Wednesday, April 10, 2013

ဆုစကား


အခမ်းနာမှူး။   ။ “အစီစဉ်အရ . . . သြ၀ါဒကထာ မြွက်ကြားပေးတော်မူပါရန် နာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အာစာရအား ရိုသေစွာလျှောက်ထား ပန်ကြားအပ်ပါသည် ဘုရား။”

ဆရာတော်။  ။ “မင်းတို့ရထားတဲ့ မင်္ဂလသုတ်၊ မေတ္တသုတ်၊ ရတနသုတ် ဆိုတာတွေဟာ မြတ်စွာဘုရားရဲ့ စကားတွေ။ ဘုရားပါးစပ်က ထွက်ခဲ့တဲ့ စာတွေ။ အဲ့ဒါတွေ ရွတ်ရင် မင်းတို့ပါးစပ် ယုတ်ညံ့မှာလား၊ မြင့်မြတ်မှာလား။ (မြင့်မြတ်မှာပါဘုရား။) အေး . . . မြတ်ချင်ရင် ရွတ်ကြ။ ခု စာပြန်ပွဲပြီးလို့ စာရတဲ့သူတွေကို ဆုပေးတယ်။ ဆုရရုံနဲ့ မပြီးသေးဘူး။ ရတဲ့စာတွေ မမေ့ဖို့လည်း လိုသေးတယ်။ မလိုဘူးလား။ (လိုပါတယ် ဘုရား။) အနည်းဆုံး တစ်နေ့တစ်ခေါက်တော့ ရွတ်ထား။ ရတာတွေ ထိမ်းထား။ ဘုရားစကားတွေကို နေ့တိုင်းရွတ်လို့ ရနေရင်၊ တစ်ဘ၀လုံး ရွတ်သွားရင် မင်းတို့ဘ၀ အဆင့်မြင့်ဖို့ အထောက်အကူ ရလိမ့်မယ်။ မကြာခင်က ပျံတော်မူသွားတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ အမိန့်ရှိဖူးတယ်။ “ပရိတ်တို့၊ ပဋ္ဌာန်းတို့မှာ မမြင်ရတဲ့ စွမ်းအင်တွေ ရှိတယ်”တဲ့။ ဆရာတော်က ဥပမာလေးနဲ့ ပြောတယ်။ လျှပ်စစ်စွမ်းအင်ကို မျက်စိနဲ့ မမြင်ရဘူး၊ ဒါပေမယ့် လျှပ်စစ်စွမ်းအင်ဆိုတာ ရှိတယ်တဲ့။ မီးလင်းတာ၊ ပန်ကာလည်တာတွေကိုကြည့်ပြီး လျှပ်စစ် စွမ်းအင်ရှိတာကို သိရတယ်တဲ့။ အလားတူပဲ ပရိတ်တို့၊ ပဋ္ဌာန်းတို့ရဲ့ စွမ်းအင်ကို မမြင်ရပေမယ့် ရွတ်ရဖတ်ရတဲ့ အကျိုးတွေ ရှိနေတော့ ပရိတ်တွေ၊ ပဋ္ဌာန်းတွေမှာ မမြင်ရတဲ့ စွမ်းအင်တွေ ရှိနေတယ်ဆိုတာ သိရမယ်တဲ့။ ပဋ္ဌာန်း မရွတ်တတ်သေးပေမယ့် မင်းတို့ အခု ပရိတ်တွေ ရနေပြီပဲ။ ရွတ်တတ်ပြီ။ မမေ့အောင် ရွတ်ကြ။ မမြင်ရတဲ့ စွမ်းအင်တွေကို ရအောင် ယူကြ။ မင်းတို့ နာမည်တော့ ကြားဖူးတယ်။ တို့ကျောင်းမှာ ရှင်တစ်ရာ အလှူလုပ်သွားတဲ့ ဒကာမကြီး ဒေါ်သီတာမြင့်။ သူဆိုရင် ကိုးနှစ်သမီးကတည်းက ရွတ်တာဖတ်တာတွေ လုပ်လာတာတဲ့။ အအားမနေဘူး။ အားနေရင် ရွတ်နေတာပဲတဲ့။ မရွတ်ရင်လည်း ဆရာတော်တွေ ရွတ်တဲ့ mp3ကို ဖွင့်ပြီး နားထောင်တယ်တဲ့။ သူ နားမထောင်လည်း နတ်တွေ နားထောင်ရအောင် ဖွင့်ထားတယ်တဲ့။ အဲ့ဒီလို ရွတ်ဖတ်နေတော့ သူ့မှာ အစစ အရာရာ အဆင်ပြေတယ်တဲ့။ ကုသိုလ်တွေ လုပ်နိုင်တာဟာ သူ ရွတ်တာဖတ်တာတွေကြောင့်တဲ့။ သူက အဲ့ဒီလို ယုံကြည်တယ်။ မင်းတို့လည်း အခုလို ကလေးအရွယ်ကစပြီး တစ်သက်လုံး ရွတ်သွားကြ။ ဘုရားစကား ပရိတ်တော်တွေရဲ့ မမြင်ရတဲ့ စွမ်းအင်တွေကို အသုံးချပြီး မင်းတို့ဘ၀ အဆင့်မြင့်အောင် ကြိုးစားကြ။”

:)
ရှင်အာစာရ
-----
Comment:
ဆုနှင်းသဘင်
“အာဂမဒါယာဒ” အာဂုံပြန်စာမေးပွဲ
“ရာဟုလာ” ဓမ္မသင်တန်းကျောင်း
စိုင်ပြင်ကြီး၊ ဒီပဲယင်း၊ စစ်ကိုင်း

Photo:
ပထမဆင့် (မင်္ဂလသုတ်)၊ ဒုတိယဆင့် (မင်္ဂလသုတ်၊ မေတ္တသုတ်) တတိယဆင့် (မင်္ဂလသုတ်၊ မေတ္တသုတ်၊ ရတနသုတ်) အမှတ်ပြည့် ရရှိသူများ

No comments:

Post a Comment