှက်မှုအတွက် ခံစစ်ကိုပင် စနစ်တကျ တည်ဆောက်နိုင်ရန် အားခဲကြရပေဦးမည်။ ကိုယ့်ဘာသာတရားကို ကိုယ်ချစ်တတ်အောင်၊ လေးစားမြတ်နိုး တန်ဖိုးထားနိုင်ကြအောင် စီစဉ်ကြရပေဦးမည်။ မြန်မာဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် ဘာသာရေးအသိ မရှိသူ အရေးအတွက် တိုးတက်လျက် ရှိနေသည်ဟု ထင်မိသည်။ ဗုဒ္ဓဘာသာ အစဉ်အလာ ကောင်းသော နိုင်ငံတော် အတွင်း၌ ဘုရားတရားနှင့် အလှမ်းဝေးနေသူတို့ ဖောင်စီးရင်း ရေငတ်သကဲ့သို့၊ ရဟန်းရှင်လူ အများစုမှာ ရှေးရှေး ဘိုးဘတို့၏ ဘာသာရေး အမွေအနှစ်ကိုသာ ထိုင်စားနေကြဘိသကဲ့သို့ မြင်မိပြန်သည်။ ဘာသာချစ်စိတ် ရှိသူတို့မှာ ကိုယ်တိုင် အားထုတ်မှုဖြင့် ဘုရားတရားနှင့် အဆက်အစပ် ရှိနေကြသည်။ ဘာသာဝင် အားလုံးအတွက် အကွက်ကျကျ သွန်သင်ပေးမှုမျိုး နည်းနေသည် ထင်၏။ ရှေးဘိုးဘတို့သည် ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းမှာ အရေးအဖတ် အတွက်အချက် သင်ယူရင်း တရားဓမ္မနှင့် ထိတွေ့ခွင့် ရခဲ့ကြသည်။ ခေတ်၏ တောင်းဆိုမှုကြောင့် ခေတ်ပညာသင် ကျောင်းများ ပေါ်ပေါက်လာချိန်မှ စ၍ မြန်မာကလေးငယ်တို့ တတ်သင့်သော ပညာရပ်များကို ဘုန်းကြီးကျောင်းမှာ သင်ယူခွင့် မရှိတော့။ ဆရာဘုန်းကြီးလည်း မဟုတ်တော့။ ကျောင်းနေချိန်၌ တရားဓမ္မနှင့် ထိတွေ့မှု နည်းလာ၏။ တစ်ချို့မှာ လုံးလုံးလျားလျား ကင်းကွာ သွား၏။ ထိုအားနည်းချက်ကို ဖြည့်ဆည်း၍ ခံစစ်ကို ပြန်လည်ထူထောင်ကြရပေမည်။ ကလေးတို့ ဗုဒ္ဓဘာသာ တရားတော်နှင့် ထိတွေ့ခွင့် ရလာပြီး ဘာသာချစ်စိတ် ရှိလာအောင် ဆောင်ရွက်ကြရပေမည်။ ခံစစ်ကိုပင် တစ်နည်းအားဖြင့် တိုက်စစ်ဟုလည်း ခေါ်နိုင်၏။ ယနေ့ ရှိနေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် အမျိုးသား ပညာရေးအတွက် ကြီးသော အထောက်အပံ့ဖြစ်၏။ သို့သော် အများစုမှာ ဘာသာရေးအမွေ အပ်နှင်းရာ ဒေသကား မဟုတ်သေးပေ။ ဟုတ်နိုင်အောင် လုပ်ပေးသင့်ကြ၏။ လတ်တလော ဖြစ်ပေါ်နေသော ပြဿနာ အကြပ်အတည်းကို ဖြေလျှော့နိုင်စေရန်၊ ထိုးနှက်မှုကို ကြံ့ကြံ့ခိုင်နိုင်ရန် မျိုးဆက်သစ်တို့၏ သန္တာန်၌ ဘာသာချစ်စိတ် ကိန်းဝပ်လာအောင် ပံ့ပိုးပေးသင့်ကြသည်။ ထိုးနှက်မှု၊ ထိုးဖောက်မှုကို ကြံ့မခံနိုင်ခဲ့ခြင်းသည် ယနေ့ ဖြစ်ပေါ်နေသော ပြဿနာ၏ အဓိက အကြောင်းရင်း တစ်ခုဖြစ်သည်ဟု ထင်မိသည်။ ခံစစ်သာ ကောင်းခဲ့လျှင် ပြဿနာ ပြင်းထန်ခဲ့မည် မဟုတ်ပေ။ ဘာသာချစ်စိတ်ဖြင့် ကြံ့ကြံ့မခံနိုင်ခဲ့ကြဘဲ နောက်မှ ထ၍ ပေါက်ကွဲရခြင်းမျိုး နောက်နောင် မဖြစ်ရအောင် ကြံဆောင်ကြဖို့ လိုသည်။

-----

“တပည့်တော်တို့ ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမများ အနေဖြင့်လည်း မည်သို့ ကျင့်ဆောင်လိုက်နာရပါမည်လဲ ဘုရား။”ဆိုသော စကားကို လေးစားမိသော်ငြားလည်း “ဆရာတော်တို့မှာ စီမံကိန်းများ စီမံချက်များ ရှိပါသလား”ဆိုသော မေးခွန်းအတွက် တိကျသော အဖြေ မရှိသေးကြောင်း ရှက်နိုးစွာ ၀န်ခံလိုက်ရတော့သည်။

:)

ရှင်အာစာရ

(23May13, Koh Tao)

No comments:

Post a Comment