Tuesday, March 19, 2013

သင်သေသွားသော် . . . . .


သရီရသဿ ဂုဏာနဉ္စ၊ ဒူရမစ္စန္တမန္တရံ။
သရီရံ ခဏဝိဒ္ဓံသီ၊ ဂုဏာ တု ကပ္ပဌိတိယော။

သရီရဿ စ၊ အရေ အသား အသွေးများနှင့် ဖွဲ့စည်းထားရာ ရုပ်ခန္ဓာ၏လည်းကောင်း။
ဂုဏာနဉ္စ၊ ပြု ပြော စိတ်ကြံ အဖန်ဖန်ပွား ပြုလုပ်ထားသည့် များလှသောင်းသောင်း ဂုဏ်ကျေးဇူးအပေါင်းတို့၏လည်းကောင်း။
အန္တရံ၊ အနိစ္စသဘော ရွေ့လျောချိန်ရောက် ကွယ်ပျောက်ပျက်စီးခြင်းသည်။
အစ္စန္တံ၊ စင်စစ်ဧကန် အမှန်အားဖြင့်။
အတိဒူရံ၊ မိုးနှင့်မြေကြီး ပမာနှီးသို့ မနီးမှန်စွာ အကွာကြီး ကွာလွန်းလှပါပေ၏။

သရီရံ၊ အရေ အသား အသွေးများနှင့် ဖွဲ့စည်းထားရာ ရုပ်ခန္ဓာသည်။
ခဏဝိဒ္ဓံသီ၊ ရွေ့လျောကြေမွ တစ်ခဏလေးအတွင်းမှာပင် ပျက်စီးခြင်းသဘော ရှိပါပေ၏။
ဂုဏာ တု၊ ပြု ပြော စိတ်ကြံ အဖန်ဖန်ပွား ပြုလုပ်ထားသည့် များလှသောင်းသောင်း ဂုဏ်ကျေးဇူးအပေါင်းတို့သည်ကား။
ကပ္ပဌိတိယော၊ ကမ္ဘာပျက်သုဉ်း ကမ္ဘာဆုံးအောင် များမြောင်စွာ အရှည်ခံ့၍ တည်တံ့ကြပါပေကုန် သတည်း။

-    သွေးသားခန္ဓာ၊ မရှည်ကြာ၊ မြန်စွာ ပျက်တတ်သည်။
-    ဂုဏ်ပေါင်းများစွာ၊ တည်ရှည်ကြာ၊ ကမ္ဘာဆုံးတော့သည်။
-    ခန္ဓာအသက်၊ မငဲ့ကွက်၊ ကောင်းချက် စုံအောင် ပြုသင့်သည်။
-    ကောင်းချက်စုံမှ၊ ကောင်းဂုဏ်ရ၊ ကောင်းဘဝ ခေါ်နိုင်သည်။
-    သင်သေသွားသော်၊ သင့်ဂုဏ်ဖော်၊ ကောင်းကျော် ကျော်နိုင်မည်။

သင် . . . . .
-    ဘယ်လိုနေလို့ ဘယ်လိုသေမှာလဲ၊
-    မသေခင် ဘာတွေ လုပ်မလဲ၊
-    အပြုသမားလား အဖျက်သမားလား၊
-    အပြောသမားလား အလုပ်သမားလား၊
-    အပြောတစ်ခြား အလုပ်တစ်ခြားလား၊
-    ပြောတိုင်းလုပ်ပြီး လုပ်တဲ့အတိုင်း ပြောတာလား။

ဒေါက်တာ ဘဒ္ဒန္တ အာစာရ
19Mar13

-----
Comment:
သက်တော် (၉၈)နှစ်၊ သိက္ခာတော် (၇၈)ဝါ၌ ပျံလွန်တော်မူသည့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ မင်းဆွေနှစ်ရွာ
ရွှေသိမ်တော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏ မဟာထေရ်၏ အန္တိမပူဇာပွဲ၌ ဟောကြာသည့်တရား (အကျဉ်း)

No comments:

Post a Comment