တတ်သည့်ပညာ မနေသာ။ အဖေက သူတတ်ထားတာ သင်ပေးပါတယ်။ အမေကလည်း သင်ပေးတာပါပဲ။ အစ်ကို၊ အစ်မ၊ . . . ဆက်စပ်ပတ်သက်သူတိုင်းက သင်ပေးကြပါတယ်။ သင်မှတ်ထားတာတွေ မှားနေပြီဆိုတော့ ဖေဖေလူညာကြီးလို့ ပြောဖို့ ခက်လိုက်တာ။ မေမေ၊ ကိုကို၊ မမ . . . ဘယ်သူကိုမှ လိမ်တယ်ညာတယ် ပြောလို့မရ။ သူတို့လည်း သူတို့ တတ်ထားသလောက်ပဲ ပြန်သင်ပေးကြရတာ။
ဒါက ချစ်စရာ။ ဟိုဟာက မုန်းစရာ။ ဒါက ဖေဖေ။ ဒါက မေမေ။ ဒါမှဒါ။ ဒါက အလကား။ ဒီလူတွေက ဆွေမျိုး။ သူတို့က ဧည့်သည်။ ဆန်ပြုတ်။ ကြက်ဥ။ ဘုန်းဘုန်း။ သားသား။ မီးမီး။ မီးက ပူတယ်။ ဘုရားရိပ်က အေးတယ်။ တရားရိပ် ခိုရမယ်။ သံဃံ သရဏံ ဂစ္ဆာမိ။ ထိခြင်းငါးပါး။ ကြက်။ ၀က်။ ခွေး။ နွား။ အားကစား။ ကျောင်းသား။ စာ။ ပညာ။ ဥစ္စာ။ ဘ၀ . . .
. . . ဓမ္မ။ ၀ိပ္ပလ္လာသ။ သမုတိ။ ပညတ္တိ။ နာမ။ ရူပ။ နာမရူပ။ ရုပ်နာမ်ဓမ္မသင်္ခါရ။
ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်၊ ပုပ္ဖ၀ဂ်
ဖေဏပိဏ္ဍူပမသုတ်
ရုပ်သည် ရေမြှုပ်စိုင်နှင့် တူ၏။
ရေမြှုပ်စိုင်သည် အသုံးမ၀င်၊ အချည်းအနှီးသာ ဖြစ်၏၊ အနှစ်မဲ့၏။ ရေမြှုပ်စိုင်၌ ဘယ်မှာ အနှစ်ရှိနိုင်ပါမည်နည်း။ ထို့အတူ ရုပ်သည် အသုံးမ၀င်၊ အချည်းအနှီးသာ ဖြစ်၏၊ အနှစ်မဲ့၏။ ရုပ်၌ ဘယ်မှာ အနှစ်ရှိနိုင်ပါမည်နည်း။
ဝေဒနာသည် ရေပွက်နှင့် တူ၏။
ရေပွက်သည် အသုံးမ၀င်၊ အချည်းအနှီးသာ ဖြစ်၏၊ အနှစ်မဲ့၏။ ရေပွက်၌ ဘယ်မှာ အနှစ်ရှိနိုင်ပါမည်နည်း။ ထို့အတူ ဝေဒနာသည် အသုံးမ၀င်၊ အချည်းအနှီးသာ ဖြစ်၏၊ အနှစ်မဲ့၏။ ဝေဒနာ၌ ဘယ်မှာ အနှစ်ရှိနိုင်ပါမည်နည်း။
သညာသည် တံလျှပ်နှင့် တူ၏။
တံလျှပ်သည် အသုံးမ၀င်၊ အချည်းအနှီးသာ ဖြစ်၏၊ အနှစ်မဲ့၏။ တံလျှပ်၌ ဘယ်မှာ အနှစ်ရှိနိုင်ပါမည်နည်း။ ထို့အတူ သညာသည် အသုံးမ၀င်၊ အချည်းအနှီးသာ ဖြစ်၏၊ အနှစ်မဲ့၏။ သညာ၌ ဘယ်မှာ အနှစ်ရှိနိုင်ပါမည်နည်း။
သင်္ခါရတရားသည် ငှက်ပြောတုံးနှင့် တူ၏။
ငှက်ပြောတုံးသည် အသုံးမ၀င်၊ အချည်းအနှီးသာ ဖြစ်၏၊ အနှစ်မဲ့၏။ ငှက်ပြောတုံး၌ ဘယ်မှာ အနှစ်ရှိနိုင်ပါမည်နည်း။ ထို့အတူ သင်္ခါရတရားသည် အသုံးမ၀င်၊ အချည်းအနှီးသာ ဖြစ်၏၊ အနှစ်မဲ့၏။ သင်္ခါရတရား၌ ဘယ်မှာ အနှစ်ရှိနိုင်ပါမည်နည်း။
ဝိညာဏ်သည် မျက်လှည့်နှင့် တူ၏။
မျက်လှည့်သည် အသုံးမ၀င်၊ အချည်းအနှီးသာ ဖြစ်၏၊ အနှစ်မဲ့၏။ မျက်လှည့်၌ ဘယ်မှာ အနှစ်ရှိနိုင်ပါမည်နည်း။ ထို့အတူ ၀ိညာဏ်သည် အသုံးမ၀င်၊ အချည်းအနှီးသာ ဖြစ်၏၊ အနှစ်မဲ့၏။ ၀ိညာဏ်၌ ဘယ်မှာ အနှစ်ရှိနိုင်ပါမည်နည်း။
အရိယာသူတော်စင်သည် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်တို့၌ ငြီးငွေ့၏။ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်း၏။ စွဲမက်မှု ကင်းခြင်းကြောင့် ကိလေသာမှ လွတ်မြောက်၏။ ကိလေသာမှ လွတ်မြောက်သောအခါ “လွတ်မြောက်ပြီ”ဟု သိ၏။ “ပဋိသန္ဓေနေရခြင်း ကုန်ဆုံးပြီ၊ ကျင့်ရမည့် အကျင့်မြတ်ကို ကျင့်ပြီးပြီ၊ ပြုသင့်သည်ကို ပြုပြီးပြီ၊ မဂ်ဖိုလ်ရရေး ပြုလုပ်စရာ မရှိတော့ပြီ”ဟု သိ၏။
ရုပ်ကို ရေမြှုပ်စိုင်နှင့် တူ၏ဟူ၍လည်းကောင်း၊
ဝေဒနာကို ရေပွက်နှင့် တူ၏ဟူ၍လည်းကောင်း၊
သညာကို တံလျှပ်နှင့် တူ၏ဟူ၍လည်းကောင်း၊
သင်္ခါရတို့ကို ငှက်ပြောတုံးနှင့် တူ၏ဟူ၍လည်းကောင်း၊
ဝိညာဏ်ကို မျက်လှည့်နှင့် တူ၏ဟူ၍လည်းကောင်း
နေမင်း၏အဆွေ ဖြစ်တော်မူသော မြတ်စွာဘုရား ဟောတော်မူ၏။
ပညာရှိသည် ခန္ဓာငါးပါးကို ဟုတ်တိုင်းမှန်စွာ ရှုဆင်ခြင်၏၊ ခန္ဓာငါးပါးကား အသုံးမ၀င်ဟူ၍သာ ထင်မှတ်၏၊ အချည်းအနှီးဟူ၍သာ ထင်မှတ်၏။
ဤခန္ဓာကိုယ်ကို အကြောင်းပြု၍ မြတ်စွာဘုရား ဟောတော်မူ၏။
တရားသုံးပါးတို့ ကင်းပျောက်ခြင်းကြောင့် စွန့်ပစ်အပ်သော ရုပ်ကို ရှုကြကုန်လော့။ “ဇီဝိတိနြေ္ဒဟူသော အသက်၊ ကမ္မတေဇောဟူသော အခိုးအငွေ့၊ ၀ိညာဏ်” ဤတရား သုံးပါးတို့ ခန္ဓာကိုယ်ကို စွန့်သွားကြသောအခါ ခန္ဓာကိုယ်သည် စွန့်ပစ်အပ်၏။ စိတ်စေတနာ စေ့ဆော်မှု မရှိဘဲ ပိုးလောက်စသည်တို့၏ အစာအဖြစ် လျောင်းရလေ၏။
ဤခန္ဓာကိုယ်သည် ဤသို့ သဘောရှိ၏။ ဤ၀ိညာဏက္ခန္ဓာသည် လူမိုက်တို့ကို ယောင်မှား ပြောဆိုစေသော မျက်လှည့်သည် ဖြစ်၏။ ဤခန္ဓာကိုယ်ကို သူသတ်သမားဟု ဆိုရ၏။ ခန္ဓာတို့၌ အနှစ် မရှိပေ။
ဆင်ခြင်ညာဏ် ပြည့်စုံလျက်၊ သတိမြဲလျက်၊ နေ့နေ့ညည ထက်သန်သော လုံ့လဖြင့် ခန္ဓာတို့ကို ဤသို့ ရှုဆင်ခြင်ရာ၏။ သေခြင်းကင်းရာ နိဗ္ဗာန်ကို တောင့်တလျက် သံယောဇဉ် အနှောင်အဖွဲ့ အားလုံးတို့ကို ပယ်စွန့်ရာ၏။ မိမိ၏ ကိုးကွယ်ရာ အားထားရာကို ပြုရာ၏။ “ဦးထိပ်၌ မီးလောင်ခံရသူကဲ့သို့” အဆောတလျင် အပူတပြင်း အရေးတကြီး အရေးတယူ ကျင့်ရာ၏။
မျက်စိလည်နေတဲ့သူကို လမ်းပြလိုက်သလိုပါပဲ ဘုရား..
ReplyDeleteမှောက်ထားတဲ့ ခွက်ကို လှန်ပြလိုက်သလိုပါပဲ ဘုရား..
(ဟိုနေ့က တရားထဲပါတာ ဘုန်းဘုန်း :))
ဘုန်းဘုန်း ဒါနဲ့ ဒီပို့စ်ထဲက တရားသုံးပါး ဆိုတာ သေချာမသိ :(
ဝေဒနာသုံးပါးလား ဘုရား။
. . . ” ဤတရား သုံးပါး။
ReplyDeleteဆက်မဖတ်ဘဲနဲ့ ရပ်ထားရသလား။
:(
အော်.. ဘုန်းဘုန်း သွေ့ပချီ = တောင်းပန်ပါတယ်။ လောသွားတယ် တပည့်တော်.. :)
ReplyDelete