Tuesday, February 8, 2011

Our Real Home (Part 4, the End) - အိမ်အစစ် (အပိုင်း - ၄၊ နိဂုံ)

ကွယ်လွန်ခါနီး သက်ကြီးရွယ်အို တစ်ဦးသို့ ဟောကြားချက်
အိမ်အစစ်
မရဏတရားသို့ ချဉ်းကပ်ခြင်း

မှာ ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။
လောကဓမ္မတာ လမ်းကြောင်းဟာ ဒီလိုပါပဲလို့ နားလည်လိုက်တဲ့ အခါမှာ လောကဟာ ဆင်းရဲပင်ပမ်းရတဲ့ နေရာတစ်ခုပါလားလို့ ခံစားရပါလိမ့်မယ်။ ခိုင်မြဲတာ မရှိဘူူးလို့ သိမြင်တဲ့အခါမှာ၊ ဒါမှမဟုတ် မှီခိုအားထား နိုင်လောက်အောင် တည်မြဲတာ မရှိဘူးလို့ သိမြင်လိုက်တဲ့ အခါမှာ စိတ်ပင်ပန်းရပါလိမ့်မယ်။ စိတ်နှလုံး ယူကျုံးမရ ဖြစ်ရပါလိမ့်မယ်။ ဒီ စိတ်အလိုမကျမှုကို ငြင်းပယ်လိုက် တာတော့လည်း မဟုတ်ပါဘူး။ စိတ်က ကြည်လင်နေပါတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အတွက် သက်သာရာရဖို့ ဖြေဆေးအနေနဲ့ ဘာမှ လုပ်စရာ မလိုဘူး၊ လောကသဘာဝသာ ဖြစ်တယ်လို့ စိတ်က သိမြင်ပါတယ်။ ဒီလို သိလိုက်ခြင်းအားဖြင့် ပျော်ရွှင်တာလည်းမဟုတ် စိတ်ပျက်ဝမ်းနည်းတာလည်း မဟုတ်တဲ့ စိတ်နဲ့ တွယ်တာမှုကို ဖယ်ရှားလိုက်နိုင်ပါတယ်။ သင်္ခါရတရားတို့ရဲ့ ဖြစ်ပျက်ပြောင်းလဲမှု သဘာဝကို ဉာဏ်နဲ့ ထိုးထွင်းသိမြင်ပြီး ငြိမ်းချမ်းရုံသာ ရှိပါတော့တယ်။

အနိစ္စာ ဝတ သင်္ခါရာ၊ သင်္ခါရတရား အားလုံးဟာ မတည်မြဲပါဘူး။ ရှင်းရှင်း ပြောရရင် မတည်မြဲမှုဟာ ဗုဒ္ဓပါပဲ။ မတည်မြဲတဲ့ သဘောတရားကို တကယ်တမ်း ရှင်းရှင်လင်းလင်း သိမြင်တယ်ဆိုရင် တည်မြဲတာကို သိမြင်ပါလိမ့်မယ်။ ဖြစ်ပျက်ပြောင်းလဲ နေရတယ်ဆိုတဲ့ သဘောတရားဟာ မပြောင်းလဲ ပါဘူးလို့ သိမြင်ပါလိမ့်မယ်။ သက်ရှိသတ္တဝါတွေ ပိုင်ဆိုင်ထားတာ ဒီ တည်မြဲမှုပဲ ဖြစ်ပါတယ်။ အစဉ်မပြတ် ရွေ့လျားပြောင်းလဲနေမှု ရှိပါတယ်။ ကလေးဘဝကနေ အရွယ်ရောက်လာပြီး အိုမင်းမှုဆီ ရွေ့လျားပြာင်းလဲ ပါတယ်။ အဲဒီ မတည်မြဲမှုဟာ, ပြောင်းလဲတတ်တဲ့ သဘာဝဟာ တည်မြဲပါတယ်၊ ပုံသေကားချ ရှိနေပါတယ်။ ဒီသဘောကို ဒီအတိုင်းရှုလို်က်ရင် စိတ်နှလုံး အေးချမ်းပါလိမ့်မယ်။ ဒါဟာ ကိုယ်တစ်ယောက်တည်း တွေ့ကြုံဖြတ်သန်းရတာ မဟုတ်ပါဘူး။ လူတိုင်း ကြုံရတာပါ။

ဓမ္မသဘာဝတွေကို ဒီအတိုင်း သုံးသပ်တဲ့အခါမှာ ဆင်းရဲပင်ပမ်းမှုတွေအဖြစ် တွေ့မြင်ရပါလိမ့်မယ်။ နောက်ပြီး ငြီးငွေ့မှု ဖြစ်ပေါ်လာပါလိမ့်မယ်။ ကာမလောက အပေါ်မှာ သာယာနှစ်သက်မှု ကွယ်ပျောက် သွားပါလိမ့်မယ်။ ပိုင်ဆိုင်မှုတွေ အများကြီးရှိရင် ချန်ထားခဲ့ရတာတွေ များမယ်, ပိုင်ဆိုင်မှု နည်းနည်းပဲရှိရင် ချန်ထားခဲ့ရတာ နည်းမယ်လို့ သိမြင်လာပါလိမ့်မယ်။ စည်းစိမ်ချမ်းသာဟာ စည်းစိမ်ချမ်းသာပါပဲ၊ အသက်ရှည်မှုဟာ အသက်ရှည်မှုပါပဲ။ ဘာမှ ထူးဆန်းတာတွေ မဟုတ်ပါဘူး။
ဘုရားရှင် ဆင်ခြင်တော်မူခဲ့သလို ဆင်ခြင်သင့်တယ်ဆိုတဲ့ အချက်ဟာ အရေးကြီးတယ်။ ကိုယ်ပိုင်အိမ် တည်ဆောက်သင့်ပါတယ်။ အခု ရှင်းပြခဲ့တဲ့ နည်းနဲ့ တည်ဆောက်သင့်ပါတယ်။ ကိုယ်ပိုင်အိမ် တည်ဆောက်ပါ။ လွှတ်ပေးလို်က်ပါ။ စိတ်ဓာတ်ဟာ တိုးတက်မှုက ကင်းလွတ်တဲ့, ဆုတ်ယုတ်မှုက ကင်းလွတ်တဲ့, ငြိမ်သက်ရပ်တံ့ နေမှုကလည်း ကင်းလွတ်တဲ့ ငြိမ်းချမ်းမှုဆီ ရောက်တဲ့အထိ လွှတ်ပေး လိုက်ပါ။ ပျော်ရွှင်နှစ်သက်မှုဟာ ကိုယ့်အိမ် မဟုတ်ပါဘူး။ နာကျင်မှု ဝေဒနာဟာလည်း ကိုယ့်အိမ် မဟုတ်ပါဘူး။ သုခဝေဒနာရော ဒုက္ခဝေဒနာပါ ကျဆုံးပြီး ကွယ်ပျေက်သွားရမှာပါ။

ကြီးမြတ်တဲ့ ဆရာသခင် ရှင်တော်မြတ်က သင်္ခါရတရားတွေဟာ အနိစ္စပါလို့ သိမြင်တော်မူခဲ့ ပါတယ်။ ဒါကြောင့်ပဲ သင်္ခါရတရားတွေ အပေါ်မှာ တွယ်တာတပ်မက်မှုကို လွှတ်ခွာလိုက်ဖို့လည်း သွန်သင်တော်မူခဲ့ပါတယ်။ ဘဝနိဂုံး ရောက်တဲ့အခါမှာ ဘယ်နည်းနဲ့မှ ရွေးခြယ်စရာ မရှိပါဘူး၊ ဘာကိုမှ ကိုယ်နဲ့အတူ ယူဆောင်မသွားနိုင်ပါဘူး။ ဒါကြောင့် ဘဝနိဂုံးမရောက်ခင်က သင်္ခါရတွေကို စွန့်လွွှတ် ပစ်ချထားလိုက်တာက ပိုမကောင်းဘူးလား။ အဲဒါတွေဟာ တစ်လျှောက်လုံး သယ်ဆောင်ထားရတဲ့ ဝန်ထုပ်တွေသာ ဖြစ်ပါတယ်။ ဘာကြောင့် ဝန်ထုပ်ကို အခုပဲ စွန့်မချလိုက်ရတာလဲ။ ဒုက္ခခံပြီး ဘာကြောင့် တစ်လျှောက်လုံး ဆွဲယူထားရတာလဲ။ လွှတ်ပေးလိုက်ပါ။ သက်တောင့်သက်သာ ရှိပါစေ။ မိသားစုကပဲ ကိုယ့်ကို စောင့်ရှောက်ပါစေ။

လူမမာကို ပြုစုသူဟာ ကောင်းမြတ်မှုကို စိုက်ပျိုးသူပါ၊ သူတော်ကောင်းတရားကို ပျိုးထောင်သူပါ။ နာမကျန်းဖြစ်နေသူ, သူတစ်ပါးကို ပြုစုလုပ်ကျွေးခွင့် ပေးနေသူဟာ ပြုစုသူတွေ အခက်ကြုံရအောင် မလုပ်သင့်ပါဘူး။ နာတယ်ကျင်တယ်ဆိုရင် သူတို့ကို အသိပေးပါ။ ပြဿနာအခက်အခဲ တစ်ခုမဟုတ်တစ်ခု ကြုံရရင် သူတို့ကို အသိပေးပါ။ စိတ်ကောင်းမွေးပါ။ မိဘကို ပြုစုနေသူတွေဟာ နွေးထွေးမှုနဲ့ သနားကြင်နာမှုတို့ကို စိတ်ထဲမှာ ဖြည့်ဆည်းထားသင့်ပါတယ်။ စိတ်ဆိုးဒေါသ မဖြစ်သင့်ပါဘူး။ မိဘတို့အပေါ် တင်ရှိထားတဲ့ကြွေးကို ပြန်လည်ပေးဆပ်ခွင့်ရတဲ့ အချိန်အခါတစ်ခု ဖြစ်ပါတယ်။ ကိုယ်မွေးဖွား လာကတည်းက ကလေးဘဝတစ်လျှောက်လုံး လူလားမြောက်တဲ့အထိ မိဘတွေကို မှီခိုခဲ့ရပါတယ်။ မိဘတွေက ကိုယ့်ကို ကူညီစောင့်ရှောက်ခဲ့ကြလို့ ဒီနေ့ ဒီနေရာမှာ တည်ရှိနေကြတာပါ။ မိဘတွေဆီမှာ ပေးဆပ်ရမယ့် ကျေးဇူးအကြွေးတွေ မယုံကြည်နိုင်လောက်အောင်ကိုပဲ တင်နေပါတယ်။

ဒါ့ကြောင့် ဒီနေ့ ဒီနေရာမှာ သားသမီးတွေအားလုံး, ဆွေမျိုးများအားလုံး စုရုံးမိကြပြီ။ ကိုယ့်မိဘက ကိုယ့်ကလေး ပြန်ဖြစ်နေပုံကို ကြည့်လိုက်စမ်းပါ။ အရင်တုန်းက ကိုယ်က သူတို့ကလေးတွေပါ။ အခု မိဘက ကိုယ့်ကလေး ဖြစ်နေပြီ။ မိဘတွေဟာ လူမမယ်ပြန်ဖြစ်ရတဲ့အထိ အိုအို, အိုအို လာနေကြပါတယ်။ သူတို့ မှတ်ဉာဏ်တွေ သွားပြီ။ သူတို့ မျက်လုံးတွေ ကောင်းကောင်း မမြင်တော့ဘူး။ သူတို့ နားတွေ မကြားတော့ဘူး။ တစ်ခါတစ်လေ စကားတွေ ဗလုံးဗထွေး ဖြစ်နေတယ်။ အဲဒီ အတွက် စိတ်မပျက်မိပါစေနဲ့။ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ လူမာကို ပြုစုနေသူတွေ သိပါတယ်။ ဒါတွေကို စိတ်ထဲမှာ အစွဲမထားပါနဲ့။ ထားလိုက်ပါ။ သွားကြပါစေ။ ကလေးငယ်တစ်ယောက် စကားနားမထောင်တဲ့ အခါမှာ စိတ်ချမ်းသာအောင် မိဘတွေက ဒီအတိုင်းထားလိုက်ရတာ ရှိပါတယ်။ ကျေနပ်အောင် လုပ်လိုက်ရပါတယ်။ အခု မိဘတွေက အဲဒီလို ကလေးနဲ့ တူနေပါပြီ။ သူတို့ရဲ့ မှတ်ဉာဏ်တွေ, အမှတ်သညာတွေ ရောထွေးနေပါပြီ။ တစ်ခါတစ်ခါ သူတို့က ကိုယ့်နာမည်ကို မှားခေါ်တယ်၊ ကိုယ်က ခွက်ကိုတောင်းတာ သူတို့က ပန်ကန်းပြားကို ပေးတယ်။ ပုံမှန်ပါပဲ။ ဒီအတွက် စိတ်မပျက်ပါနဲ့။

ပြုစုပေးနေသူတွေရဲ့ အကြင်နာတရားကို လူမမာက သိပါစေ။ ခံစားရတဲ့ဝေဒနာကို စိတ်ရှည်လက်ရှည် သည်းခံနိုင်ပါစေ။ ကိုယ်ကိုယ်တိုင်လည်း စိတ်ဓာတ်ခွန်အား စိုက်ထုတ်ပါ။ စိတ်မကွက်မိပါစေနဲ့။ စိတ်မပျက်မိပါစေနဲ့။ ကိုယ့်ကို ပြုစုစောင့်ရှောက် နေကြသူတွေ အခက်ကြုံရအောင် မလုပ်ပါနဲ့။ လူမမာ ပြုစုတဲ့သူတွေရဲ့ စိတ်ထဲမှာလည်း သူတော်ကောင်းတရား, အကြင်နာတရား ပြည့်နေပါစေ။ ချွဲသလိပ် အညစ်အကြေးနဲ့ ကျင်ကြီးကျင်ငယ်တွေ ရှင်းရလင်းရတဲဲ့ အလုပ်, စက်ဆုပ်ဖွယ် ကိစ္စရပ်ကို မငြိုငြင်ပါနဲ့။ အစွမ်းကုန် ကြိုးစားကြပါ။ မိသားစုဝင်တိုင်း ပါဝင်ကူညီကြပါ။

မိဘဆိုလို့ သူတို့ပဲ ရှိပါတယ်။ သူတို့က ကိုယ့်ကို အသက်ပေးခဲ့တာပါ။ သူတို့က ကိုယ့်ဆရာ ဖြစ်ခဲ့ကြပြီ။ ကိုယ့်ရဲ့ သူနာပြု ဖြစ်ခဲ့ကြပြီ။ ကိုယ်ရဲ့ ဆရာဝန် ဖြစ်ခဲ့ကြပြီ။ ကိုယ်အတွက် အရာရာ ဖြစ်ခဲ့ကြပါပြီ။ သူတို့က ကိုယ့်ကို ပြုစုစောင့်ရှောင့်ခဲ့ကြပြီ။ သင်ပြပေးခဲ့ကြပြီ။ သူတို့ရဲ့ စည်းစိမ်ကိုလည်း မျှဝေပေးခဲ့ပြီ။ ကိုယ့်ကို သူတို့အမွေ ခံစားခွင့် ပေးလိုက်တာဟာ မိဘတွေရဲ့ ကြီးမားတဲ့ ကျေးဇူးတရားပါပဲ။ ဒါကြောင့် ဘုရားရှင်က ကတညုတ ကတဝေဒီ ကျေးဇူးသိပြီး ကျေးဇူးပြန်ဆပ်ခြင်းရဲ့ မြင့်မြတ်ပုံကို ဟောတော်မူခဲ့ပါတယ်။ ဒီတရား နှစ်ပါးဟာ လိုက်ဖက်မှု ရှိပါတယ်။ ကိုယ်မိဘက လိုအပ်နေပြီ, မကျန်းမမာ ဖြစ်နေပြီ, အခက်အခဲ ရှိနေပြီဆိုရင် သူတို့ကို ကူညီဖို့ အစွမ်းကုန် ကြိုးစားရပါမယ်။ ဒါ ကတညုတ-ကတဝေဒီ ပါပဲ။ ကမ္ဘာကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ တရား ဖြစ်ပါတယ်။ ဒီတရားက မိသားစုတွေ မပြိုကွဲအောင် ကာကွယ်စောင့်ရှောက်ပါတယ်။ ဒီတရားက မိသားစုတွေ တည်ငြိမ်ပြီး ညီညွတ်မျှတအောင် ဆောင်ရွက်ပေးပါတယ်။

ဒီနေ့ ခုလို မကျန်းမမာ ဖြစ်နေချိန်မှာ လက်ဆောင်အဖြစ်နဲ့ တရားဓမ္မကို ပေးအပ်လိုက်ပါပြီ။ ဘုန်းကြီးဆီမှာလည်း ပေးဖို့ ရုပ်ဝတ္ထုပစ္စည်း မရှိပါဘူး။ အဲဒါတွေလည်း အိမ်မှာ အလျှံပယ် ရှိနေပုံရပါတယ်။ ဒါ့ကြောင့် ရေရှည်အဖိုးတန်မယ့်, သုံးစွဲလို့လည်း မကုန်နိုင်တဲ့ ဓမ္မကိုပဲ ပေးလိုက်ပါတယ်။ ဒီလက်ဆောင်ကို ခံယူပြီး တစ်ခြားသူတွေကိုလည်း လက်ဆင့်ကမ်းချင်သလောက် ကမ်းလို့ ရပါတယ်။ ဘယ်တော့မှ မကုန်နိုင် ပါဘူး။ အဲဒါဟာ သဘာဝအမှန်တရား ဖြစ်ပါတယ်။ ဒီ ဓမ္မလက်ဆောင် ပေးလိုက်နိုင်တဲ့ အတွက်လည်း ကျေနပ်ပျော်ရွှင် မိပါတယ်။ ရောဂါဝေဒနာကို ရင်ဆိုင်နိုင်ဖို့ ဒီလက်ဆောင်က ခွန်အားဖြည့်ဆည်း ပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ 

ဆရာတော် အချန်ချား၏ ဟောကြားချက်ကို ဘာသာပြန်ဆိုပါသည်။
Original message (Our Real Home) is available (Jan 22, 2011) at
www.accesstoinsight.org/lib/thai/chah/bl111.html

ရှင်အာစာရ

Picture from (Feb 08, 2011):
http://thuvientrilieu.wordpress.com/tag/ajahn-chah/

No comments:

Post a Comment