မာဂဏ္ဍီ မိဖုရားသည် သူ့ နန်းဆောင် အထက်ထပ်သို့ တက်၍ ဃောသိတာရုံ
ကျောင်းတော်ဘက်မှ ထွက်ပေါ်လာနေသည့် ဆဲသံဆူသံများကို ကျေကျေနပ်နပ် နားသောတ ဆင်နေ၏။
ဆဲသံ ဆူသံများ ရုတ်တရက် ရပ်တန့်သွားသည့်တိုင်အောင် မာဂဏ္ဍီ မိဖုရားသည်
နန်းဆောင်လေသာပြတင်း၌ ရပ်လျက်ပင် ရှိနေပြီး ဃောသိတာရုံ ကျောင်းတော်ဘက်သို့
လှမ်းမျှော်၍ ကြည့်နေ၏။ လူတစ်ယောက်ကို သယ်ဆောင်လာသည့် ရဟန်းနှစ်ပါးကို သူ
မြင်လိုက်ရသည်။ ရဟန်းနှစ်ပါးနောက်မှ လူငယ်အုပ်စု လိုက်လာနေ၏။ ရဟန်းနှစ်ပါး၏
သပိတ်တို့ကို လူငယ်နှစ်ယောက်က ကိုင်ဆောင်လာသည်။ ဒုက္ခသည် လူငယ်၏ ဦးခေါင်းကို
လက်ျာလက်ဖြင့် ထိန်းမထားပြီး လက်ဝဲလက်ဖြင့် လူငယ်၏ ခန္ဓာကိုယ်ကို သိုင်းပွေ့လျက်
လမ်း၏ ညာဘက်ခြမ်းမှ လိုက်ပါလာသော ရဟန်းမှာ ဘုရားရှင်ဖြစ်ကြောင်း သိလိုက်ရသော မာဂဏ္ဍီ
မိဖုရား ဖြူဖတ်ဖြူရော် ဖြစ်သွား၏။ သူ့အနီး၌ ရှိနေသည့် အစေခံ အမျိုးသမီးကို
လည်ပင်းမှကိုင်၍ ဆွဲခေါ်လိုက်ပြီး ပြတင်းပေါက်မှာ ရပ်စေကာ လမ်းမဆီသို့
အကြည့်ခိုင်းရင်း အလန့်တကြား အော်လိုက်သည်။
“ကြည့်စမ်း။ မြင်လား။ အဲဒါ ဘာလဲ။”
“အရှင်မ . . . ရှေ့ဆုံးကနေ . . .
လူတစ်ယောက်ကို မသယ်လာကြတာဟာ . . . မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာတို့ပါ ဘုရား။
နောက်ကနေ တိတ်တိတ်ဆိတ်ဆိတ် လိုက်လာနေကြတဲ့ လူငယ်တွေဟာ . . . အရှင်မရဲ့
အမိန့်အတိုင်း . . . ကျွန်တော်မျိုးမ ငှားရမ်းစေခိုင်းခဲ့တဲ့ ကြေးစားလူငယ်တွေပါ
ဘုရား။”
“သိတယ်။ ငါ သိတယ်။ သွား။ ပြေးစမ်း။
ဘာဖြစ်တာလဲ သွားကြည့်စမ်း။ မြန်မြန် ပြန်လာပြီး ငါ့ကို သံတော်ဦး တင်စမ်း။”
အစေခံ အမျိုးသမီး ထွက်ခွာသွားသောအခါ
သာမာဝတီ မိဖုရား၏ နန်းဆောင်ဘက်မှ သာဓုခေါ်သံများ ထွက်ပေါ်လာ၏။ မာဂဏ္ဍီ မိဖုရားသည်
သာဓုသံ လာရာဘက်သို့ လှမ်း၍ ကြည့်လိုက်သည်။ သာမာဝတီ မိဖုရားနှင့် သူ၏
ရံရွေတော်တို့သည် ပြတင်ပေါက်တို့မှ ခေါင်းပြူထွက်၍ လက်ဆယ်ဖြာ ထိပ်မှာမိုးလျက်
သာဓုကျူးရင့်သံများဖြင့် ဘုရားရှင်ကို ဖူးမျှော် ကြိုဆိုနေကြကြောင်း မာဂဏ္ဍီ မိဖုရား
သိလိုက်ရ၏။
မာဂဏ္ဍီ မိဖုရား ဒေါသအမျက်
ချောင်းချောင်းထွက်နေစဉ် ဘုရားရှင်သည် ကျောရိုးကျိုးသွားသည့် လူငယ်ကို ကောသမ္ဗီ
မြို့တော်ရှိ သမားတော်ကြီး ပစ္စရိယ၏ နေအိမ်သို့ ပို့ဆောင်တော် မူနေ၏။
သမားတော်ကြီးသည် ဘုရားရှင်ကို အရိုအသေပေး ရှိခိုးလိုက်ပြီးနောက် အရှင်မြတ်
တစ်စုံတစ်ရာ မိန့်ကြားတော်မူမည်ကို တိတ်ဆိတ်စွာ စောင့်မျှော်နေ၏။
“သမားတော် . . . လူမမာတစ်ယောက်
ခေါ်လာခဲ့တယ်။ သူ့ကျောရိုး ကျိုးသွားတယ်။ သူ့စိတ်ဓာတ်လည်း ပျက်စီးနေတယ်။
သူ့စိတ်ဓာတ် ပျက်စီးနေတာကို ငါ တာဝန်ယူတယ်။ သူ့ကျောရိုး ကျိုးတာကိုတော့ သမားတော်ပဲ
တာဝန်ယူပြီး ကုသပေးပါ။”
သမားတော်ကြီးသည် လူမမာကို သူ့လက်ထောက်များထံ အပ်နှံလိုက်ပြီး
ဘုရားရှင်နှင့် ရှင်အာနန္ဒာတို့အတွက် ထိုင်ခုံနှစ်ခု စီစဉ်ပေး၏။ အရှင်မြတ်တို့
နေရာယူပြီးသောအခါ သမားတော်ကြီးသည် ခုံနိမ့်တစ်လုံးကို ယူ၍ ထိုင်ရင်း ဘုရားရှင်ကို
လျှောက်ထား၏။
“အရှင်ဘုရားတို့ လူမမာကို တပည့်တော်ဆီ
ခေါ်မလာခင်က အရှင်ဘုရားတို့ ဘာတွေ ကြုံခဲ့ရတယ် ဆိုတာကို တပည့်တော် သိပါတယ် ဘုရား။
ကိုယ့်ကို ရိုင်းရိုင်းစိုင်းစိုင်း ကျူးလွန်စော်ကားသူ အပေါ်မှာ ကြင်ကြင်နာနာ
ဆက်ဆံနိုင်တဲ့ အရှင်ဘုရားတို့လို ပုဂ္ဂိုလ်မျိုး လူ့သမိုင်း တစ်လျှောက်လုံး
ဘယ်နေရာမှာမှ မပေါ်ထွန်းခဲ့ဖူးသေးဘူး ထင်ပါတယ် မြတ်စွာဘုရား . . .။ ဘုရားရှင်ရဲ့
အတုမဲ့ ကရုဏာတော်ကို တပည့်တော် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါပြီ ဘုရား။
အရှင်ဘုရားရဲ့ အပြုအမူကို သိကြတဲ့ လူကောင်းသူကောင်း မှန်သမျှဟာ အရှင်ဘုရားကို
ဂုဏ်ပြုချီးကျူးကြမှာပါ ဘုရား။ တပည့်တော်ရဲ့ ချီးကျူးကော်ရော် ပူဇော်ခြင်းကို
လက်ခံတော်မူပါ မြတ်စွာဘုရား . . .။”
“သမားတော် . . . ဒီကောင်လေးက ငါ့ကို
စော်ကားခဲ့တယ်။ ဟစ်အော်လှောင်ပြောင်ခဲ့တယ်။ သစ်ပင်ပေါ်တက်ပြီး ငါ့အပေါ်ကို
နှင်းခဲနှင်းဖတ်တွေ လှုပ်ချခဲ့တယ်။ ငါကတော့ သူ့အပေါ် အမုန်းမပွားပါဘူး။ ရန်ငြိုးလည်း
မထားပါဘူး။ အခု သမားတော်က ငါ့ကို ချီးကျူးဂုဏ်တင်နေတယ်။ ငါကတော့
ဂုဏ်တင်မြှောက်ပင့်မှုကြောင့် ရွှင်လန်းဝမ်းမြောက် သွားတာမျိုးလည်း မခံစားရပါဘူး။
ကုသိုလ်ကောင်းမှု ပြုလိုက်ရပြီ ဆိုတဲ့အတွေးနဲ့လည်း တက်ကြွမသွားပါဘူး။ ငါ့ကို
စော်ကားမော်ကား လုပ်ခဲ့တဲ့ လူငယ်ကို အခုလို တုံ့ပြန်တာဟာလည်း မြို့လုထု ငါ့ကို
သနားလာအောင်၊ လေးစားလာအောင် လုပ်တာလည်း မဟုတ်ပါဘူး။ သမားတော် . . . ငါ လုပ်သင့်
လုပ်ထိုက်တာကို လုပ်လိုက်တာပဲ။ သစ်ကိုင်းကျိုးကျပြီး ငါ့ရှေ့ ကျလာတဲ့ လူငယ်ရဲ့
အခြေအနေဟာ ဆိုးဆိုးဝါးဝါး ဖြစ်နေတာပဲ။ ငါ လုပ်သင့်တာက သူ့ကို သမားတော်ဆီ
ပို့လိုက်ဖို့ ရှိတာပဲ။ ရှင်အာနန္ဒာရဲ့ အကူအညီနဲ့ ဒီလူငယ်ကို သမားတော်ဆီ အခုလို ခေါ်လာခဲ့တာပဲ။”
“မြတ်စွာဘုရား . . .
ဒုက္ခရောက်သူတွေကို တပည့်တော် . . . ကူညီပါတယ် ဘုရား။ သူတို့ဆီက ဘာမှ မမျှော်လင့်ပါ
ဘုရား။ သူတို့ ချမ်းသာဖို့ပဲ တပည့်တော် ရည်ရွယ်ပါတယ် ဘုရား။ ဒါပေမယ့် . . .
မြတ်စွာဘုရား . . . ဒီလူငယ်အတွက်တော့ တပည့်တော် ၀မ်းမနည်းပါ ဘုရား။ တံစိုးလက်ဆောင်
ယူပြီးတော့ ဒီကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး ဖြစ်တဲ့ ပုဂ္ဂိုလ်ကို စွန့်စွန့်စားစား
ဆဲရေးစွပ်စွဲခဲ့တဲ့ ယုတ်မာမှုကြောင့် အခုလို ဆင်းရဲဒုက္ခ ရောက်ရတာပဲ . . .။
ရွံစရာကောင်းတဲ့ တစ်ခြား အကျင့်ပျက်သူတွေလည်း သင်္ခန်းစာ ယူကြပေါ့။ တပည့်တော် ဒီကောင်လေးကို
ဆေးမကုသေးဘဲ သုံးရက်လောက် ဒီအတိုင်း ပစ်ထားလိုက်ဦးမယ် မြတ်စွာဘုရား . . .။”
“သမားတော် . . . အဲဒီလို မလုပ်သင့်ဘူး။
ဒီကောင်လေး ယုတ်နိမ့်တဲ့အမှု ပြုခဲ့တယ်ဆိုရင် အဲဒီလို အပြုအမူရဲ့ အကျိုးဆက်ကို
ငါ့ထက် ပိုသိတဲ့လူ မရှိဘူး။ အခု သူ နောင်တရနေတာပဲ။ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို သူ
ခံယူနေရတာပဲ။ သူ ပြုမိမှားခဲ့တာကို နောင်တနဲ့ ၀န်ခံလိုက်ပြီပဲ။ သမားတော် . . .
အခုလို လမ်းလွဲနေသူတွေဟာ သနားကရုဏာနဲ့ ထိုက်တန်ကြတယ်။ ငါ့ကို လှောင်ပြောင်စွပ်စွဲ
ဆဲရေးကြတဲ့ ကောင်လေးတွေ အားလုံးကို ငါက မခွဲမခြား တစ်သားတည်းပဲ ကရုဏာ
ထားရှိနိုင်တယ်။ အခု သူတို့တတွေဟာ ငါနဲ့ ဝေးရာမှာ ရပ်နေကြတယ်။ ငါ့မျက်နှာကို
စေ့စေ့ မကြည့်ရဲကြဘဲ ခေါင်းငိုက်စိုက် ချထားကြတယ်။ သူတို့ အပြစ်ကို သူတို့
သိသွားကြပြီ။”
ဘုရားရှင်
ထိုသို့ မိန့်တော်မူစဉ် လူငယ်တစ်ယောက် ရှေ့သို့ ထွက်လာ၏။ လူငယ်သည် ဘုရားရှင်၏
ရှေ့တော်မှောက်ထိ ရောက်လာပြီး ဘုရားရှင်ကို ရှိခိုး၏။ လူငယ်သည် အိပ်တစ်လုံးကို
လက်နှစ်ဘက်နှင့် ဆုပ်ကိုင်ထားပြီး ဘုရားရှင်၏ ရှေ့တော်မှောက်၌ ထိတ်ထိတ်ပြာပြာ
ဖြစ်နေ၏။
“ကောင်လေး . . . ပြောပါ။ လက်ထဲက
ဘာလဲ”ဟု ဘုရားရှင်းက လူငယ်ကို မေးတော်မူ၏။
“အရှင်ဘုရား . . . မာဂဏ္ဍီ မိဖုရားဆီက
တပည့်တော်တို့ လက်ခံခဲ့တဲ့ ရွှေဒင်္ဂါးတွေပါ ဘုရား။ တပည့်တော်တို့ တစ်ယောက်စီ
တစ်ယောက်စီ လက်ခံခဲ့တဲ့ ရွှေဒင်္ဂါတွေကို ပြန်စုပြီး အရှင်ဘုရားကို ဆက်ကပ်လှူဒါန်းဖို့
ဆုံးဖြတ်လိုက်ကြပါတယ် ဘုရား။ တပည့်တော်တို့ မှားမိခဲ့ပါတယ် မြတ်စွာဘုရား။ အရှင်ဘုရားကို
စော်ကားမိခဲ့ကြပါတယ် ဘုရား။ သစ်ကိုင်းတွေပေါ်က နှင်းခဲတွေကို လှုပ်ခါချပြီး
အရှင်ဘုရားကို နှင်းတွေစိုအောင် လုပ်မိခဲ့ကြပါတယ် ဘုရား။ ကိုယ်တော်မြတ်က . . .
တပည့်တော်တို့ အပြစ်သားတွေကို သနားကရုဏာ ထားတော်မူနိုင်လိုက်တာ . . .။ တပည့်တော်တို့ကို
သနားသဖြင့် ခွင့်လွှတ်တော်မူပါ မြတ်စွာဘုရား . . .”ဟု လူငယ်က လျှောက်ထား၏။
“ကောင်းလေး . . . သင်တို့ ငါကို
စော်ကားခဲ့တာကို ငါ မသိလိုက်ဘူး။”
“အို . . . ရှင်တော်ဘုရား . . .။
တပည့်တော်တို့ တကယ်ပဲ စော်ကားခဲ့ကြပါတယ် ဘုရား။ တပည့်တော်တို့ အရှင်ဘုရားကို
ဆဲရေးစွပ်စွဲတဲ့ အသံတွေကို တစ်မြို့လုံး သိပါတယ် ဘုရား။ တပည့်တော်တို့
အရှင်ဘုရားကို စော်ကားခဲ့တာ . . . ကောသမ္ဗီ တစ်မြို့လုံးက သိပါတယ် ဘုရား။”
“ဒါပေမယ့် . . . ကောင်လေး . . .
သင်တို့ ငါ့ကို စော်ကားကြတယ်လို့ ငါ မယူဆပါဘူး။ စောစောက ဘာပြောလိုက်တာလဲ။ သင်တို့
လက်ခံခဲ့တဲ့ ရွှေဒင်္ဂါးတွေကို ငါ့ဆီမှာ လှူဒါန်းမယ် . . .။ ဟုတ်လား။”
“မှန်ပါ ဘုရား။ တပည့်တော်တို့
လက်ခံခဲ့တဲ့ ရွှေဒင်္ဂါးတွေ တစ်ပြားမှ မကျန်အောင် ပြန်စုပြီး ယူလာခဲ့ပါတယ် ဘုရား။”
“ကောင်လေး . . . ရွှေဒင်္ဂါးတွေဟာ
ငါ့အတွက် ဘာမှ အသုံးမ၀င်ဘူး။ ငါ လက်မခံဘူး။ သင်တို့ လက်ခံခဲ့တာတွေပဲ . . . သင်တို့
ပစ္စည်းတွေပဲပေါ့။”
“အို . . . မှန်ပါတယ် ဘုရား . . .။
တပည့်တော်တို့ကို သနားသောအားဖြင့် လက်ခံတော်မူပါ မြတ်စွာဘုရား။ ဒီရွှေဒင်္ဂါးတွေဟာ
တပည့်တော်တို့အတွက် ကျိန်စာတွေပါပဲ ဘုရား။”
“ကောင်လေး . . . ကျိန်စာသင့်နေတဲ့ ရွှေဒင်္ဂါးတွေဟာ
ငါ့ဆီကို ချမ်းသာသုခတွေ ဆောင်ကြဉ်းပေးလိမ့်မယ်လို့
ထင်သလား။ ငါ အမှန်တကယ် ပြောနေတာပါ။ ရွှေဒင်္ဂါးတွေကို ငါ မလိုချင်ဘူး။ ရွှေဒင်္ဂါးတွေ
ငါ့ကို လှူဖို့ ယူလာခဲ့တယ်။ ငါက လက်မခံဘူး။ ဒီတော့ ရွှေဒင်္ဂါးတွေကို ဘယ်လို လုပ်မလဲ။”
“တကယ်ပဲ အရှင်ဘုရားကို လှူဖို့
ယူလာခဲ့ပါ မြတ်စွာဘုရား . . .။ အရှင်ဘုရားက လက်မခံဘူး ငြင်းနေတော့ . . . တပည့်တော်တို့
သိမ်းပိုက်ထားဖို့ပဲ ရှိပါတော့တယ် ဘုရား။ ဒါမှ မဟုတ်ရင်လည်း . . . မာဂဏ္ဍီ မိဖုရားဆီ
ပြန်ပေးလိုက်ဖို့ပဲ ရှိပါတော့တယ် ဘုရား။”
“ကောင်လေး . . . သင်တို့တတွေ ငါ့ကို
ရည်ရွယ်ပြီး ဆဲရေးစွပ်စွဲ ခဲ့တာတွေလည်း အခု လှူဒါန်းတဲ့ ရွှေဒင်္ဂါးအိပ်လိုပဲပေါ့။ ပေးအပ်လှူဒါန်းတဲ့
ရွှေဒင်္ဂါးအိပ်ကို ငါ ငြင်းပယ်သလို . . . သင်တို့ရဲ့ ဆဲရေးစွပ်စွဲမှုတွေကိုလည်း ငါ
လက်မခံဘူး။ ငါ့အပေါ် ကျူးလွန်စော်ကားခဲ့တဲ့ မကောင်းမှုတွေကိုလည်း သင်တို့တတွေပဲ အညီအမျှ
ခွဲဝေယူလိုက်ကြပါ။ ဒါမှ မဟုတ်ရင်လည်း . . . မာဂဏ္ဍီ မိဖုရားဆီ ပေးအပ်လိုက်ကြပါ။”
:)
ရှင်အာစာရ
-----
Ref:
Portrait of the Buddha (from a
Novelist's Pen) by Jayasena Jayakody, English Translation by K. D. de
Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ
မတွေ့ရပါ။)
No comments:
Post a Comment