Wednesday, March 6, 2013

ပျမ်းမျှအရည်အသွေး


အချို့အချို့သော လူဒကာဒကာမ မြန်မာဗုဒ္ဓဘာသာဝင်များ ဘာသာတရား လိုက်စားနေကြပုံမှာ လေးလေးနက်နက် ရှိလှပြီး ၎င်းတို့၏ ဘာသာရေးအသိ ပြည့်စုံမှု၊ ဘာသာရေး ဗဟုသုတ ကြွယ်ဝမှု၊ ဘာသာတရား၏ အဆုံးအမကို လက်တွေ့ လိုက်နာကျင့်သုံးမှုတို့မှာလည်း လေးစားထိုက်လှသည်။  ၎င်းတို့သည် အရိယာ သူတော်စဉ်များနှင့် ဆင်တူကြ၏။ သို့သော် အခြားတစ်ဘက်၌ ဘုရားရှင် ၏ အဆုံးအမနှင့် ပြတ်ပြတ်သားသား ကင်းဝေးနေသူ၊ မသိမသာ အလှမ်းကွာနေ သူ၊ တရားမျက်စိ ကန်းနေသူ၊ တရားနား ထိုင်းနေသူ၊ တရားအ တရားဆွံ့ ဗုဒ္ဓဘာသာ အနွယ်ဝင်များလည်း မြောက်များစွာ ရှိနေသည်။  ၎င်းတို့အနက် အချို့သည် သာသနာပ မိစ္ဆာဒိဋ္ဌိများနှင့် တူလှသည်ဟုပင် ထင်မိ သည်။ တရားနီးသူ နှင့် တရားဝေးသူ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေး အသိ၊ ဘာသာရေး အရည်အသွေး ကွာဟမှုမှာ ကြီးမားလွန်းလှသည်ဟု အကဲခတ် သုံးသပ်မိသည်။ ဤကွာဟမှုကြီးကို မြန်မာ့သာသနာ၏ ဟာကွက်ကြီးတစ်ခုအဖြစ် ရှုမြင်မိသည်။

ဗုဒ္ဓဓမ္မနှင့် အဆက်အစပ် နည်းပါးသူများအတွက်၊ ဘုရားအဆုံးအမ နှင့် ကင်းကွာ နေသူများအတွက်၊ အထူးသဖြင့် လူငယ်များအတွက် ဘာသာရေး လမ်းစ ဖွင့်ပေးသည့် အနေဖြင့် စွမ်းနိုင်သူတို့က ဓမ္မသင်တန်းများ ဖွင့်လှစ် ပေးသင့်ကြသည်။

ထို့ပြင် ကျောင်းသူကျောင်းသား လူငယ်များအတွက် ကျောင်းပိတ်ရာသီ များ၌ စီစဉ်ပေးသည့် ဗုဒ္ဓဘာသာဆိုင်ရာ ကာလတို အခြေခံ ဓမ္မသင်တန်းများနှင့် လူကြီးများ အတွက် ဖွင့်လှစ်သည့် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ် အစရှိသော အဆင့်မြင့် သင်တန်းများ အပြင် စနေ တနင်္ဂနွေ အပတ်စဉ် ကျောင်းပိတ်ရက်များ၌ နှစ်ပေါက် ဖွင့်လှစ်ပေးသည့် အခြေခံဓမ္မသင်တန်းများလည်း ရှိသင့်သည်။

တစ်နေ့တာအတွက် လိုအပ်သော အာဟာရအတွက် အစာစားရာ၌ တစ်ကြိမ်တည်းနှင့် လုံလောက်အောင် စားရန် မဖြစ်နိုင် သကဲ့သို့ ကလေးငယ်တို့ တစ်နှစ်စာ နည်းနည်းချင်း သင်ယူသင့်သော တရားတော်ကိုလည်း တစ်နှစ်လျှင် တစ်ကြိမ်သာ  သင်ယူရုံမျှဖြင့် မလုံလောက်နိုင်ပေ။ အပတ်စဉ် နည်းနည်းချင်းလည်း သင်ယူသင့်သည်။

အပတ်စဉ် ဓမ္မသင်တန်းများ များလာမှသာလျှင် မြန်မာဗုဒ္ဓဘာသာ တို့၏ ပျမ်းမျှဘာသာရေးအရည်အသွေး မြင့်တက်လာမည် ဖြစ်သည်။


ဒေါက်တာ ဘဒ္ဒန္တ အာစာရ
("ရာဟုလာ" ဓမ္မသင်တန်းကျောင်း)

No comments:

Post a Comment