Thursday, June 6, 2013

သိမ်မွေ့သောလမ်း (၁၂)


 ပဉ္စမနေ့ - မေတ္တာဘာဝနာ

(ဟောင်ကောင်၊ ၁၀ အောက်တိုဘာ၊ ၁၉၉၇)

ဆရာကြီး။  ။ တစ်ခါ တွေ့ကြပြန်ပါပြီ။ အားလုံးသိကြတဲ့အတိုင်း ဒီနေ့ ဟောပြောမယ့် အကြောင်းအရာက မေတ္တာဘာဝနာ ဖြစ်ပါတယ်။ ပါဠိလို မေတ္တာဆိုတဲ့ စကားလုံးကို ချစ်ခြင်းမေတ္တာလို့ ဘာသာပြန်ပါတယ်။ ချစ်ခြင်းမေတ္တာလို့ ဘာသာပြန်သလို သနားကြင်နာခြင်းလို့လည်း ဘာသာပြန်ကြပါတယ်။ ဆိုလိုတာကတော့ ဖော်ရွေရင်းနှီးမှုပါပဲ။

မေတ္တာအစ မိမိက

မေတ္တာ ကိုယ့်ကိုယ်ကိုယ် စပြီး ပွားရပါတယ်။ ဒါဟာ စိတ်ပညာ ရှုထောင်ကကြည့်ရင် တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် တရင်းတနှီး အကျွမ်းတဝင် နေတတ်အောင် လေ့ကျင့်ဖို့ တကယ့်ကို အရေးကြီးပါတယ်။ အဖော်ရွေဆုံး နည်းလမ်းနဲ့ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားပါလို့ ပြောချင်ပါတယ်။ ကိုယ်စိတ်နဲ့ကိုယ့်ကိုယ် ဆက်စပ်မိနေဖို့အတွက်၊ ကိုယ်တစ်ယောက်တည်း အေးအေးလူလူ ဖြစ်နေဖို့အတွက် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေနိုင်ရပါမယ်။ ကိုယ့်ဟာကိုယ် ကိုယ့်ခန္ဓာအိမ်ဆီ သွားနေတယ်လို့ ခံစားပါ။

ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဆက်စပ်မိနိုင်မှ သူတစ်ပါးနဲ့လည်း ဖော်ဖော်ရွေရွေ ဖြစ်နိုင်ပါတယ်။ အဲဒီအခါကျမှပဲ ကိုယ့်နှလုံးသားဟာ သူတစ်ပါးအတွက် ပွင့်ပွင့်လင်းလင်း ဖြစ်လာပါနိုင်ပါတယ်။ မဟုတ်ရင်တော့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် မနှစ်သက်နိုင်တော့ပါဘူး။ မကျေမနပ် ဖြစ်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ် အနှုတ်လက္ခဏာ ထည့်တဲ့အကျင့် ရလာပါမယ်။ ဒီလိုနည်းနဲ့ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ရန်သူ ဖြစ်အောင် လုပ်ပါတယ်။ ကိုယ့်ဒုက္ခ ကိုယ်ဖန်တီးပါတယ်။ သူတစ်ပါးကိုလည်း ဒုက္ခပေးပါတယ်။

ဒါဟာ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အချက်ပါပဲ။ ကိုယ့်ဟာကိုယ် ဖော်ဖော်ရွှေ ဖြစ်နေအောင်၊ ကိုယ်တစ်ယောက်တည်း နှစ်လုံးသား ပွင့်လင်းနေအောင်၊ သူတစ်ပါး အတွက်လည်း နှလုံးသား ပွင့်လင်းနေအောင် လေ့ကျင့်သင်ယူရာမှာ အရေးပါတဲ့ အချက်ပါပဲ။ ကျွန်တော့် ဟောပြောချက်ကို ခင်ဗျားတို့ ကိုယ်တွေ့နဲ့ ဆက်စပ်ကြည့်နိုင်ပါတယ်။ ကြိုးစားကြည့်ပါ။ ကျွန်တော့် ဟောပြောချက်ကိုက ဘာဝနာ ကမ္မဋ္ဌာန်း ဖြစ်နေပါလိမ့်မယ်။

ခွင့်လွှတ်ခြင်းနှင့် နှလုံးသားဒဏ်ရာ

ချစ်ခြင်းမေတ္တာရဲ့ သဘောလက္ခဏာ နောက်တစ်ခုက ခွင့်လွှတ်ခြင်း ဖြစ်ပါတယ်။ လူသားတွေမှာ ဒဏ်ရာဒဏ်ချက်တွေ ရှိနေတယ်လို့ ဆိုချင်ပါတယ်။ တစ်ဘက်သားကြောင့် ရတဲ့ဒဏ်ရာလည်း ရှိပါတယ်။ တစ်ဘက်သားကို ဒဏ်ရာရအောင်လုပ်ပြီး ကိုယ့်ဟာကိုယ် ဒဏ်ရာရလိုက်တာလည်း ရှိပါတယ်။ ကျွန်တော် အပါအဝင် ဒီမှာ ရှိကြသူတွေ အားလုံး ဒီလို ဒဏ်ရာတွေနဲ့ပါ။ တစ်ချို့ လူတွေက ဒီဒဏ်ရာတွေကို မွေးမြူထားကြပါတယ်။ ဒီဒဏ်ရာတွေကို မကုစားဘဲ မွေးမြူထားတယ်ဆိုရင် ကိုယ့်အတွက်ရော သူတစ်ပါး အတွက်ပါ ဆင်းရဲဒုက္ခ ဖန်းတီးရာ ရောက်ပါတယ်။ ဆင်းရဲဒုက္ခတွေဟာ မွေးမြူထားတဲ့ ဒဏ်ရာတွေနဲ့ ဆက်စပ်နေတယ်ဆိုတာ မသိဘဲနဲ့ ဆင်းရဲဒုက္ခတွေ ဖန်တီးမိနေပါတယ်။

ဒဏ်ရာဒဏ်ချက်တွေက ခန္ဓာကိုယ် အပေါ်မှာလည်း နည်းမျိုးစုံနဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ တင်းကြပ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေဟာ မွေးမြူထားတဲ့ ဒဏ်ရာတွေနဲ့ ဆက်စပ်နေပါတယ်။ ချုပ်တီးထားတဲ့ စိတ်ခံစားမှုတွေနဲ့ ဆက်စပ်နေပါတယ်။ ဒဏ်ရာဒဏ်ချက်တွေက ရောဂါဝေဒနာကိုလည်း ဖန်တီးနိုင်ပါတယ်။ နောက်တစ်ခု ထိခိုက်ပုံက . . . ကျွန်တော်တို့ကို အအိပ်ပျက်စေပါတယ်။ အိပ်မက်ဆိုးတွေ မက်နေကြသလား။ အိပ်မက်ထဲမှာ စိတ်ဆိုးဒေါသ ဖြစ်တတ်ကြသလား။ အိပ်မက်ထဲမှာ ငိုရတတ်သလား။ သက်ရောက်မှု နောက်တစ်မျိုးက . . . ကျွန်တော်တို့ ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာတတ်ပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာကိုတော့ မသိနိုင်ကြပါဘူး။ ရုတ်တရက် ငိုချင်သလိုလို ခံစားရတယ်။ ရုတ်တရက် ကြောက်လာတယ်။ ရုတ်တရက် ဝမ်းနည်းလာတယ်။ အကြောင်းရင်းကိုတော့ ရှာမတွေ့နိုင်ကြပါဘူး။

သက်ရောက်ပုံ နောက်တစ်မျိုးက . . . စိတ်လှုပ်ရှား ခံစားမှုတွေ၊ ဒဏ်ရာတွေဟာ ကွယ်လွန်ချိန်မှာ ပေါ်လာတတ်ပါတယ်။ ကွယ်လွန်ချိန်မှာ သူတို့ ဘာဖြစ်လို့ ပေါ်လာသလဲဆိုတာကို . . . စိတ်ဝင်စားစရာ ကောင်းပါတယ်။ အသက်ရှင်နေတုန်းမှာ ကျွန်တော်တို့က ဒဏ်ရာတွေကို သတိထား မကြည့်မိဘဲ ဖိနှိပ်ထားတာ၊ ထုတ်ပယ်ထားတာ ဖြစ်နိုင်ပါတယ်။ ကွယ်လွန်ချိန်မှာ စိတ်ဓာတ်ရော ခန္ဓာကိုယ်ပါ အားနည်းနေတော့ သူတို့ ပေါ်ထွက်လာတာပေါ့။

ဒီဒဏ်ရာတွေကို မကုစားဘူးဆိုရင် ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း အသက်မရှင်နိုင်ဘူး၊ ကြည်ကြည်သာသာ မအိပ်စက်နိုင်ဘူး၊ အေးအေးဆေးဆေး မသေနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ကို ပြသနေပါတယ်။ ဒါကြောင့် ဒဏ်ရာတွေကို ကုစားဖို့ တကယ်ပဲ အရေးကြီးပါတယ်။ ဒီဒဏ်ရာတွေကို ကုစားရာမှာ မေတ္တာဘာဝနာက အထောက်အကူ ပေးပါတယ်။ မေတ္တာတရား လက်ကိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ်အောင်၊ သူတစ်ပါးကိုလည်း ခွင့်လွှတ်တတ်အောင် လေ့ကျင့်သင်ကြားခြင်းအားဖြင့် ဒဏ်ရာတွေကို ကုစားနိုင်ပါတယ်။ ငါဟာ လူသားပါလားလို့ နားလည်ရင် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ပါတယ်။ သူတို့လည်း လူသားပါလားလို့ နားလည်ရင် သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်ပါတယ်။ အတိတ်ဟာ အတိတ်မှာပဲ ကျန်ခဲ့ပြီလို့ နားလည်ခြင်းအားဖြင့် ဒဏ်ရာတွေကို စွန့်လွှတ်လိုက်နိုင်ပါတယ်။ အတိတ်ကို မပြုပြင် မပြောင်းလဲနိုင်တော့ပါဘူး။ ဒီတော့ ဘာဖြစ်လို့ အတိတ်ဝန်ထုပ်ကို ထမ်းပိုးထားရမှာလဲ။ အတိတ်ဒဏ်ရာ ဝန်ထုပ်တွေကို သယ်ပိုးထားရင် ပစ္စုပ္ပန် အခြေအနေမှာ ကိုယ့်အတွက်ရော သူတစ်ပါး အတွက်ပါ ဆင်းရဲဒုက္ခတွေ တစ်ခုပြီးတစ်ခု ဖန်းတီးမိတတ်ပါတယ်။

အခြေအနေဆိုး မိတ်ဆွေ

မနှစ်သက်ဆရာ အခြေအနေဆိုးတွေ၊ မလိုလားအပ်တဲ့ စိတ်လှုပ်ရှား ခံစားမှုတွေနဲ့ ကြုံတွေ့ရရင်လည်း မေတ္တာကို အသုံးပြုနိုင်ပါတယ်။ ဒါဟာလည်း မေတ္တာ ဘာဝနာရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ စိတ်လှုပ်ရှား ခံစားမှုတွေ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ ဖြစ်ပေါ်လာတဲ့ အခါမှာ ကျွန်တော်တို့ သူတို့ကို မကြိုက်ကြပါဘူး။ မုန်းတီးမိပါတယ်။ တိုက်ခံဆန့်ကျင်ပါတယ်။ အတိုက်အခံလုပ်တဲ့အခါကျတော့ သူတို့က ပိုပြီး အားကောင်းလာပါတယ်။ ပိုပြီး အစွမ်းထက်လာပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ မလိုလားအပ်တဲ့ စိတ်လှုပ်ရှား ခံစားမှုတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ မေတ္တာဘာဝနာကို လေ့လာကျင့်သုံးနိုင်ပါတယ်။ အလွယ်ဆုံး မိတ်ဆွေဖွဲ့နည်းက . . . အဆင်မပြေတာလည်း အဆင်ပြေပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တာ ဖြစ်ပါတယ်။ ဆိုလိုတာက ကြုံရတဲ့ မလိုလား မနှစ်သက်စရာ စိတ်လှုပ်ရှား ခံစားမှုတွေကို လက်ခံလိုက်တာ ဖြစ်ပါတယ်။

ကောင်းသောအမြင်

ကိုယ့်ရဲ့ အားသာချက်၊ ကိုယ့်ရဲ့ ကောင်းမြတ်မှု၊ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ဗုဒ္ဓသဘာဝကို မြင်နိုင်အောင် လေ့ကျင့်တာဟာလည်း မေတ္တာရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။  ကိုယ့်အမှားတွေကိုပဲ မြင်နေတာ၊ ကိုယ့်ရဲ့ မကောင်းကွက်တွေကိုပဲ မြင်နေတာ၊ ကိုယ့်ကိုယ်ကိုယ် အနှုတ်လက္ခဏာတွေ ထည့်ပေးနေတာကတော့ ကိုယ်ကိုယ်တိုင် ကိုယ့်ရန်သူဖြစ်အောင် လုပ်နေတာပါပဲ။ ကိုယ့်ရဲ့ အားသာချက်ကို မြင်နိုင်အောင် လေ့ကျင့်ဖို့ အလွန် အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပေါင်းလက္ခဏာ ပေးနိုင်အောင် လေ့ကျင့်ဖို့၊ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ဗုဒ္ဓသဘာဝကို မြင်နိုင်အောင် လေ့ကျင့်ဖို့ တကယ့်ကို အရေးကြီးပါတယ်။ ဒါကို လုပ်နိုင်တယ်ဆိုရင် သူတစ်ပါးရဲ့ အားသာချက်တွေကိုလည်း မြင်တတ်လာပါတယ်။ သူတစ်ပါးကို အပေါင်းလက္ခဏာတွေ ပိုပိုပြီး ပေးလာနိုင်ပါတယ်။ သူတစ်ပါး သန္တာန်မှာ ရှိနေတဲ့ ဗုဒ္ဓသဘာဝကိုလည်း ပိုပိုပြီး မြင်လာနိုင်ပါတယ်။ အဲဒီကနေ တစ်ဆင့် မိမိနဲ့ သူတစ်ပါး ကွဲပြားခြားနားခြင်း မရှိတော့တဲ့အဆင့် ရောက်သွားပါလိမ့်မယ်။

အကြင်နာတရား

သူတစ်ပါးနဲ့ ဆက်စပ်ပတ်သက်လို့ ကြင်နာတတ်အောင်၊ သနားတတ်အောင် လေ့ကျင့်တာဟာလည်း မေတ္တာရဲ့ လက္ခဏာပါပဲ။ ကိုယ့်သန္တာန်မှာ မေတ္တာတရား ပိုလို့ပိုလို့ ဖွံ့ဖြိုးလာအောင် လုပ်နိုင်တဲ့ အခါမှာ အလိုအလျောက် သဘာဝအတိုင်းပဲ ကိုယ် ပြုသမျှ၊ ကိုယ် ပြောသမျှ၊ ကိုယ် ကြံသမျှတွေဟာ မေတ္တာအပြု၊ မေတ္တာအပြော၊ မေတ္တာအကြံတွေ ဖြစ်လာပါတယ်။ သူတစ်ပါးနဲ့ ဖော်ဖော်ရွေဖြစ်အောင်၊ သူတစ်ပါးကို ကြင်နာနိုင်အောင်၊ သူတစ်ပါးအတွက် စာနာခံစားတတ်အောင် လေ့ကျင့်တဲ့ အခါမှာ ပျော်ရွှင်မှုတွေ ကျေနပ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဘာ့ကြောင်လဲ။ ကိုယ့်ကြောင့် သူတစ်ပါး ပျော်ရွှင်တာကို မြင်ရတဲ့အခါမှာ ကိုယ်လည်း ပျော်ရလို့၊ လွတ်လပ်ပေါ့ပါးရလို့ ပါပဲ။


:)
ရှင်အာစာရ

-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment