Thursday, April 11, 2013

တရားမင်းသခင် - ၅၆။ အေးရိပ်အေးဓာတ် နွေးရိပ်နွေးဓာတ်



(. . . . .မှ အဆက်)

မာဂဏ္ဍီ မိဖုရား၏ ရန်ငြိုးဒေါသ မပြေငြိမ်းသေးပေ။ မာဂဏ္ဍီ မိဖုရားသည် ဘုရားရှင်အပေါ် ဘုရင်ကြီး အမျက်ထွက်အောင်လည်း မလုပ်နိုင်၊ အများပြည်သူတို့ ဘုရားရှင်ကို ဆန့်ကျင်အောင်လည်း မလှုံ့ဆော်နိုင်သည် ဖြစ်၍ ဘုရားရှင်ကို ထက်သန်သော သဒ္ဓါဖြင့် ကြည်ညိုနေသူ သာမာဝတီ မိဖုရားကို ချောက်တွန်းရန် ကြံလေ၏။

တစ်နေ့သ၌ ဥဒေန မင်းကြီးသည် မာဂဏ္ဍီ မိဖုရား၏ အဆောင်သို့ ကြွတော်မူလေရာ မိဖုရားသည် မင်းကြီးကို ခဲဘွယ်ဘောဇဉ်နှင့် အရက်သေစာများ တိုက်ကျွေးပြုစုပြီး မင်းကြီးနှင့်အတူ သလွန်ထက်၌ လျောင်းစက်စဉ် မင်းကြီး၏ ရင်ခွင်ကို ဦးခေါင်းနှင့် တိုးဝှေ့ကာ မှေးစက်ရင်း ညုချွဲသော လေသံဖြင့် စကားဆို၏။

“မောင်တော်ဘုရား . . . နှမတော်ဟာ ဒီကမ္ဘာပေါ်မှာ အချောဆုံး အလှဆုံး မိန်းမပါလို့ မောင်တော် အမိန့်ရှိဖူးတာကို မှတ်မိသေးရဲ့လား . . .။ နှမတော်ရဲ့ ဘ၀တစ်လျှောက်လုံး . . . နှမတော်ရဲ့ အကြည့်၊ နှမတော်ရဲ့ အတွေ့အထိ၊ နှမတော်ရဲ့ ချစ်ခြင်းမေတ္တာတွေဟာ မောင်တော့်အတွက်ပဲ ဖြစ်ခဲ့တာပါ။ မောင်တော်ရဲ့ မိဖုရားခေါင် ဖြစ်တဲ့အချိန်က စပြီး နှမတော် လက်လှုပ်ခြေလှုပ်တာ၊ နှမတော် မျက်လုံးဖွင့်တာတွေတောင်မှ မောင်တော်ပျော်ဖို့၊ မောင်တော် နှစ်သက်ဖို့ပဲ ဖြစ်ခဲ့တာပါ . . .။ နှမတော်က နေ့နေ့ညည မောင်တော့်ကိုပဲ တမ်းတမ်းတတ သတိရနေတာပါ။ မောင်တော့်အကြောင်းပဲ စဉ်းစားနေတာပါ။ မောင်တော်ဟာ နှမတော်ရဲ့ စိတ်ဝိဥာဉ်ကို ပိုင်စိုးသူပါ။ မောင်တော် ကျေနပ် ပျော်ရွှင်ကြည်နူးနိုင်ဖို့ နှမတော်ရဲ့ ဘ၀တစ်ခုလုံး ပေးဆပ်ထားတာပါ။ နှမတော် အသက်ရှင် နေတာဟာ မောင်တော့်အတွက်ပါ . . ။ နှစ်မတော်က မောင်တော့်ကို အူလှိုက်သည်းလှိုက် တွယ်တာမြတ်နိုးတာပါ။ ဒီကြားထဲက . . . ဒီမယ် မောင်တော် . . .။ မောင်တော်က ဘာဖြစ်လို့ သာမာဝတီနဲ့ ပေါင်းချင်နေရတာလဲ။ နှမတော်ဆီက မရနိုင်တဲ့ ပျော်ရွှင်ကျေနပ်မှုမျိုး သာမာဝတီဆီက ရနေလို့လား။” 

“နှမတော်ရဲ့ အတွေ့အထိဟာ မောင်တော့်အတွက် မြတ်နိုးစရာပါ။ အမြဲပဲ သစ်လွင်လတ်ဆတ် နေတာပါပဲ။ သာမာဝတီဆီက မောင်တော်ရရှိတဲ့ ကျေနပ်မှုဟာ နှမတော်ရဲ့ အတွေ့အထိက ရရှိတဲ့ . . . ချိုမြိန်လတ်ဆတ်မှုနဲ့ မတူဘူး။ ရသ မတူဘူး . . .။ မောင်တော်ရဲ့ ခံစားချက်ကို တိတိကျကျ ပြောမပြတတ်ဘူး နှမတော် . . .။ တစ်ခါတစ်ခါ သူ့အဆောင်ကို မောင်တော်သွားတဲ့အခါ . . . သူ့ရဲ့ သိမ်သိမ်မွေ့မွေ့နဲ့ အပြစ်ကင်းတဲ့ မျက်နှာလေးကို မောင်တော် . . . အကြာကြီး ငေးကြည့်နေမိတတ်တယ် . . .။ သူ့မျက်နှာကို ချစ်စနိုး ပွတ်သပ် နမ်းရှိုက်ပြီးမှ သူ့ဆီက ပြန်လာခဲ့တာပဲ။ သူ့ဆီက ပြန်တော့မယ်ဆိုရင် သူက မောင်တော်ရဲ့ ခြေအစုံကို တရိုတသေ တမြတ်တနိုး ဆုပ်ကိုင်ပြီး အရိုအသေ ပေးတတ်တယ်။ ဒီမယ် မာဂဏ္ဍီ . . . သာမာဝတီရဲ့ အဆောင်ကနေ ပြန်လာတဲ့ အခါတိုင်း ရသေ့ရဟန်း သူတော်စင်တို့ရဲ့ ကျောင်းသင်္ခမ်းက ပြန်လာတဲ့ ဥပါသကာ တစ်ယောက်ရဲ့ ခံစားချက်မျိုး မောင်တော် ခံစားရတယ်။ မောင်တော့် စိတ်ထဲမှာ ငြိမ်းချမ်းသွားတာချည်းပဲ။ မောင်တော် သူ့ဆီက ပြန်လာရင် ဖြည်းဖြည်းသက်သာ လျှောက်လှမ်းနေမိတတ်တယ်။ ခြေလှမ်း စိတ်စိတ်နဲ့ အေးအေးဆေးဆေး လျှောက်လှမ်းနေမိတတ်တယ်။ အပြန်လမ်းမှာ အဝေးကြီးကို မျှော်ငေး မကြည့်ဘူး။ ခေါင်းငိုက်စိုက် ချနေတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမယ့် မာဂဏ္ဍီ . . . နှမတော်ရဲ့ အဆောင်ထဲ ၀င်လိုက်တဲ့ အခါမှာတော့ နှမတော်ရဲ့ ရမ္မက်မြူးကြွတဲ့ ပုံပန်းသွင်ပြင်ကြောင့် မောင်တော် အရူးအမူး ဖြစ်သွားရတယ်။ နှမတော်ကို သိမ်းကြုံးပွေ့ပိုက်ချင်တဲ့ အလိုရမ္မက်တွေ တက်ကြွလာတယ်။”

“ဒါဆိုရင် . . . ၀ါသဘဒတ္တာရော . . . ဘယ်လိုလဲ။”

“၀ါသဘဒတ္တာကတော့ နှမတော်ရဲ့ အလှနဲ့ သာမာဝတီရဲ့ သန့်စင်ခြင်းတို့ ပေါင်းစပ်ထားတဲ့ အမျိုးသမီးပဲ။ တစ်ခု ထူးခြားတာက ၀ါသဘဒတ္တာဟာ ဉာဏ်ပညာ ကြီးမားတယ်။ သူနဲ့ စကားပြောရတာဟာ အကြံပေး အရာရှိ ပုဏ္ဏားတော်တွေနဲ့ တိုင်ပင်ဆွေးနွေးရတာထက် ပိုပြီးတော့တောင် အကြံဉာဏ်ကောင်းတွေ ရရှိနိုင်တယ်။ ဒီ မိဖုရား သုံးယောက်လုံးကို မောင်တော် လိုအပ်တယ် . . .။”

“သာမာဝတီ မိဖုရားဟာ မောင်တော်ရဲ့ ကျေးဇူးကြောင့် ခမ်းနားတဲ့ နန်းဆောင်ထဲမှာ ရံရွေတော် ငါးရာနဲ့ ချမ်းချမ်းသာသာ နေနိုင်တာပါ။ အရင်က ခြေသလုံးအိမ်တိုင် ဖြစ်ခဲ့ပေမယ့် မောင်တော်ရဲ့ ကျေးဇူးကြောင့် ထီးနန်းစည်းစိမ် ခံစားနေရတာပါ။ ဒါပေမယ့် သူ့ရဲ့ အတွေးထဲမှာတော့ ဂေါတမဘုရားပဲ ရှိပါတယ်။ မောင်တော် မရှိပါဘူး။ သာမာဝတီဟာလေ . . . နှမတော်လိုသာ အဆောင်တော်ကို စိတ်တိုင်းကျ ၀င်ခွင့်ထွက်ခွင့် ရထားမယ်ဆိုရင် ဃောသိတာရုံ ကျောင်းမှာပဲ ညအိပ်ပါလိမ့်မယ်။ ညညဆိုရင် ဃောသိတာရုံ ကျောင်းဘက်ကို လှမ်းကြည့်နိုင်အောင် သူ့အဆောင် ပြတင်းပေါက်တွေကို အမြဲဖွင့်ထားတာပါ။ သာမာဝတီဟာ နေ့တိုင်းနေ့တိုင်း ဆယ်ကြိမ်ဆယ့်ငါးကြိမ် အထိတောင် ဃောသိတာရုံ ကျောင်းဘက်လှည့်ပြီး အရိုအသေ ပေးပါတယ်။ ဃောသိတာရုံ ကျောင်းကို ငေးစိုက်ပြီး ကြည့်နေတာ . . .။ ဂေါတမဘုရားကို အရိုအသေပေးတယ် ပြောတာပဲ။ မောင်တော်ဘုရား . . . သာမာဝတီဟာ ဂေါတမဗုဒ္ဓကို အရူးအမူး တပ်မက်စွဲလမ်းနေတာပါ။ သူက သင်္ကန်းရောင်နဲ့တူတဲ့ အ၀ါရောင် ဆိုရင်ကိုပဲ စွဲလမ်းနေတာ . . . မောင်တော်ရဲ့ . . .။ ဘ၀ဒုက္ခတွေကိုသာ ဟောလေ့ပြောလေ့ရှိတဲ့ ရဟန်းတစ်ပါးကို သူ အခုလို ချစ်ကြိုက်စွဲလမ်းဖို့ မလိုပါဘူး။ သူ့မှာ ဘယ်လို ဘ၀ဒုက္ခတွေ ရှိနေလို့လဲ။ နန်းတော်ထဲမှာ ဇိမ်ကျနေတဲ့ဟာပဲ။ တကယ်တော့ မောင်တော် . . . သာမာဝတီဟာ ဂေါတမဗုဒ္ဓကို ကျိတ်ပုန်း ကြိုက်နေတာပါ။ သူ . . . ဂေါတမကို ကြိုက်နေတာပါ။ ဂေါတမရဲ့ ကျောင်းဘက်ကနေ တိုက်ခတ်လာတဲ့ လေကိုတောင်မှ သူ . . . ကြိုက်နေတာပါ။”

ဥဒေနမင်းကြီး ဒေါသထွက်သွားပြီး မတ်တတ်ရပ်လိုက်၏။

“မာဂဏ္ဍီ . . . ပေါက်တတ်ကရတွေ တော်တော်ပြောတတ်တာပဲ။ ၀န်တိုစိတ်လည်း တယ်ကြီးသကိုး . . .။ မိန်းမ ပီသလိုက်တာ။ သာမာဝတီကတော့ မာဂဏ္ဍီနဲ့ တော်တော်ကွာတယ်။ သာမာဝတီဟာ သဒ္ဓါတရား အားကောင်းတယ်။ သူ ဘုရားရှင်ကို ဘယ်လောက် လေးစားတယ်ဆိုတာ ငါ သိတယ်။ အဲဒါကို အပြစ်လို့ ငါ မယူဆဘူး။”

မင်းကြီး အမျက်ထွက်သွားသော်လည်း မာဂဏ္ဍီသည် သူပြောချင်ရာ ဆက်လက် ပြောဆိုနေ၏။

“သည်းခံတော်မူပါ မောင်တော်ဘုရား . . .။ သာမာဝတီကို နှမတော် မနှစ်သက်တာ မှန်ပါတယ် . . .။ ဒါလည်း မောင်တော့်ကို ချစ်လွန်းလို့ပါ . . .။ မောင်တော့်ကို မလိုလားသူ မှန်သမျှကို နှမတော် မုန်းတီးပါတယ်။ မောင်တော်ဘုရား . . . သာမာဝတီဟာ ဂေါတမရဲ့ အပေါ်ပိုင်း ကိုယ်တစ်ဝက်ပုံကို စန္ဒကူးနီနဲ့ ထုလုပ်ပြီး သူ့အိပ်ခန်းထဲမှာ ထားပါတယ်။ ဧည့်ခန်းဆောင်မှာ ထားတာတောင် မဟုတ်ပါဘူး။ အဲဒီ သစ်သားရုပ်တုကို မောင်တော် . . . တွေ့ဖူးလား . . .။ တိတ်တဆိတ် သွားကြည့်ပါလား . . .။ ဂေါတမပုံ သစ်သားရုပ်တုကို သာမာဝတီ ပွေ့ပိုက် နမ်းရှိုက်နေတာတောင် တွေ့ချင်တွေ့ရလိမ့်မယ် . . .။ ကြည်ညိုသဒ္ဓါစိတ်နဲ့ လုပ်နေတာလား လောကီတဏှာစိတ်နဲ့ လုပ်နေတာလားဆိုတာ မောင်တော်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေါ့။ သာမာဝတီရဲ့ အိပ်ခန်းထဲမှာ မောင်တော့်ပုံတူ တစ်ပုံမှ မရှိပါဘူး။ ချောင်ကျကျ နေရာမှာတောင် မရှိပါဘူး။ ကြည့်ပါဦး မော်တော်ဘုရား . . .။ စန္ဒကူးဖြူနဲ့ ထုလုပ်ထားတဲ့ ဟို ရုပ်တုကို မြင်ရဲ့လား။ မောင်တော်ရဲ့ ရုပ်ပွားပါ။ မနက်တိုင်း ညနေတိုင်း နံ့သာတိုင်တွေနဲ့ နှမတော် ပူဇော်ပါတယ်။ ရုပ်ပွားတော်ရှေ့မှာ ဒူးထောက်ပြီး လေးလေးစားစား ရှိခိုးတာပါ။ ဘာဖြစ်လို့လဲဆိုတော့ မောင်တော်ဟာ နှမတော်အတွက် ကယ်တင်ရှင်၊ နှမတော်အတွက် သူတော်စင်၊ နှမတော်အတွက် နတ်ဒေ၀ါ ဖြစ်နေလို့ပေါ့ . . .။ မောင်တော်ဘုရား . . . သာမာဝတီကတော့ မောင်တော့်ကို ပူဇော်ပသတယ်လို့ မရှိပါဘူး။ သူက တရားဓမ္မ ဟောပြသူဆိုတဲ့ ဂေါတမကိုပဲ အာရုံစိုက်တာပါ။ ဂေါတမကိုပဲ ပူဇော်ပသတာပါ။”

ဥဒေန မင်းကြီးသည် မာဂဏ္ဍီကို ဘာမှ ပြန်မပြောဘဲ မာဂဏ္ဍီ၏ အိပ်ခန်းမှ ထွက်ခွာသွား၏။ လှေခါးထစ်များကို ဒေါနှင့်မာန်နှင့် ဆောင့်နင်း၍ ဆင်းသွား၏။ ထို့နောက် သာမာဝတီ၏ အဆောင်သို့ တန်းတန်းမတ်မတ် သွားလေ၏။

မင်းကြီး၏ မျက်နှာ၌ ဒေါသရိပ်ကို မြင်လိုက်ကြရသော သာမာဝတီ၏ အခြွေအရံ မောင်းမိဿံတို့ ခြေဦးတည့်ရာ ထွက်ပြေးကြလေ၏။ မင်းကြီးသည် လှေခါးထစ်များကို အလျင်စလို နင်းကျော်ရင်း သာမာဝတီ၏ နန်းဆောင်အပေါ်ထပ်သို့ တက်သွား၏။ နန်းဆောင်အပေါ်ထပ်သို့ ရောက်သည်နှင့် သာမာဝတီ၏ အိပ်ခန်းထဲသို့ ၀င်၏။ သို့သော် အိပ်ခန်းထဲ၌ သာမာဝတီကို မတွေ့ရပေ။

သာမာဝတီသည် ဧည့်ခန်းဆောင်ထဲ ရောက်နေ၏။ အခန်းတံခါးနှင့် ပြတင်းပေါက်များ ပွင့်နေသည်။ အခန်း၏ အဦးအစွန်းရှိ စင်မြင့်တစ်နေရာ၌ ဘုရားရှင်၏ ရုပ်ပွားဆင်းတုတော် တစ်ဆူကို အမွှေးနံ့သာတိုင်များ ထွန်းညှိပူဇော်ထား၏။ သာမာဝတီသည် ဆင်းတုတော်ကို အမွှေးနံ့သာနှင့် ပူဇော်ပြီးနောက် ဆင်းတုတော်ရှေ့၌ ဒူးထောက်လျက် ဆင်းတုတော်ကို ကြည်ညိုလေးမြတ်စွာ အရိုအသေပြု ရှိခိုးနေ၏။ ထိုမြင်ကွင်းကို တွေ့လိုက်ရသူ ဥဒေန မင်းကြီး၏ မျက်လုံးများထဲ၌ အတန်ငယ်ကြာအောင် ဒေါသမီး ဟုန်းဟုန်းတောက်နေ၏။ မင်းကြီးသည် သန်လျက်ကို ဆွဲထုတ်လိုက်ပြီး သာမာဝတီထံသို့ တဟုန်ထိုး ပြေးဝင်လိုက်ကာ သာမာဝတီ၏ ဆံပင်တို့ကို ဆွဲယူဆုပ်ကိုင်ရင်း ဟစ်အော်၍ မေး၏။

“သာမာဝတီ ဘာလုပ်နေတာလဲ။”

“အရှင်မင်းကြီး . . . ဗုဒ္ဓရုပ်ပွားတော်ကို အမွှေးနံ့သာနဲ့ ပူဇော်ပြီးပါပြီ။ အခု ရုပ်ပွားတော်ကို ရှိခိုးနေတာပါ ဘုရား။”

သာမာဝတီသည် ထိတ်လန့်ကြောက်ရွံ့သည်ထက် တအံ့တသြ ဖြစ်နေ၏။

“ဗုဒ္ဓဟာ သာမာဝတီအတွက် ဘယ်လောက်ထိ အရေးပါသလဲ။”

“အရှင်မင်းကြီး . . . ရှင်တော်ဗုဒ္ဓဟာ ကောင်းမြတ်သူတွေ အားလုံးကို လွတ်မြောက်စေသူ ဖြစ်ပါတယ် ဘုရား။”

“သာမာဝတီ ခံစားနေတဲ့ စည်းစိမ်းချမ်းသာ အဆောင်အယောင်တွေကို ငါ ပေးထားတာပါ။ သာမာဝတီ . . . ငါ့ကို ရိုသေလေးစားသင့်တာ . . . ဂေါတမ ဘုရားကို လေးစားနေတယ်။ ဂေါတမ ဘုရားရဲ့ တရားဓမ္မကို ချစ်မြတ်နိုးတာ မဟုတ်ပါဘူး။ ဂေါတမ ဘုရားကို ချစ်ကြိုက်နေတာပဲ။ ဂေါတမ ဘုရားရဲ့ အသွင်အပြင်ကို တိမ်းညွတ်နေတာပဲ။”

“အရှင်မင်းကြီး . . . ရှင်တော် ဗုဒ္ဓရဲ့ တရားဓမ္မကို သိနားလည်လို့ တရားတော်ကို အလေးအမြတ် ပြုနေတာပါ ဘုရား။”

“သူ့တရားကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ငါ မသိအောင် ခိုးကြောင်ခိုးဝှက်နဲ့ သူ့ဆီ သွားသွားနေတာလား။”

“အရှင်မင်းကြီး . . . မျက်မာန်ပွားတော်မမူပါနဲ့ ဘုရား။ အပြည့်အစုံ သံတော်ဦးတင်ပါ့မယ် ဘုရား။ ကျွန်မ ခုဇ္ဇုတ္တရာဟာ နေ့တိုင်းနေ့တိုင်း ဃောသိတာရုံ ကျောင်းတော်ကို သွားပြီး ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်တွေကို နာယူပါတယ်။ ကျောင်းတော်က ပြန်လာတော့ သူ နာယူခဲ့တဲ့ တရားတော်တွေကို ပြန်ဟောပြပါတယ်။ ခုဇ္ဇုတ္တရာ ဟောသမျှကို နာယူမှတ်သားပြီး ဘုရားရှင်ရဲ့ တရားတော်တွေကို သိတာပါ အရှင်မင်းကြီး . . .။”

“ဒါဆိုရင် . . . ဂေါတမ ဘုရားရဲ့ ကိုယ်ပွား ဒီသစ်သားရုပ်တုက ဘာလုပ်ဖို့လဲ”

“အရှင်မင်းကြီး . . . တရားဓမ္မကို ကျင့်ကြံပွားများတယ်ဆိုရင် တရားပိုင်ရှင်ကို ရိုသေလေးစားရပါတယ် ဘုရား။ တရားတော်တွေကို ခုဇ္ဇုတ္တရာဆီက တစ်ဆင့် ကြားနာခဲ့ရပေမယ့် ခုဇ္ဇုတ္တရာဟာ တရားပိုင်ရှင် မဟုတ်ပါဘူး . . .။ ရှင်တော်ဗုဒ္ဓသာလျှင် တရားပိုင်ရှင် ဖြစ်ပါတယ်။ တရားတော်ကို ခုဇ္ဇုတ္တရာဆီက ကြားနာမှတ်သားပြီး အပြန်ပြန် အလှန်လှန် ဆင်ခြင်သုံးသပ်ပါတယ် ဘုရား။ ဗုဒ္ဓရုပ်ပွားတော်ရှေ့ ရောက်တဲ့အခါမှာ ရှင်တော်ဗုဒ္ဓအပေါ် ထားရှိတဲ့ ကြည်ညိုသဒ္ဓါတရားတွေ တဖွားဖွား တရိပ်ရိပ် တိုးပွားလာပါတယ် ဘုရား။ အရှင်မင်းကြီး . . . ကြည့်တော်မူလိုက်စမ်းပါ။ ကိလေသာ အညစ်အကြေးမှန်သမျှ သုတ်သင်ပယ်ရှား ထားတော်မူတဲ့ ရှင်တော်ဗုဒ္ဓရဲ့ ဆင်းတုတော်ကို ဖူးမျှော်လိုက်စမ်းပါ။ အရှင်မင်းကြီး အထင်အမြင်တွေ လွဲမှားပြီး စိတ်ဆိုးဒေါသ ဖြစ်နေတာပါ။ ရုပ်ပွားတော်ကိုသာ ဖူးမျှော်လိုက်စမ်းပါ။ ရုပ်ပွားတော်ကို ဖူးမြင်လိုက်တာနဲ့ တည်ကြည်မှု အေးချမ်းမှုတွေ မခံစားရဘူးဆိုရင် . . . အရှင်မင်းကြီး ပြောချင်သလို ပြောတော်မူပါ ဘုရား. . .။ အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ တည်ကြည်အေးချမ်း မသွားဘူးဆိုရင် . . . ကျွန်တော်မျိုးမဟာ ဘုရားရှင်ကို ရာဂစိတ်နဲ့ အလေးအမြတ်ပြုနေသူလို့ သတ်မှတ်တော်မူပါ။ ကျွန်တော်မျိုးမရဲ့ ဦးခေါင်းကိုလည်း ဖြတ်တော်မူပါ ဘုရား။”

မင်းကြီးသည် သာမာဝတီ၏ ဆံပင်တို့ကို ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်ပြီး သန်လျက်ကို လက်ဝယ် စွဲကိုင်ထားရင်း ဆင်းတုတော်ကို မမှတ်မသုန် စိုက်ကြည့်နေ၏။ ထို့နောက် ခေါင်းငုံ့လျက် မျက်လွှာချသွား၏။ အတန်ငယ်ကြာအောင် တွေးတောစဉ်းစားပြီးနောက် သန်လျက်ကို ပြန်သိမ်းလိုက်၏။ မင်းကြီးကို လောင်မြှိုက်နေသည့် ဒေါသမီး ငြိမ်းအေးသွားလေသည်။

“သာမာဝတီ . . . သာမာဝတီက ငါ့ကို ကယ်တင်လိုက်တာပဲ။ ငါဟာ ကြီးလေးတဲ့ ပြစ်မှုကြီးကို ကျူးလွန်မိတော့မလို့ . . .။ ဒီရုပ်တုကို ဘယ်သူ ထုဆစ်တာလဲ။ တစ်ခဏလေး အတွင်းမှာ ဒီရုပ်တုက ငါ့စိတ်ကို အေးချမ်းအောင် လုပ်ပေးလိုက်နိုင်တယ်။ ဒီလို အနုပညာမြောက်တဲ့ လက်ရာကို ငါ့ အခန်းထဲမှာ ထားချင်တယ်။ ငါ စိတ်ဆိုးမာန်ဆိုးနဲ့ ပြုမှားမိမယ့် မကောင်းမှုတွေကနေ ကင်းဝေးအောင် ဒီ ရုပ်တုက ကယ်တင်နိုင်လိမ့်မယ်။”

“အရှင်မင်းကြီး . . . ဒီ ဆင်းတုတော်ကိုလည်း ခုဇ္ဇုတ္တရာပဲ ပင့်ဆောင်လာခဲ့တာပါ။ ပန်းပုသည် ပတလဉ္ဇလဆီကနေ ရွှေဒင်္ဂါး တစ်ထောင်နဲ့ ၀ယ်ယူခဲ့တာပါ။”

မင်းကြီးသည် ဆင်းတုတော်ကို မမှိတ်မသုန် ကြည့်နေပြန်၏။ ဆင်းတုတော်ကို ကောက်ယူလိုက်ပြီး သူ့ရင်ခွင်ထဲ ပွေ့ပိုက်ထားရင်း စကားဆိုပြန်၏။

“သာမာဝတီ . . . ဒီဆင်းတုတော်ကို ငါ ယူသွားမယ်။ ပတလဉ္ဇလဆီက နောက်တစ်ဆူ ထပ်ဝယ်လိုက်ပါ။ အဓိပ္ပာယ်မရှိ ဒေါသထွက်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ တစ်နေ့လုံး ဘယ်အချိန်မဆို ဃောသိတာရုံ  ကျောင်းတော်သွားပြီး ဘုရားရှင် ဟောတော်မူတဲ့ တရားတော်တွေကို စိတ်တိုင်းကျ နာယူပါ။ ငါ့ကို အထင်မှားအောင်လုပ်ပြီး သာမာဝတီ ပျက်စီးအောင် ကြံစည်ခဲ့တဲ့ မာဂဏ္ဍီကို ခေါင်းဖြတ်မယ်။ ဒီလို မောက်မာပြီး အနှစ်သာရ ကင်းမဲ့တဲ့ မိန်းမမျိုးနဲ့ ပေါင်းသင်းရတာဟာ အန္တရာယ် တော်တော်ကြီးတယ်။”

“အရှင်မင်းကြီး . . . မာဂဏ္ဍီဟာ မိုက်မှားမိတတ်တဲ့ လောကီသား ပုထုဇဉ်ပါ ဘုရား။ သူ့ကို ခွင့်လွှတ်တော်မူလိုက်ပါ ဘုရား။”

“ကိုယ့်ကို ချေမှုန်းဖို့ အကြံနဲ့ ကိုယ်ကိုဆန့်ကျင် တိုက်ခိုက်တဲ့ မာဂဏ္ဍီကို ဘယ်လိုများ ကရုဏာ ထားလိုက်နိုင်တာလဲ။”

“တရားတော်ကို သိတဲ့အတွက် ခွင့်လွှတ်စိတ်နဲ့ ကရုဏားထားနိုင်တာပါ ဘုရား။ တရားတော်ကို ရိုသေလို့ပါ ဘုရား။ လောကသားတွေဟာ ကုသိုလ်လည်း ပြုကြတယ်၊ အကုသိုလ်လည်း ပြုကြတယ်၊ စိတ်ဆိုးလည်း ရှိကြတယ်၊ စိတ်ကောင်းလည်း ရှိကြတယ်လို့ မြတ်စွာဘုရား ဟောကြားတော်မူပါတယ် . . . အရှင်မင်းကြီး။ ကုသိုလ်ကောင်းမှု ပြုလုပ်ဆည်းပူးရင်း အကုသိုလ်မှုတွေ ကျူးလွန်တတ်ကြသလို၊ မကောင်းမှုတွေ ကျူးလွန်ထားတဲ့ ငမိုက်သားဟာလည်း ကုသိုလ်ရှင် သူတော်ကောင်း ဖြစ်လာနိုင်တယ်လို့ ဟောကြားတော်မူပါတယ် . . . အရှင်မင်းကြီး။ မာဂဏ္ဍီ မိဖုရား အပေါ်မှာ မျက်မာန်ပွားမိရင် အရှင်မင်းကြီးရဲ့ ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားတဲ့ ဘုရားရှင်ရဲ့ ရုပ်ပွားဆင်းတုတော်ကိုသာ ဖူးမြင်လိုက်ပါ ဘုရား။ အဆိုးအသွမ်း အမိုက်အမဲတွေကိုတောင် သွန်သင်ဆုံးမတော် မူနိုင်တဲ့ ဘုရားရှင်ရဲ့ မေတ္တာတော် အအေးဓာတ်၊ ကရုဏာတော် အနွေးဓာတ်တွေကို ခံစားရပါလိမ့်မယ်။ အမျက်ဒေါသတွေ ပြေလွင့်ပျောက်ကွယ်ပြီး စိတ်ငြိမ်းချမ်းသွားပါလိမ့်မယ် ဘုရား။”

သာမာဝတီ၏ သိမ်မွေ့သည့် စကားအဆုံး၌ ဥဒေန မင်းကြီးသည် သူ့ရင်ခွင်၌ ပွေ့ပိုက်ထားသည့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကို လက်နှစ်ဘက်နှင့် ပင့်တင်ကိုင်မြှောက်လိုက်၏။ ရုပ်ပွားဆင်းတု၏ မျက်နှာတော်ကို စေ့စေ့စပ်စပ် စူးစိုက်ဖူးမျှောက်ရင်း သက်တော်ထင်ရှား ဘုရားရှင်ကို လျှောက်တင်သကဲ့သို့ လျှောက်တင်လေ၏။

“မြတ်စွာဘုရား . . . ရှင်တော်ဘုရားဟာ သူတော်ကောင်းမ သာမာဝတီရဲ့ အသက်ကို ကယ်တင်တော်မူလိုက်ပါပြီ . . .။ အယုတ်တမာ မာဂဏ္ဍီရဲ့ အသက်ကိုလည်း ကယ်တင်တော်မူလိုက်ပါပြီ . . . မြတ်စွာဘုရား။”

 :)
ရှင်အာစာရ


-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment