နောက်မှ ကပ်လျက် မြင်းစီးလိုက်ပါလာသူ ဆန္နကို မင်းသားက ပြော၏။
“အားလုံး အဆင်ပြေပါတယ်။ ကာဠာမရသေ့ နှုတ်ဆိတ် နေတာကိုတော့ ငါ သဘောမကျဘူး။ ဘယ်လိုလဲ ဆန္န။ ရသေ့က ငါ့ကို ဘာဖြစ်လို့ စကားတစ်ခွန်းမှ မပြောတာလဲ။”
ဆန္နက ပြန်လည် ဖြေကြား၏။
“ကာဠာမ ရသေ့ဟာ သင့်လျော်လျောက်ပတ်တဲ့ အခါမှသာ စကားပြောတယ်လို့ သူ့ရဲ့ အလုပ်အကျွေး တစ်ယောက်ဆီက ကြားဖူးပါတယ် အရှင့်သား။ နောက်ပြီး ရသေ့ကျင့်ဝတ်တွေကို လိုက်နာ ကျင့်သုံးသူသာလျှင် ရသေ့သင်္ခမ်းကျောင်း တည်ရှိတဲ့ တောအုပ်ထဲ ဝင်လာသင့်တယ်လို့ ရသေ့က ယုံကြည် ယူဆပါသတဲ့ ဘုရား။”
“ဆန္န ရေ။ သူတော်စင်တို့ ပျော်စံရာ တောအုပ်ကို ဖြတ်သန်း တိုက်ခတ်လာတဲ့ လေကတောင်မှ ငါ့ကို နှစ်သက်စေနိုင်တယ်။ တောအုပ်ရဲ့ ပကတိ အလှတရားကို ငါ မြင်ခဲ့ရတယ်။ အဲဒီလို အလှအပကို မင်းစည်းစိမ်ထက်ပိုပြီး ငါမြတ်နိုးတယ်။”
“ဘုရင် တစ်ဆူရဲ့ ခန့်ငြားထည်ဝါမှုဟာ ပိုင်ဆိုင်စရာ အားလုံးထက် ပိုပြီး မြင့်မြတ်ပါတယ် အရှင့်သား။ သန်းပေါင်းများစွာရှိတဲ့ ခိုကိုးရာမဲ့ ပြည်သူတွေကို ဦးဆောင်ဦးရွက်ပြုနေတဲ့၊ ပြည်သူကို အလုပ်အကျွေး ပြုနေတဲ့ မင်းကောင်းမင်းမြတ် တစ်ပါးဟာ တစ်ကိုယ်တော် ဝိဉာဉ်လွတ်မြောက်ရေးအတွက် လမ်းစရှာနေတဲ့၊ ပင်ပင်ပမ်းပမ်း အကျင့်တွေနဲ့ ခန္ဓာကိုယ်ကို နှိပ်စက်နေတဲ့ ရသေ့ရဟန်း ယောဂီသူတော်စင်ထက် ပိုပြီး မြင့်မြတ်ပါတယ်။ အရှင်မင်းသား။ ကျွန်တော်မျိုးရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား လျှောက်ထားခွင့် ရှိမယ်ဆိုရင် လျှောက်ထားချင်ပါတယ်။ မိသားစုဘ၀ ရပ်တည်ရှင်သန်ရေးအတွက် နေ့နေ့ညည ချွေးပြိုက်ပြိုက်ကျအောင် ရုန်းကန်နေတဲ့ လယ်သမား တစ်ယောက်ရဲ့ ဘဝဟာ ဆွမ်းခံစားနေသူ၊ ခုဘဝနဲ့ နောက်ဘဝတွေမှာ ကြုံတွေ့ရမယ့် ဖော်မပြနိုင်လောက်တဲ့ ဆင်းရဲဒုက္ခကို ကြောက်လန့်သူ၊ တစ်ကိုယ်တော် လွတ်မြောက်ရေးအတွက် ဘာသာရေး အကျင့်တွေ ကျင့်သုံးဖို့ တောရပ်ခိုမှီးသူ သူတော်စင် ရသေ့ရဟန်းတစ်ပါးရဲ့ ဘဝထက် အဆများစွာ သာလွန် မြင့်မြတ်ပါတယ်။ အဲဒီ ယောဂီဟာ သူ့ရဲ့ အခက်အခဲ ပြဿနာတွေကို စိုးရွံ့ ထိတ်လန့် စိတ်ပျက် ငြီးငွေ့တဲ့အတွက် လက်မြှောက် အရှုံးပေးပြီး ရှောင်ပုန်း ပြေးထွက်သူ ဖြစ်ပါတယ်။ သူဟာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်အတွက် အားသွန် ကြိုးပမ်းသူ ဖြစ်ပါတယ်။ မြေယာကို တူးဆွတဲ့ လယ်သမား၊ ထွန်ယက်စိုက်ပျိုးတဲ့ လယ်သမား၊ ချွေးတလုံးလုံးနဲ့ လယ်သမားကတော့ သားကျွေးမှု မယားကျွေးမှုအတွက် ဘဝတိုက်ပွဲကို ရဲရဲကြီး ရင်ဆိုင်သူ ဖြစ်ပါတယ် အရှင့်သား။”
“ဒီမယ် ဆန္န။ ငါလည်း ရှင်းရှင်းပြတ်ပြတ်ပဲ ပြောရလိမ့်မယ်။ ဆန္န ခုပြောနေတဲ့ လွတ်မြောက်မှုမျိုးကို ငါ ဆိုလိုတာ မဟုတ်ဘူး။ ဖခင်မင်းကြီးရဲ့ အရိုက်အရာကို ခံယူပြီး သာကီဝင်တို့ရဲ့ ခေါင်းဆောင် အဖြစ်နဲ့ ပြည်သူ့အကျိုး သည်ပိုးတာထက်ပိုပြီး ငါ စွမ်းဆောင်နိုင်တယ်။ မင်းအဖြစ်နဲ့ တိုင်းကျိုးပြည်ကျိုး သည်ပိုးရင် ငါ့ တိုင်းသူပြည်သားတွေ ချမ်းသာမယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် ဒီထက် အဆများစွာသာအောင် ငါ စွမ်းဆောင်နိုင်တယ်။ မင်းအဖြစ်နဲ့ တိုင်းသူပြည်သားတွေရဲ့ လိုအင်ဆန္ဒကို ဘယ်လောက်ထိ ဖြည့်စွမ်းနိုင်မှာ မို့လဲ။ ငါ့ရဲ့ စွမ်းဆောင်မှုကြောင့် ပြည်သူတွေ အသရေတိုးလိမ့်မယ်။ ငါတို့ သာကီမျိုးတွေ အရှိန်အဝါ ကြီးလိမ့်မယ်။ ဖခင်မင်းကြီးလည်း မြင့်မြတ်ခမ်းနား လာလိမ့်မယ်။ ယသောဓရာလည်း ထည်ထည်ဝါဝါ နေနိုင်လိမ့်မယ်။ ဒါပေမယ့် ငါ့ရဲ့ စွမ်းဆောင်မှုကို ဘယ်သူမှ တင်းတိမ်ရောင့်ရဲ နိုင်ကြမှာ မဟုတ်ဘူး။ သူတို့အားလုံးအတွက် ငါ မစွန့်စားနိုင်တာ မဟုတ်ဘူး။ ငါ လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် လူသားတစ်ရပ်လုံးအတွက် ဆောင်ရွက်နိုင်တဲ့ စွမ်းအင်ကို ငါ ပိုင်ဆိုင်ထားတယ်။ ဒီမယ် ဆန္န။ မိသားစုအတွက် လူမျိုးစုအတွက် တိုင်းပြည်အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျဉ်းကျဉ်းမြောင်းမြောင်း နေထိုင်ရှင်သန်တာထက် ပိုပြီး မြင့်မြတ်တဲ့ အသက်ရှင်နည်း ရှိသေးတယ်လို့ ငါ ယုံကြည်တယ်။ စိုးရိမ်ပူဆွေး နေရတဲ့ လူသား တစ်ရပ်လုံးအတွက်၊ ချမ်းသာသုခရရှိဖို့ ရုန်းကန်နေကြတဲ့ လူသား တစ်ရပ်လုံးအတွက် ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းစေမယ့် သဘာ၀ အခြင်းအရာ တစ်ခုခု ရှိမယ်ဆိုရင် အဲဒါကို ရှာဖွေဖော်ထုတ်တာက ပိုမကောင်းဘူးလား။ ပျော်ရွှင် ချမ်းမြေ့မှုကို လိုလားသူ အားလုံးတို့ရဲ့ ကောင်းကျိုးချမ်းသာအတွက် သစ္စာဉာဏ်အလင်းကို ရှာဖွေတာက ပိုမကောင်းဘူးလား။ လူသားမျိုးဆက် အဆက်ဆက် မျှဝေခံစားနိုင်မယ့် ကောင်းကျိုးချမ်းသာကို ရှာဖွေတာက ပိုမကောင်းဘူးလား။”
ဆန္နသည် ဝမ်းမြောက်ဝမ်းသာ ဟစ်ကြွေးလိုက်လေ၏။
“ကောင်းမြတ်ပါပေတယ်။ ကောင်းမြတ်လှပါပေတယ် အရှင့်သား။ အရှင့်သားရဲ့ ကောင်းကျိုးချမ်းသာကို လိုလားပါတယ်။ အရှင့်သားရဲ့ ကြိုးပမ်းအားထုတ်မှု အောင်မြင် ပြီးမြောက်ပါစေ။”
သိဒ္ဓတ္ထမင်းသား နှင့် ဆန္နအမတ်တို့ မြင်းစီးလာခဲ့ရာ ကပိလဝတ်မြို့တော် အလယ်ရှိ ဇမ္ဗုသပြေ ဥယျာဉ်သို့ ရောက်လေ၏။ ထိုဥယျာဉ်၌ လူငယ်လူရွယ် အုပ်စုတစ်ခု စုရုံးရောက်ရှိနှင့်ပြီး ဖြစ်လေ၏။ လူငယ်အုပ်စုသည် အနည်းငယ် ရိုင်းပြဟန်တူ၏။ မြူးတူးတက်ကြွသည့် အမူအရာဖြင့် အုတ်အော်သောင်းနင်း ဟစ်အော်လျက် ရှိကြ၏။ လူငယ်အုပ်စု၏ ဟစ်ကြွေးသံသည် အဆက်မပြတ် ပေါ်ထွက်နေပြီး အရှိန်မြင့်သည်ထက် မြင့်တက်နေ၏။
“ဘာသံလဲ ဆန္န”ဟု မင်းသားက မေး၏။
ဆန္နက ပြန်လည် ဖြေကြားသည်။
“စည်းမဲ့ကမ်းမဲ့ လူငယ်တစ်စုရဲ့ ဆိုးသွမ်းမှုတစ်ခု ဖြစ်မယ် ထင်ပါတယ်။ အားကိုးရာမဲ့ တစ်ယောက်ယောက်ကို အဲဒီ လူငယ်တွေက လှောင်ပြောင်ဟားတိုက် ရယ်ပွဲဖွဲ့နေကြတာ ဖြစ်ပါလိမ့်မယ်။”
မင်းသားသည် မြင်းကို ဖနောင့်နှင့် ဖိပေါက်မောင်းနှင်လိုက်ပြီး ရှေ့မှ ဦးဆောင်သွား၏။ အရေအတွက် နှစ်ဆယ် သုံးဆယ်ခန့်ရှိသော လိစ္ဆဝီ၊ ကောလိယနှင့် သာကီဝင် မင်းသားတို့သည် အဝတ်မစည်းသည့် အစေလက တက္ကဒွန်း တစ်ယောက်ကို နိုင်ထက်ကလူ ပြုနေကြ၏။ ပြည့်တန်ဆာမ တစ်ယောက်၏ အင်္ဂါဇာတ်ကို ရှိခိုးဦးချရန် တက္ကဒွန်းကို အတင်းအဓမ္မ စေခိုင်းနေကြသည်။ ဓားကို စွဲကိုင်ထားသူ ဒေဝဒတ်မင်းသားသည် တက္ကဒွန်းကို ဆံပင်မှ ဆွဲကိုင်တွန်းထိုးရင်း အပြင်းအထန် အမိန့်ပေး စေခိုင်းနေလေ၏။
ဆန္နသည် ဒေါနှင့်မာန်နှင့် ဟစ်အော်လိုက်၏။
“အရှင် မင်းသား။ မမြင်ဘူးလား။ မင်းသားရဲ့ ယောက်ဖတော် ဒေဝဒတ်ဟာ ဒီလူငယ်ရမ်းကား အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ရွံစရာကောင်းတဲ့ ဒီလူငယ်တွေဟာ သူတော်စင်ကို ရိုသေလေးစားဖို့ နေနေသာသာ လူသားတစ်ယောက်ရဲ့ တန်းဖိုးကိုတောင် မေ့ထားပြီး သူတို့ကိုယ်သူတို့ ပျော်တော်ဆက် နေကြတာပါ။”
သိဒ္ဓတ္ထ မင်းသားသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး လူအုပ်ကို တွန်းထိုးကာ ဒေဝဒတ်ဆီသို့ သွား၏။ ပြည့်တန်ဆာမသည် ပြုံးရယ်လျက် မြေပေါ်မှာ လဲလျောင်းနေသည်။ ဒေဝဒတ်သည် ကူကယ်ရာမဲ့နေသည့် တက္ကဒွန်းကို လည်းကုတ်မှ ဆွဲကိုင်ရင်း “ရှိခိုးလိုက်စမ်း။ ရှိခိုးလိုက်စမ်း”ဟု အော်ဟစ် အမိန့်ပေးနေ၏။ အဖြစ်အပျက်ကို မြင်လိုက်ရပြီး စိတ်ထဲမှာ ခါးခါးသီးသီး ခံစားလိုက်ရသူ သိဒ္ဓတ္ထမင်းသားသည် ဒေဝဒတ်အပေါ်သို့ ခုန်အုပ်လိုက်သည်။ တစ်ဆက်တည်းပင် ဒေဝဒတ်ကို လက်သီးပြင်းနှင့် ဖိထိုးလိုက်လေသည်။ မျက်လုံးများ မီးပွင့်သွားသည်ဟု ဒေဝဒတ် ခံစားလိုက်ရ၏။ ဒေဝဒတ်သည် လဲကျရာမှ ကပြာကယာ ပြန်ထလိုက်ပြီး လက်သီးပြင်းနှင့် ထိုးနှက် တိုက်ခိုက်လာသူကို ရှာဖွေ၏။
သိဒ္ဓတ္ထသည် ဒေဝဒတ်၏ရှေ့မှာ ကျောက်ရုပ်တစ်ခုလို မားမားမတ်မတ် ရပ်နေရင်း ဒေဝဒတ်ကို ပြော၏။
“ညီတော် ဒေဝဒတ်။ ဒီမှာ ကြည့်စမ်း။ မင့်စိတ်မှာ ပူးဝင်နေတဲ့ စည်းကမ်းပျက် အယုတ်တမာကောင် နတ်ဆိုးကို ငါ ထိုးလိုက်တာပါ။ အဲဒီလို နတ်ဆိုးမျိုးကို ငါ့အသက်နဲ့ ငါ့ခန္ဓာ ပျက်သုဉ်း ကြေပြုန်းတဲ့အထိ တိုက်ခိုက်ချင်တယ်။ ကမ္ဘာပေါ်မှာ ရက်စက် ယုတ်ညံ့သူတွေကိုတောင် အမုန်းမပွားဘဲ မေတ္တာထားနိုင်တဲ့ ဒီ သူတော်စင်ကို ကျုးလွန်ပစ်မှားလို့ မင်းလိုပုဂ္ဂိုလ်မှာ ဘာမှ အကျိုး မရှိပါဘူး။ သူတော်စင်ကို ကျူးလွန် စော်ကားတာဟာ မင့်ကိုယ်မင်း ကျူးလွန် စော်ကားတာပါပဲ။”
ဒေဝဒတ်သည် ဒေါနှင့်မာန်နှင့် ပြန်လည် ဟစ်အော်၏။
“ဒီမယ် သိဒ္ဓတ္ထ။ ငါ့တစ်သက်လုံး ငါ့ မွေးညင်းတစ်ပင်ကိုတောင် ဘယ်သူမှ ထိရဲခဲ့တာ မဟုတ်ဘူး။ ခု မင်းက ငါ့က ထိုးတယ်။ အင်း . . . မင်းက ငါ့ယောက်ဖ။ ယောက်ဖက ယောက်ဖပဲ။ ခု ချက်ချင်း မင့်ကို ငါ သတ်မယ်။”
သိဒ္ဓတ္ထမင်းသားသည် အေးဆေး တည်ငြိမ်စွာ ပြန်ပြော၏။
“အော်... ကိုယ့်လူရယ်။ မင့်ကိုယ်မှာ ပူးဝင်နေတဲ့ နတ်ဆိုးကို ထိန်းထားလိုက်စမ်းပါ . . .။”
သူ၏ အပေါင်းအပါများ ရှေ့မှောက်၌ သိမ်ငယ်စွာ အထိုးခံလိုက်ရသူ ဒေဝဒတ်သည် စိတ်ဆိုး မပြေနိုင်သေးပေ။ နင့်နင့်သီးသီး ခံစား နေရလေ၏။
“မင်းဟာ ငါတို့ အုပ်စုထဲ ချဉ်းနင်းဝင်ရောက်လာတဲ့ တကယ့်ကို စည်းကမ်းမဲ့တဲ့ နတ်ဆိုးပဲ။ မင့်ကို ငါ အပြစ်ပေးရလိမ့်မယ်။”
ဓားကိုင်ထားသူ ဒေဝဒတ်သည် ပြောပြောဆိုဆိုနှင့် သိဒ္ဓတ္ထအပေါ်သို့ ခုန်အုပ်လိုက်၏။ ထိုစဉ် ဆန္နအမတ်က ကြားဝင်ရပ်လိုက်သည်။
“ဆန္န။ ဖယ်ပါ။ ငါ့ကိုသာ ဓားပေးစမ်းပါ”ဟု သိဒ္ဓတ္ထက ဆို၏။
မင်းသားသည် ပြောပြောဆိုဆိုနှင့် ဆန္န၏ လက်ထဲမှ ဓားကို ဆွဲယူလိုက်ပြီး ဆန္နကို ဘေးသို့ တွန်းဖယ်လိုက်၏။ ကောလိယ မင်းသားများ နှင့် လိစ္ဆဝီ မင်းသားများသည် သိဒ္ဓတ္ထနှင့် ဒေဝဒတ်တို့ကို ဝန်းရံလျက် စက်ဝိုင်းသဏ္ဌာန် နေရာယူလျက် ရှိကြသည်။ ဝန်းရံနေသည့် မင်းသားများ အလယ်၌ သိဒတ္ထနှင့် ဒေဝဒတ်တို့ အချင်းချင်း မျက်နှာချင်းဆိုင်လျက် အပြန်အလှန် အကဲခပ်ကြည့်ရင်း ရပ်နေကြသည်။ သိဒ္ဓတ္ထက ဆန္နကို တွန်းဖယ်လိုက်သည်နှင့် တပြိုင်နက် ဆန္န၏ နေရာကို သူတော်စင် ဒီဃမ္ဘရက ဝင်ယူလိုက်သည်။ သူတော်စင်သည် မင်းသားနှစ်ပါးကြားမှာ မားမားမတ်မတ် ရပ်နေရင်း စကားဆို၏။
“အရှင် မင်းသားတို့။ ရန်လိုအမုန်းကို ကျင့်သုံးရင်း အမှန်တရားကို မရှာဖွေနိုင်ပါဘူး။ အရောင်တလက်လက် တောက်နေတဲ့ ဓားတွေကို ပြန်သိမ်းလိုက်ကြပါ။ နောက်ဆုပ်ကြပါ။ သစ္စာတရား ဟောကြားပါရစေ အရှင့်သားတို့။”
ဒေဝဒတ်သည် ချက်ချင်း ပြန်အော်လိုက်၏။
“ဒီဃမ္ဘရရဲ့ သစ္စာတရားက ငါတို့အတွက် ဘာအသုံးကျမှာလဲ။ ရူးလိုက်တာ။ ဖယ်စမ်းပါ။ မဖယ်ရင်တော့ ဓားနဲ့ပိုင်းရလိမ့်မယ်။”
“သာကီဝင်မင်းသား အရှင် ဒေဝဒတ်။ မင်းသား ကျွန်ုပ်ကို ဓားနဲ့ ခုတ်ပိုင်းနိုင်တယ်ဆိုတာ သိပါတယ်။ ယောက်ဖတော် သိဒ္ဓတ္ထ မင်းသားကို ခုတ်ပိုင်းတာနဲ့ စာရင် ကျွန်ုပ်ကို ခုတ်ပိုင်းတာက လွယ်ကူပါတယ်။ ဒီနေရာက မဖယ်နိုင်ပါဘူး အရှင့်သား။ ငှက်ပြောပင်ကို ခုတ်ပိုင်းသလိုသာ ကျွန်ုပ်ကို ခုတ်ပိုင်းလိုက်စမ်းပါ။ အရှင့်သားရဲ့ ရဲစွမ်းသတ္တိနဲ့ မောက်မာမှုကို အရှင့်သားကိုယ်တိုင် သိမြင် နားလည်နိုင်ပါလိမ့်မယ်။”
ဒေဝဒတ် မင်းသားသည် သူတော်စင်၏ စကားလုံးတိုင်းကို စိတ်ဝင်တစား နားထောင်နေ၏။ သူတော်စင်သည် ဒေဝဒတ် မင်းသား၏ စိတ်နှလုံးကို သိမ်းကြုံး ယူငင်လိုက်နိုင်၏။ ထိုအခိုက်၌ ဒေဝဒတ်၏ နှလုံးသားသည် ရန်လိုမုန်းတီးမှု ကင်းနေ၏။ သူ ထိုးနှက်တိုက်ခိုက် ခံရမည်ကိုလည်း ထည့်မစဉ်းစားပေ။ လက်နက်တစ်စုံတစ်ရာ ကိုင်ဆောင်မထားဘဲ သစ်ပင်တစ်ပင်ကဲ့သို့ တောင့်တောင့်မတ်မတ် ရပ်နေသူ မုဆိတ်မွှေး ရှည်ရှည်နှင့် သူတော်စင် ဒီဃမ္ဘရကို ဓားနှင့်ခုတ်ပိုင်း သတ်ဖြတ်ခြင်းသည် သူရဲကောင်း လုပ်ရပ် မဟုတ်ဟုလည်း ဒေဝဒတ်မင်းသား နားလည်လိုက်၏။ နှစ်မတော်၏ လင်သားဖြစ်သူနှင့် အသေအကြေ တိုက်ခိုက်ရန် အားထုတ်ခြင်းသည်လည်း မိုက်မဲမှု တစ်ခုပင်ဖြစ်ကြောင်း နားလည်လိုက်၏။ သူ၏ ဒေါသ အရှိန် လျော့ကျသွားသည်။ ထို့ကြောင့် ဓားကို ဓားအိမ်သို့ ပြန်သွင်းလိုက်ပြီး ထွက်ခွာသွားလေ၏။
ထွက်ခွာသွားသည့် ညီအစ်ကိုဝမ်းကွဲ ဒေဝဒတ်ကို သိဒ္ဓတ္ထမင်းသားက လှမ်းပြောလိုက်၏။
“ငါ့လက်သီးနဲ့ အထိုးခံခဲ့ရတာကို မေ့လိုက်ပါ ညီတော်။ ငါ တကယ်ပဲ စိတ်ထိခိုက်မိပါတယ်။ မင်းနဲ့ မင့်လူတွေ သူတော်စင်ကို ဆိုးဆိုးဝါးဝါးကြီး ကျူးလွန် စော်ကားနေကြတာမို့ ငါ ဒေါသ မထိန်းနိုင် ခဲ့တာပါ။ တစ်ခါ ထပ်ပြောပါရစေ။ ငါ မင့်ကို ထိုးခဲ့တာ မဟုတ်ပါဘူး။ မင့်ကိုယ်မှာ ပူးဝင်နေတဲ့ နတ်ဆိုးကို ထိုးလိုက်တာပါ။ ဒီလို စည်းမဲ့ကမ်းမဲ့ အပြုအမူမျိုး နောက်နောင် မလုပ်မိအောင် သတိထားပါ။ ဒီလို အပြုအမူမျိုးဟာ ငါတို့ သာကီဝင်တွေအတွက် အကျိုးမရှိပါဘူး ညီတော်ရေ့။”
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
သားကိုစွန့်သည်။
ReplyDeleteမယားကိုစွန့်သည်။
နန်းကိုစွန့်သည်။
စကြာမင်းစည်းစိမ်ကိုစွန့်သည်။
မိဘကိုစွန့်သည်။
နောက်ဆုံး (လေးအသင်္ချေ + ကမ္ဘာတစ်သိန်း) ပါရမီဖြည့်ပြီးမှ ရလာတဲ့ သဗ္ဗညုတရွှေဉာဏ်တော်ကိုပင် စွန့်သွားသည်။
--------------------------------
ဘုန်းဘုန်းလည်း တပည့်တော်ကို တစ်ခုခုစွန့်မလားလို့.. :) :D
စွန့်နိုင်သူတကာတို့ထက် အထူးပင် စွန့်နိုင်တော်မူပါပေထသော . . .။
ReplyDelete--------------------------------
စွန့်စရာတွေ အကုန် ကုန်ပြီ။ :)
ပရိက္ခရာ တစ်စုံစာလောက်တော့ ကျန်နိုင်ကောင်းပါရဲ့ ဘုန်းဘုန်း.. အဲဟုတ်ဘူး နှစ်စုံ..
ReplyDelete(သားရှင်ပြုရင်း ရဟန်းခံမလို့.. အဟားးးးး)
"ဟုတ်ပါ့မလား မောင်ကာဠုရယ် . . ."
ReplyDelete:)
တပည့်တော်က မောင်ကာဠုမှ မဟုတ်ဘဲ.. မောင်ဖိုးသား.. :)
ReplyDeleteကျေးဇူးဘုန်းဘုန်း.. စိတ်ရွှင်စရာလေးတွေ ဖတ်ခွင့်ရလို့..
ပို့စ်အသစ်တွေ စောင့်နေပါတယ် ဘုရား..
( အလကားရလို့ ပုံမှန် ၀င်ဖတ်နေပါသော စာချစ်သူ apymt :) )
အလကားရလို့ ရေးတဲ့သူ နဲ့ အလကားရလို့ ဖတ်တဲ့သူ ဟုတ်နေကြတာပဲ။ :)
ReplyDeleteဘုန်းဘုန်းရေ တပည့်တော်လည်း အလကားရလို့ ဟုတ်ပေမယ့် ဘုရားရှင်ကို ကြည်ညိုသဒ္ဓါပွားလွန်းလို့ပါ ဘုရား.....
ReplyDelete