Sunday, February 6, 2011

တရားမင်းသခင် - ၅။ အမတ်ချုပ်ကြီး၏ အကြံပေးချက်

(.. . . . မှ အဆက်)

နေဝန်းသည် အနောက်ကောင်းကင်၌ ကျဝင်နစ်မြုပ်လျက် ရှိ၏။ နှင်းထုဖုံးသည့် တောင်ထွတ်တို့ကို ဖြတ်ကျော်လာသော လေးအေးသည် တသုန်သုန် သုတ်ဖျန်းတိုက်ခတ်လျက် ရှိ၏။ ကပိလဝတ် မြို့တော်၏ လမ်းတိုင်းလိုလို၌ ဆီမီများ ထွန်းညှိထားလျက် ရှိနေသည်။

လမ်းမီးများ ထွန်းညှိပြီးချိန်၌ သိဒ္ဓတ္တမင်းသားသည် ဖခင်မင်းကြီးကို သွားရောက်တွေ့ဆုံ၏။

သုရမ္မနန်းမဆောင် အနီးရှိ နန်းဆောင်တစ်ခု၌ မင်းကြီးသည် အမတ်ချုပ်ကြီး ဥဒယနှင့် ပြောဆိုဆွေနွေးလျက် ရှိနေသည်။ မင်းသားသည် ဖခင်မင်းကြီး၏ ခြေတော်အစုံကို ဦးညွတ်ရှိခိုးလိုက်ပြီးနောက် အနီးအပါးမှာ ရပ်လျက် နေရာယူ၏။

ထိုစဉ် မင်းကြီးက ဆို၏။
“ထိုင်ပါ သားတော်။ ညနေစောင်းတုန်းက သားတော်ရဲ့ နန်းဆောင်ကို ရောက်ခဲ့သေးတယ်။ သားတော်ကို မတွေ့ခဲ့ရဘူး။”

“ခမည်းတော် လာတယ်ဆိုတာ ယသောဓရာ ပြောပါတယ် ဘုရား။ ပြန်ရောက်ရောက်ချင်း ကြားလိုက်ရတော့ တစ်ခုခုတော့ အရေးကြီးနေပြီလို့ ထင်မိခဲ့ပါတယ် ဘုရား။”

“သားတော် ကာဠာမ ရသေ့ဆီ သွားတယ်ဆိုတာလည်း ကြားခဲ့ရတယ်။ ဟုတ်သလား။”

“မှန်ပါတယ် ခမည်းတော်။ ရသေ့ကြီးရဲ့ သင်္ခမ်းကျောင်းကို သားတော် အရမ်း သဘောကျတာပဲ။ ရှင်သန်ဆဲ မြက်ခြမ်းဖတ် တစ်ခုကတောင်မှ ထူးထူးခြားခြား လှပခန့်ငြားနေတာကို တွေ့မြင်ခံစားခဲ့ရပါတယ် ခမည်းတော်။ ဒါပေမယ့် ရသေ့ကြီးက သားတော်ကို စကားတစ်ခွန်းမှ မပြောပါ ဘုရား။”

“သားတော်။ အဲဒီ ရသေ့သင်္ခမ်းကျောင်းက သားတော်ရဲ့ နန်းဆောင်နဲ့ သားတော်ရဲ့ မင်းသမီးတွေထက် ပိုပြီးတော့ နှစ်သက်စရာ ကောင်းသလား။”

သိဒ္ဓတ္တသည် ဖခင်မင်းကြီး၏ အမေးကို ချက်ချင်း တိုက်ရိုက် ပြန်လည်ဖြေကြားခြင်း မပြုပေ။ အတန်ငယ်ကြာမှ စကားတုံ့ပြန်၏။
“ခမည်းတော်။ ယသောဓရာဟာ မိန်းမကောင်း မိန်းမမြတ် ဖြစ်ပါတယ် ဘုရား။ ယသောဓရာကို သားတော် ချစ်မြတ်နိုးပါတယ် ဘုရား။ ဘာကြောင့်ဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် ရသေ့သင်္ခမ်းကျောင်းဟာ သားတော်ကို အလွန်အမင်း ဆွဲဆောင်နိုင်ပါတယ် ဘုရား။ သင်္ခမ်းကျောင်းဟာ လောကီဒုက္ခတွေ မပြည့်စုံမှုတွေကနေ သီးခြားကင်းလွတ်တဲ့ သုခဘုံတစ်ခု ဖြစ်တယ်လို့ ထင်မိပါတယ် ဘုရား။”

မင်းကြီးက ပြန်မေး၏။
“သားတော်မှာ ဘာ လောကီဒုက္ခတွေများ ရှိနေလို့လဲ။ သားတော်မှာ ဘာတွေများ မပြည့်မစုံ ဖြစ်နေလို့လဲ။”

“မဟုတ်သေးပါဘူး ခမည်းတော် ဘုရား။”

“ဒါဆို လောကီဒုက္ခတွေ မပြည့်စုံမှုတွေကို ဘာဖြစ်လို့ ပြောနေရတာလဲ။”

“ခမည်းတော်။ လောကဟာ ဒုက္ခတွေနဲ့ ပြည့်နှက်နေတယ်၊ လိုအပ်မှုတွေ ရှိနေတယ်လို့ သားတော် ထင်မိပါတယ် ဘုရား။”

“ဒီမယ် သားတော်။ သားတော်ဟာ သာကီဝင်တွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ ထီးမွေနန်းမွေ ဆက်ခံမယ့် မင်းသားတစ်ပါးမှာ ဒီကမ္ဘာရဲ့ အပြင်ဘက်က လူတစ်ယောက်ရဲ့ အမူအရာမျိုး ရှိမနေရဘူး။ ရသေ့သင်္ခမ်းကျောင်း ဆိုတာကို အိုမင်းမစွမ်း ဖြစ်တဲ့အချိန်ကျမှ စိတ်ကူးစမ်းပါ။ ခမည်းတော်က သားတော်ကို သကျနေပြည်တော်ရဲ့ အချုပ်အခြာအာဏာ အပ်နှင်းချင်တယ်။ ဒီနေပြည်တော်ကို တရားမျှတစွာ အုပ်ချုပ်ပါ။ ဒီနေပြည်တော် တစ်ခုနဲ့ မကျေနပ်သေးရင် ကာသိနဲ့ ကောလိယ ဒေသက တိုင်းခွဲမင်းလေးတွေကို သိမ်းပိုက်ပါ။ သားတော်ရဲ့ စွမ်းရည်နဲ့ ဇမ္ဗူဒိပ် တောင်ဘက်ခြမ်းတင် မကဘဲ ဇမ္ဗူဒိပ် တပြင်လုံးကို တစ်ခုတည်းသော အလံတော်အောက်မှာ သိမ်းသွင်းပြီး ကောင်းမြတ်တဲ့ အုပ်ချုပ်ရေး စနစ်တစ်ရပ် ထူထောင်နိုင်လိမ့်မယ်။ လုပ်လိုက်စမ်းပါ သားတော်။ မိခင်တစ်ယောက်ဟာ သူ့ရင်သွေးကို အထိန်းအနှောင် ကင်းကင်းနဲ့ ခုန်ပေါက်ပြေးလွှားနိုင်တာကို မြင်ချင်လိမ့်မယ်။ ငါလည်း သားတော်ကို ဘုရင်တစ်ဆူရဲ့ တာဝန်တွေ ထမ်းရွက်ကျေပွန်နိုင်တာကို မြင်ချင်တယ်။ ကမ္ဘာကို အောင်နိုင်ပြီး သရဖူ ဆောင်းနေတာကို မြင်ချင်တယ်။ သားတော်ရဲ့ အမြင်ကို ပြောစမ်းပါအုံး။”

သိဒ္ဓတ္ထသည် တိုးလျသော လေသံဖြင့် စဉ်းစဉ်းစားစား ပြောဆိုလျှောက်တင်၏။
“ခမည်းတော် ဘုရား။ ခမည်းတော်ဟာ ဘဝညနေခင်းထဲ ဝင်ခါစပဲ ရှိပါသေးတယ် ဘုရား။ တာဝန်တော်တွေ ထမ်းရွက်ဖို့ နှစ်တွေ အများကြီး ကျန်နေပါသေးတယ် ဘုရား။ သားတော်ရဲ့ ထီးရေးနန်းရာ အသိက နုပါသေးတယ် ဘုရား။ လူရေးလူရာ ကိစ္စတွေမှာလည်း သားတော်က မရင့်ကျက်သေးပါ ဘုရား။ လူတွေအကြောင်း နဲ့ လောကအရေးအရာ ကိစ္စတွေအကြောင်း သားတော် နည်းနည်းလေးပဲ သိသေးတယ်ဆိုတာ သဘောပေါက်မိပါတယ် ဘုရား။ သားတော်ကို အချိန်ပေးပါ ခမည်းတော်။”

အမတ်ချုပ်ကြီး ဥဒယက ကြားဝင်၍ ဆို၏။
“အရှင်မင်းကြီး။ မင်းကြီးပြောတာ မှန်ပါတယ် ဘုရား။ မင်းသားပြောတာလည်း မှန်တာပါပဲ ဘုရား။ စစ်ရေးစွမ်းရည်ပြ တိုက်ပွဲမှာ မင်းသားဟာ အောင်မြင်သူပါ ဘုရား။ ငယ်ရွယ်သူ၊ ထီးမူနန်းဟန် ရှိတဲ့သူ၊ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်ထိုက်သူလည်း ဖြစ်ပါတယ် ဘုရား။ အရည်အချင်း အားလုံးထက် သာလွန်တာက သူ့ရဲ့ ဉာဏ်ပညာ နဲ့ ဆင်ခြင်တုံတရား ဖြစ်ပါတယ် ဘုရား။ အရှင်မင်းကြီး။ လောလောဆယ်မှာ သာကီဝင်တွေဟာ စစ်ဦးစီးတစ်ယောက် လိုနေပါတယ် ဘုရား။ ယုဝရာဇ်ရဲ့ ရာထူးကို မင်းသားကို ပေးတော်မူပါ ဘုရား။ မင်းသားကို စစ်တပ်ရဲ့ ဗိုလ်ချုပ်အဖြစ် ခန့်အပ်တော်မူပါ ဘုရား။ ကောလိယတွေဟာ ကျွန်တော်မျိုးတို့ကို အမြဲတမ်း ကျူးကျော်စော်ကား နေပါတယ် ဘုရား။ ကျွန်တော်မျိုးတို့ရဲ့ ရောဟိနီမြစ် အထက်ပိုင်းက တူးမြောင်းတွေကို ပိတ်ဆို့ပြီးတော့ ကျွန်တော်မျိုးတို့ရဲ့ ရေကို လုယူနေကြပါတယ် ဘုရား။ ကျွန်တော်မျိုးတို့ရဲ့ စိုက်ကွင်းတွေမှာ ရေမလုံလောက်တော့ပါ ဘုရား။ ကောလိယ စိုက်ကွင်းတွေမှာတော့ ရေတွေ အလျှံပယ် ရှိနေပါတယ် ဘုရား။ သူတို့ရဲ့ စိုက်ကွင်းတွေမှာ သီးနှံတွေ ဖွံ့ဖွံ့ထွားထွား ရှိနေပါတယ် ဘုရား။ ကောလိယ နေပြည်တော်ကို ကျွန်တော်မျိုးတို့ အောင်နိုင်မယ်ဆိုရင် မျိုးရိုးစဉ်ဆက် ရှိလာခဲ့တဲ့ ဒီပြဿနာ ပြေလည်သွားနိုင်ပါတယ် ဘုရား။ အရှင်မင်းကြီး။ ကောလိယ နေပြည်တော်ကို အောင်မြင်သိမ်းပိုက်ဖို့ စစ်မဟာအင်အားတစ်ခု စုဖွဲ့နိုင်တဲ့ စွမ်းရည်သတ္တိ မင်းသားမှာ ရှိနေတယ်ဆိုတာကို ရဲရဲကြီး ယုံကြည်တော်မူလိုက်စမ်းပါ ဘုရား။”
 
 

(ဆက်ရန် . . .)

Ref:
Portrait of the Buddha (from a Novelist's Pen)
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE

2 comments:

  1. အော်.. အမတ်ကြီးရဲ့ အကြံပေးချက်က သာသာလေးမြှောက်ပြီး ရန်တိုက်ပေးသကိုး..

    ဘုန်းဘုန်းရဲ့ တရားရေစင်နဲ့ ဖျန်းလိုက်ရင်တော့ အမတ်ကြီး အမြင်တွေ မှန်လာနိုင်ကောင်းပါရဲ့.. :)

    ReplyDelete
  2. ဟုတ်ပါ့။ အမတ်ကြီးတွေ အမြင်မှန်လာနိုင်ကောင်းပါရဲ့ :)

    ReplyDelete