“ယသောဓရာ။ ငါ့ခြေတောက်ကို ဆေးကြောတာထက် ငါ့ ညာဘက်လက်ကို ဆေးကြောတာက ပိုကောင်းမယ်။ ငါ့ ညာဘက်လက်ကို ဆေးစမ်းပါ။”
ယသောဓရာသည် လင်တော်မောင်၏ ခြေတော်အစုံ ခြောက်သွေ့သည်အထိ တဘက်နှင့် သုတ်ပေးပြီး မတ်တတ်ရပ်လိုက်သည်။ ထို့နောက် လင်တော်မောင်၏ ညာဘက်လက်ကို ကိုင်တွယ်ကြည့်ရှုစစ်ဆေး၏။
“မောင်တော့် ညာဘက်လက် ဘာမှလည်း မဖြစ်ပါလား မောင်တော်ရဲ့။ ဘယ်ဘက်လက်လိုပဲ သန့်ရှင်းနေတာပါ။”
“မဟုတ်သေးဘူး။ ငါ့ ညာဘက်လက် မသန့်ရှင်းဘူး။ မင်းကိုယ်တိုင် သုတ်သင် သန့်ရှင်းပေးရမယ်။ ဒေဝဒတ်ရဲ့ အစ်မဖြစ်တဲ့ မင်းကိုယ်တိုင် ဆေးကြောသုတ်သင်ပေးတာကို ငါ မြင်ချင်တယ်။”
လင်တော်မောင်၏ ဘဝင်မကျမှုကို ယသောဓရာ နားလည်ခံစားလိုက်ရ၏။
“မောင်တော်ရယ်။ နှစ်မတော်ကို ပြောပြစမ်းပါ။ မောင်တော့် ကြည့်ရတာ မရွှင်မပျနဲ့။ မောင်တော် စိုးရိမ်ပူပန်နေတာပါ။ မောင်တော့် အပူဟာ နှစ်မတော်ရဲ့ အပူပဲပေါ့။ မောင်ငယ် ဒေဝဒတ်ရဲ့ နာမည်ကို ဘာလို့ ထည့်ပြောရတာလဲ။ သူဟာ လိမ္မာပါးနပ်ပေမယ့် စည်းမဲ့ကမ်းမဲ့ လုပ်တတ်တယ်ဆိုတာ နှစ်မတော် သိပါတယ်။ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ နှစ်မတော်ကို ပြောပြစမ်းပါ။”
“ငါ့ ညာဘက်လက်ကို ဆေးပေးပါ။ ပြီးမှ ပြောပြမယ်။”
သိဒ္ဓတ္ထ၏ တောင်းဆိုမှုကြောင့် ယသောဓရာသည် သိဒ္ဓတ္ထ၏ ညာဘက်လက်ကို ဆေးကြောပေး၏။ ဆေးကြောနေစဉ် သိဒ္ဓတ္ထက ဆို၏။
“ယသောဓရာ။ ဟို အပြင်ဘက်မှာ ထူးထူးဆန်းဆန်းတွေ ဖြစ်ခဲ့တယ်။ တစ်ချို့က တောရပ်ခိုလှုံကြတယ်။ သီးခြားလွတ်လပ်ချင်လို့ပေါ့။ ရသေ့သူတော်စင် ဘဝနဲ့ ရပ်တည်ရှင်သန်ချင်လို့ပေါ့။ နောက်ပြီး သူတို့က မြို့လာပြီး ဆွမ်းခံကြတယ်။ တစ်ချို့ကတော့ ဆွမ်းခံကြွလာတဲ့ ရသေ့သူတော်စင်တွေကို အတင်းအဓမ္မ ဆံကျစ်ကနေ ဆွဲရမ်းပြီး ပြည့်တန်ဆာမတွေရဲ့ အင်္ဂါဇာတ်ကို ရှိခိုးခိုင်းတယ်။ စင်တင်ဖျော်ဖြေတဲ့ မျောက်ပွဲလို အပျော်အပျက် လုပ်ကြတာပေါ့။ အဲဒါ မင့်မောင် ဒေဝဒတ်ပေါ့။ လက်ထဲမှာလည်း ဓားနဲ့။ ဒီဃမ္ဘရ ရသေ့ကို ကျူးလွန်စော်ကားတာ။ မြို့တော်ရဲ့ ဇမ္ဗုသပြေ ဥယျာဉ်ထဲမှာ ဖြစ်ခဲ့တာပဲ။ သူ့ရဲ့ အပေါင်းအပါတွေက ခွက်ထိုးခွက်လှန် ရယ်လို့မောလို့။ ရှက်စရာကောင်းတဲ့ လုပ်ရပ်ကို သဘောကျကြတယ်။ ငါလည်း အဲဒီလို ပြစ်မှုမြောက်တဲ့ အပြုအမူကို ကြည့်မရတာနဲ့ ဒေဝဒတ်ကို မြေပေါ်လဲကျအောင် ထိုးလိုက်တယ်။”
“အိုး... မောင်တော်ဘုရား။ သူဟာ ကြမ်းလွန်းပါတယ်။ ရက်စက်လွန်းပါတယ်။ သူက မောင်တော်ကို ကလဲ့စား ချေမှာ။ ကလဲ့စား မချေဘူးဆိုရင် ထူးဆန်းမှုတစ်ခုပဲ။”
မင်းသားသည် နန်းဆောင်လှေခါးကို တက်လိုက်သည်။ နန်းဆောင်အပေါ်ထပ်ရှိ သူ နှစ်လိုအားရစွာ ထိုင်နေကျ နေရာမှာ ထိုင်နေသည်။ ယသောဓရာလည်း နောက်မှ လိုက်ပါလာသည်။ ယသောဓရာကား နှလုံးသား နူးညံ့သည့် မင်းသမီးဖြစ်ပြီး မောင်ငယ် ဒေဝဒတ်၏ သဘောသဘာဝကိုလည်း သိထားပြီး ဖြစ်သောကြောင့် လင်တော်မောင် သိဒ္ဓတ္ထ ကြုံရမည့် အန္တရာယ်ကို တွေးပူးနေ၏။ ထို့နောက် ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
“ခင်ယသော်ရယ်။ မင်းဘာဖြစ်လို့ ငိုရတာလဲ။ မောင်တော် နားမလည်နိုင်ဘူး။ ငါထိုးလိုက်တော့ သူ လဲကျသွားတယ်။ သူက ကုန်းရုန်းထပြီး ငါ့ဆီ ဓားနဲ့ ဝင်လာပေမယ့် သူတော်စင် ရသေ့က ငါတို့နှစ်ယောက်ကြား ခုန်ဝင်လိုက်တယ်။ မင့်မောင်ရဲ့ အထိန်းအကွပ်မဲ့တဲ့ ဒေါသကို ရသေ့မြတ်က ငြိမ်းအေးစေနိုင်ခဲ့တယ်။ မင့်မောင်လည်း သူ့အမှားအတွက် ဝမ်းနည်းမယ်လို့ ငါထင်တယ်။”
ယသောဓရာသည် သိဒ္ဓတ္ထ၏ ခြေအစုံကို ယုယထွေးပိုက်လျက် မျက်ရည်လည်ရွဲနှင့် မော်ကြည့်ရင်း စကားဆို၏။
“နားဆင်တော်မူပါ မောင်တော်ဘုရား။ သူဟာ ဒဏ်ရာရထားတဲ့ မြွေဆိုးတစ်ကောင်လို့ အငြိုးအတေး ကြီးလှပါတယ် ဘုရား။ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ သူဟာ မောင်တော့်ကို ကလဲ့စား ချေပါလိမ့်မယ် ဘုရား။ အစောင့်အကြပ်နဲ့ နေတော်မူပါ ဘုရား။ စွန့်စွန့်စားစားနဲ့ နန်းဆောင်ကနေ မထွက်ပါနဲ့ ဘုရား။ မောင်တော် အပြင်ထွက်ရင် နှစ်မတော်ကို ခေါ်ပါ ဘုရား။”
“ယသောဓရာရယ်။ ငါက မိန်းမတစ်ယောက်လို ဒီထဲမှာပဲ ကုတ်ကပ်နေရမှာလား။”
“အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး မောင်တော် ဘုရား။ မောင်တော် အပြင်ထွက်တဲ့အခါ နှစ်မတော်ပါ ပါသင့်တယ်လို့ ဆိုလိုတာပါ ဘုရား . . .။”
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
ပင်ပန်းလှချည်လား မယ်ယသော်ရယ်...
ReplyDeleteဟုတ်ပါ့ဗျာ။ ဒါတောင်မှ အရင့်အမာ အရှင်မကြီးရဲ့ နောက်ဆုံးဘ၀ . . .
ReplyDelete