Friday, February 1, 2013

တရားမင်းသခင် - ၅၄။ မာန်ဆိုးရန်ငြိုး




ဘုရားရှင်သည် မြို့တော်သာဝတ္ထိ၌ တစ်နှစ်ကျော် သီတင်းသုံးတော်မူ၏။ ထို့နောက် ကောသလတိုင်း၏ မင်းနေပြည်တော်ကို ဖြတ်၍ ဇာတိမြို့ဖြစ်သည့် ကပိလ၀တ်သို့ ကြွတော်မူပြန်သည်။ ကပိလ၀တ်၌ တစ်ဝါဆိုတော်မူ၏။ ထိုမှတစ်ဖန် မြို့တော်ပါဋလိပုတ်၊ ဗာရာသီမြို့နှင့် အာဠ၀ကမြို့များမှ တစ်ဆင့် မြို့တော်ကောသမ္ဗီသို့ ရောက်ရှိတော်မူ၏။

ထိုအချိန်၌ မိန်းမချော မာဂဏ္ဍီသည် ကောသမ္ဗီဘုရင် ဥဒေန မင်းကြီး၏ မိဖုရားခေါင် ရာထူးကို ရထားပြီး ဖြစ်နေ၏။ ဘုရားရှင် ဃောသိတာရုံ ကျောင်းတော်သို့ ရောက်တော်မူပြီး နောက်တစ်နေ့၌ မာဂဏ္ဍီမိဖုရားသည် မောင်းမမိဿံများ ခြံရံလျက် မင်းဥယျာဉ်သို့ သွား၏။ ထိုနေ့က ပုံမှန်သွားနေကျ လမ်းအတိုင်း မသွားဘဲ ဃောသိတာရုံ ကျောင်းတော်ရှေ့က လမ်းအတိုင်း သွား၏။ တစ်ချိန်က ဘုရားရှင်၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသော်လည်း ယခုအခါ ကောသမ္ဗီဘုရင် ဥဒေနမင်းကြီး၏ မိဖုရားခေါင်းကြီး ဖြစ်နေပြီဖြစ်ကြောင်း၊ စည်းစိမ်ဥစ္စာ အခြံအရံများနှင့် ခမ်းခမ်းနားနား ချမ်းသာကြွယ်ဝနေကြောင်း ဘုရားရှင်ကို သိစေလိုသောကြောင့် ဃောသိတာရုံ ကျောင်းတော်ရှေ့မှ ဖြတ်သွားခြင်း ဖြစ်၏။ မာဂဏ္ဍီမိဖုရားသည် နန်းဝတ်တန်ဆာ ၀တ်ကောင်းစားလှများ ၀တ်ဆင်ထား၏။ ရတနာမျိုးစုံလည်း ဆင်ယင်ထား၏။ အတန်းလိုက် မောင်းနှင်နေသည့် မြင်းဆွဲယာဉ်များအနက် ရှေ့ဆုံးမှ ယာဉ်သည် မိဖုရား လိုက်ပါလာသောယာဉ် ဖြစ်၏။ မိဖုရားသည် ဃောသိတာရုံ ကျောင်းတော်ရှေ့ ရောက်သောအခါ ယာဉ်ကို အရပ်ခိုင်းလိုက်ပြီး မြှူဆွယ်ဖြားယောင်းရိပ်များ ပြည့်လျှမ်းနေသည့် မျက်နှာထားနှင့် ယာဉ်ထဲမှ ခေါင်းပြူ၍ ကြည့်လိုက်သည်။ ကျောင်းဝင်းတစ်ခုလုံး နှံ့အောင် ဝေ့၀ဲ၍ ကြည့်နေသည်။ သို့သော် ရဟန်းတော် တစ်ပါးတစ်လေကိုမှ မတွေ့မမြင်ရပေ။ ကျောင်းဝင်းထဲ၌ နေလှန်းထားသည့် သင်္ကန်း တစ်ချို့ကိုသာ တွေ့လိုက်ရသည်။ မိဖုရားသည် ယာဉ်ပေါ်မှ ဆင်း၍ သူ၏ ခမ်းနားထည်ဝါသည့် အလှကျက်သရေကို လူလုံးပြရန် စိတ်ကူးမိ၏။ သို့သော် သူ့ဂုဏ်သိက္ခာ သူ့ရာထူးနှင့် မသင့်တော်ဟု စဉ်းစားမိပြန်သဖြင့် ယာဉ်ပေါ်မှ မဆင်းတော့ဘဲ ဘုရားရှင်ထံ သွားရောက်၍ ဘုရားရှင်ကို သူ့ဆီ ခေါ်ခဲ့ရမည်ဟု ရထားထိန်း အဘိုးအိုကို အမိန့်ပေးလိုက်၏။

ရထားထိန်း ထွက်သွားပြီး အတန်ငယ် ကြာသောအခါ မိဖုရားသည် မှန်တစ်ချပ်ကို သေတ္တာငယ်မှ ထုတ်ယူ၍ သူ့မျက်နှာကို ကြည့်ရှုစစ်ဆေး၏။ ဆံပင်များ မသပ်မရပ် ဖြစ်နေသည်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖြီးသင်၏။ သူ့မျက်နှာကို မျက်နှာချေမှုန့်ဖြင့် လိမ်းခြယ်ပြန်၏။ အကျော့ရှင်းဆုံးဖြစ်အောင် သူ့ကိုယ်သူ ပြုပြင်ပြီးနောက် ဘုရားရှင် ရောက်အလာကို စိတ်စောစွာ စောင့်နေလေ၏။

ဘုရားရှင်သည် မောက်မာသူ မာဂဏ္ဍီ မိဖုရား၏ စိတ်အကြံကို သိတော်မူသည် ဖြစ်၍ မိဖုရားနှင့် တွေ့ဆုံရန် ငြင်းပယ်တော်မူလိုက်၏။ ရထားထိန်း အဘိုးအို တစ်ယောက်တည်း ပြန်လာသည်ကို မြင်လိုက်ရသော မာဂဏ္ဍီ မိဖုရားသည် အလွန်အမင်း ဒေါသထွက်သွား၏။

“ဘာပြောတယ်။ သူက မလာဘူးတဲ့လား။”

“မှန်လှပါ သခင်မ ဘုရား . . .။ သခင်မဆီ သူ မလာနိုင်ပါဘူးတဲ့ ဘုရား။ သူ့ကို တွေ့ချင်ရင် သခင်မပဲ သူ့ဆီ လာခဲ့ပါတဲ့ ဘုရား . . .။”

“ငါဟာ ဥဒေန မင်းကြီးရဲ့ မိဖုရားခေါင်ကြီး ဖြစ်တယ်ဆိုတာ သူ့ကို ပြောမပြလိုက်ဘူးလား။”

“ခွင့်လွှတ်တော်မူပါ သခင်မဘုရား . . .။ သခင်မဟာ မာဂဏ္ဍီ မိဖုရားကြီး ဖြစ်တော်မူတယ်လို့ပဲ ပြောခဲ့ပါတယ် ဘုရား။ ဥဒေန မင်းကြီးရဲ့ မိဖုရားခေါင်ကြီး ဖြစ်တဲ့အကြောင်းကိုတော့ မပြောမိခဲ့ပါ ဘုရား။”

“သူ့ဆီ တစ်ခေါက်ပြန်သွား။ သူ့ကို ငါ့ဆီ ခေါ်လာခဲ့။ ငါဟာ ဥဒေန မင်းကြီးရဲ့ မိဖုရားခေါင်ကြီး ဖြစ်တယ်ဆိုတာ ပြောပြလိုက်။ ရံရွေတော် ငါးရာနဲ့ ခမ်းနားတဲ့ မာဂဏ္ဍီ၊ ဇမ္ဗူဒိပ်မှာ အလှဆုံး မာဂဏ္ဍီ၊ မဟာဆီ မဟာသွေး မိဖုရားကြီး မာဂဏ္ဍီ ဖြစ်တယ်ဆိုတာ သူသိအောင် ပြောပြလိုက်။ သူ ငါ့ဆီကို လာကို လာရမယ်လို့ ပြောလိုက်။ ဒါဟာ မာဂဏ္ဍီ မိဖုရားရဲ့ အမိန့်တော်မြတ်ပဲ။”

ရထားထိန်း အဘိုးအိုသည် ဘုရားရှင်ထံသို့ တစ်ခေါက်ပြန်သွား၏။ ဘုရားရှင်၏ ရှေ့တော်မှောက် ရောက်သောအခါ လက်ဆယ်ချောင်းကို အချင်းချင်း ထိုးသွင်းချိတ်ယှက်၍ လက်ဆုပ်ပြုကာ လက်ဆုပ်ကို ရင်မှာကပ်လျက် ကိုယ်ကို ညွတ်ကွေး၍ ဘုရားရှင်ကို ဦးညွတ် ရှိခိုးရင်း လျှောက်ထား၏။

“အရှင်ဘုရား . . . ဥဒေန မင်းကြီးရဲ့ မိဖုရားခေါင်ကြီး မာဂဏ္ဍီက အမိန့်တော် ချမှတ်လိုက်ပါတယ် ဘုရား။ အရှင်ဘုရား . . . သူ့ရှေ့တော်မှောက် အရောက်လာရပါမယ်တဲ့ ဘုရား။ သူဟာ ဥဒေန မင်းကြီးရဲ့ မိဖုရားခေါင်ကြီး ဖြစ်ကြောင်း၊ ရံရွေတော် ငါးရာနဲ့ ခမ်းနားတဲ့ မာဂဏ္ဍီ ဖြစ်ကြောင်း၊ ဇမ္ဗူဒိပ်မှာ အလှဆုံး မာဂဏ္ဍီ ဖြစ်ကြောင်း၊ မဟာဆီ မဟာသွေး မိဖုရားကြီး မာဂဏ္ဍီ ဖြစ်ကြောင်း အရှင်ဘုရားကို အသိပေးလိုက်ဖို့လည်း အမိန့်တော်မြတ် ချမှတ်လိုက်ပါတယ် ဘုရား . . .။”

“ဒကာတော် . . . သူ့ရဲ့ အလှ၊ သူ့ရဲ့ ရာထူးဂုဏ်သိန်နဲ့ သူ့ရဲ့ စည်းစိမ်ဥစ္စာတွေဟာ ငါ့အတွက်တော့ အလကားပဲ။ တစ်ခါ ထပ်ပြောမယ်။ မာဂဏ္ဍီ ငါ့ကို တွေ့ချင်တယ်ဆိုရင် လာတွေ့နိုင်ပါတယ်”ဟု ဘုရားရှင်က မိန့်ကြားတော်မူ၏။

“သူ့ဆီကို အရှင်ဘုရား လာရမယ်လို့ အမိန်တော်မြတ် ချမှတ်လိုက်တာပါ ဘုရား . . .။”

“ဒကာတော် . . . သူ့ဆီကို ငါ မသွားနိုင်ဘူး။”

“အရှင်ဘုရား . . . မိဖုရားခေါင်ကြီးရဲ့ အမိန့်တော်မြတ်ဟာ သြဇာအာဏာ ကြီးမားလှပါတယ် ဘုရား။ သူ့အမိန့်ဟာ မင်းမိန့်ပါပဲ ဘုရား။”

“ဒကာတော် . . . မိဖုရားကြီးဆီသာ ပြန်ပေတော့။ သူ့ဆီကို ငါ မလာနိုင်ဘူးလို့ ပြောလိုက်ပါ”ဟု၍သာ ဘုရားရှင်က ငြင်းပယ်တော်မူပြန်၏။

ရထားထိန်း အဖိုးအိုသည် မာဂဏ္ဍီ မိဖုရားထံသို့ ပြန်သွားပြီး မိဖုရား၏ ရှေ့၌ ကိုယ်ကို ညွတ်ကိုင်း၍ သုံးကြိမ် အရိုအသေ ပြုလိုက်သည်။ ထိုစဉ် မာဂဏ္ဍီ မိဖုရား၏ မျက်နှာ၌ အလှတရားတို့ ပျောက်ကွယ်သွားပြီး ဒေါသရောင်လွှမ်းသွား၏။ မာဂဏ္ဍီသည် သွားကျိတ်လိုက်ပြီး သူ့ဦးခေါင်း၌ ပန်ဆင်ထားသည့် ပြာလဲ့လဲ့ ကြာပန်းပွင့်ကို ဆွဲဖြုတ်လိုက်ပြီး မြင်းချေးခံ ခွက်ထဲသို့ ဒေါနှင့်မာန်နှင့် ပစ်ထည့်လိုက်၏။ ထို့နောက် ယာဉ်ကို နန်းတော်သို့ ပြန်လှည့်ရန် ရထားထိန်းကို အမိန့်ပေး၏။

“တော်ပြီ။ နန်းတော် ပြန်မယ်။”

* * * * * * * * * *

ထူးထူးခြားခြား တိတ်ဆိတ်အေးချမ်းခဲ့သော ညတစ်ည ကုန်လွန်ခဲ့လေပြီ။ နေမင်း ထွက်ပေါ်လာနေပြီ ဖြစ်၏။ ဘုရားရှင်သည် ရှင်အာနန္ဒာနှင့်အတူ ကျောင်းတော်မှ ထွက်တော်မူ၍ မြို့ဝင်လမ်းမကြီးအတိုင်း ဆွမ်းခံကြွတော်မူနေ၏။ စူးစူးဝါးဝါး ဟစ်အော်သံများ၊ သံသေးသံကြောင် ညာသံများ၊ သရော်လှောင်ပြောင် ကြိမ်းမောင်းသံများ အရပ်ရှစ်မျက်နှာမှ ထွက်ပေါ်လာနေသည်။ ဘုရားရှင်ကို ရည်ရွယ်၍ ဟစ်အော်နေကြခြင်း ဖြစ်၏။ ဟစ်အော်လှောင်ပြောင်သူများသည် သစ်ပင်များပေါ်တက်၍ သစ်ကိုင်းများကြား၌ ခိုဝင်ပုန်းအောင်းရင်း မြည်တွန်တောက်တီး နေကြသည်။ ဘုရားရှင်သည် အော်ဟစ်သံများကို အလေးမထားဘဲ တည်ကြည်စွာ ကြွလှမ်းတော်မူနေ၏။ ဘုရားရှင် ခြေလှမ်း လှမ်းတော်မူလိုက်တိုင်း ဟစ်သံညာသံများ ထွက်ပေါ်လာနေ၏။ သို့သော် ဘုရားရှင်သည် တစ်ချက်ကလေးမှ ခြေလှမ်းပျက်တော် မမူပေ။ ၎င်းတို့ ပုန်းအောင်းရာ သစ်ပင်များအောက်သို့ ဘုရားရှင် ချဉ်းကပ်မိသောအခါ ဟစ်အော်သူများ အသံတိတ်သွားကြပြီး ဘုရားရှင်ကို တိုက်ရိုက် ဆဲရေးကြလေ၏။ ဘုရားရှင်ကို ခွေးကြီးဟုလည်းကောင်း၊ မြည်းကြီးဟုလည်းကောင်း၊ နွားကြီးဟုလည်းကောင်း၊ ခွေးအကြီးဟုလည်းကောင်း၊ ကြောင်သူတော် ပေါ်ကြော့သမားကြီးဟုလည်းကောင်း အမျိုးမျိုး နှိမ့်ချ ခေါ်ဝေါ်၍ ဟစ်အော်ဆဲဆိုကြလေ၏။ သစ်ကိုင်းများ သစ်ရွက်များပေါ်၌ တင်နေသည့် နှင်းဖတ်များကို ဘုရားရှင်ပေါ်သို့ လှုပ်ချကြ၏။ ဘုရားရှင်ကို ဆဲရေးစွပ်စွဲသံများ ဟစ်အော်သံများ နားကွဲလုမတတ် ဆူညံပွက်လောရိုက် နေလေ၏။ ဘုရားရှင်၏ ဦးခေါင်းတော်နှင့် သင်္ကန်းတော်တို့မှာ နှင်းရည်များ ရွှဲရွှဲစိုနေသည်။

“ဒုက္ခပါပဲ မြတ်စွာဘုရား . . .။ ရပ်တန့်တော်မူပါ မြတ်စွာဘုရား”ဟု ရှင်အာနန္ဒာက လျှောက်ထား၏။

“အာနန္ဒာ . . . မိုးချုန်းသံ သဲ့သဲ့လေးနဲ့ မိုးဖွဲဖွဲလေး ရွာနေတာကို ဘာဖြစ်လို့ ထိတ်လန့်နေရတာလဲ။”

“မြတ်စွာဘုရား . . . မိုးဖွဲ မဟုတ်ပါဘုရား။ မော်ကြည်တော် မူလိုက်ပါဦး ဘုရား။ သစ်ကိုင်းတွေကြားမှာ ပုန်းအောင်းနေကြတဲ့ အဆိုးအမိုက်တွေက နှင်းဖတ်တွေ လှုပ်ချပြီး အရှင်ဘုရားကို နှောင့်ယှက် စော်ကားနေကြတာပါ ဘုရား။ အရှင်ဘုရားကို ဆဲဆိုစွပ်စွဲနေကြတာပါ ဘုရား။”

“ငါ့ကို စွပ်စွဲနေကြတာ မဟုတ်ပါဘူး။”

“ဒါဖြင့် ဘယ်သူ့ကို စွပ်စွဲနေကြတာလဲ ဘုရား။”

“သူတို့ကိုယ် သူတို့ စွပ်စွဲနေကြတာပဲ။”

နှင်းခဲနှင့် သစ်ရွက်တစ်ချို့ ဘုရားရှင်၏ သပိတ်တော်ထဲ ကြွေကျလာ၏။ သို့သော် ဘုရားရှင်ကား ခြေလှမ်းပျက်တော်မမူပေ။ ဣနြေ္ဒမပျက် ဆက်လက်ကြွလှမ်းတော် မူနေ၏။

သစ်ကိုင်းတစ်ကိုင်း ကျိုးကျ၍ သစ်ကိုင်းနှင့်အတူ လူတစ်ယောက် လမ်းမပေါ်သို့ ပြုတ်ကျလာသောကြောင့် ဘုရားရှင် ရုပ်တရက် ရပ်တန့်တော်မူလိုက်၏။ သစ်ပင်ပေါ်မှ ကျလာသူမှာ ဘုရားရှင်ကို ခွေးကြီး၊ မြည်းကြီး၊ နွားကြီး၊ ခွေးအကြီး၊ ကြောင်သူတော် ပေါ်ကြော့သမားကြီး စသည်ဖြင့် ဟစ်အော်ဆဲဆိုနေသည့် လူမိုက်အုပ်စုဝင် တစ်ယောက်ပင် ဖြစ်၏။ သူ တွဲခိုဆုပ်ကိုင်ထားသည့် သစ်ကိုင်းနှင့်အတူ လမ်းမပေါ်တည့်တည့် ပြုတ်ကျလာသောကြောင့် ဘုရားရှင် ရပ်တန့်တော်မူလိုက်ရသည်။ ဟစ်အော်ဆဲဆိုသံများလည်း ရပ်တန့်သွား၏။ ထိုလူ၏ ပါးစပ်ထဲမှ သွေးများ ယိုစီးကျနေ၏။ ဘုရားရှင်သည် နောက်တော်မှ လိုက်ပါလာသည့် ရှင်အာနန္ဒာ့ထံသို့ သပိတ်တော်ကို ကမ်းပေးလိုက်ပြီး ဒုက္ခသည် လူငယ့်ထံသို့ ချဉ်းကပ်ကာ မေးတော်မူ၏။

“ကောင်လေး . . . ဘာသီးမှ မရှိတဲ့ သစ်ပင်ပေါ်တက်ပြီး သစ်ကိုင်းနုနုလေးတွေကို ဆွဲကိုင်လှုပ်ရမ်းခြင်းရဲ့ အကျိုးရလဒ်ကို သိပြီလား။”

လူငယ်သည် နာကျင်မှု ဝေဒနာဆိုးကို ခံစားရင်း အထိတ်တလန့် ဖြစ်နေ၏။ မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း မရပ်နိုင်ရှာပေ။ နာကျင်လွန်းသောကြောင်း တွန့်လိမ် မဲ့ရှုံ့နေပြီး ပင်ပန်းကြီးစွာ အသက်ရှူနေရ၏။ ဘုရားရှင်ကိုပင် မော်မကြည့်နိုင်တော့ဘဲ တအီအီ ညီးတွားရင်း မြေပြင်ပေါ် လဲလျောင်းနေလေ၏။ နံနက်ခင်းတုန်းက သူ လက်ခံရရှိခဲ့သော ရွှေဒင်္ဂါးတစ်ပြား သူ့ခြေရင်း၌ ကျနေသည်ကို လူငယ် လှမ်း၍ မြင်လိုက်၏။ ရွှေဒင်္ဂါးပြားကို ကြည့်နေရင်း မြွေတစ်ကောင်ကဲ့သို့ စက်ဆုပ်ရွံရှာမိ၏။ နားကြည်းစိတ် ဖြစ်မိ၍ ရွှေဒင်္ဂါးပြားကို ခြေနှင့် ကန်ကြောက်လိုက်သည်။ ဘုရားရှင်သည် ရွှေဒင်္ဂါးပြားနှင့် စပ်လျဉ်း၍ တစ်လုံးတစ်ပါဒမျှ မိန့်ကြားတော် မမူပေ။ ဟစ်အော်သံများ ဆဲဆိုသံများအကြောင်းလည်း ဘာမှ မိန့်တော်မမူပေ။ လူငယ်၏ အနားသို့ တိုးကပ်တော်မူပြီး လူငယ်ကို ချိုင်းကြားမှ မကိုင်၍ ဆွဲထူပေးတော်မူ၏။ လူငယ်သည် နာကျင်လွန်းသောကြောင့် စူးစူးဝါးဝါး အော်လိုက်သည်။

“ကောင်လေး . . . မင့်ကို ငါ ကူညီပါ့မယ်။ ဘယ်နေရာက နာတာလဲ။”

“မြတ်စွာဘုရား . . . ကျောရိုး . . . ကျောရိုးထဲက နာတာပါဘုရား။”

လူငယ်၏ ကျောရိုး ဒဏ်ရာရသွား၏။


:)
ရှင်အာစာရ

-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment