လိုအင်နှင့်
လိုအပ်ချက်
နောက်တစ်ခုက
ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တယ်ဆိုတဲ့
အသုံးအနှုန်းဟာ နုညံ့လွန်းတယ်၊ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာလို့ ဆိုသင့်ပါတယ်။ သီလရှင်ကျောင်းမှာ
ကျွန်တော် ဟောပြောခဲ့တုန်းက များများထုတ်လုပ် များများသုံးစွဲဝါဒ၊ ရုပ်ဝါဒ စတာတွေ
ပါဝင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အလွယ်တကူ ဖျက်ဆီးမိနိုင်တဲ့ ယဉ်ကျေးမှုမှာ နေထိုင်
ရှင်သန်ရပါတယ်။ အလွယ်တကူနဲ့ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်မိတတ်ပါတယ်။ တစ်ခါတစ်ခါမှာ
ကိုယ့်ဟာကိုယ် ဘာလုပ်နေတယ်ဆိုတာ မသိလိုက်မိဘဲ ကိုယ့်ကိုယ်ကိုယ်
အလိုလိုက်နေမိတတ်ပါတယ်။ အခြေအနေကို နားမလည်ဘဲ ကာမသုခလ္လိကာနုယောဂ တစ်မျိုး
ဖြစ်သွားပါတယ်။ ဒါကြောင့် တစ်ခါတစ်ခါ ငြင်းဆန်ဖို့ ကျွန်တော် ပြောတာပါ။
တစ်ခါတစ်ခါတော့ လိုက်လျောရမှာပေါ့။
လိုက်လျောတာနဲ့
ပတ်သက်လို့ တစ်ခုခု လိုအပ်တယ် ထင်မိရင် ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်သင့်ပါတယ်။
ဒါကို ငါ တကယ်လိုအပ်သလား၊ ပတ်ဝန်းကျင် အဖွဲ့အစည်းကြောင့်လား၊ ပတ်ဝန်းကျင်မှာ . . .
ငါ ဒါကို ၀တ်ဆင်သင်တယ် ငါ ဒီလို ဖြစ်သင့်တယ် ငါ ဒီလို ပြုမူသင်တယ်လို့
ယုံကြည်မျှော်လင့်ထားလို့လား . . . ဆိုတာကို မေးခွန်း ထုတ်သင့်ပါတယ်။
တကယ့်ကို
ရယ်စရာ ကောင်းပါတယ်။ ကျွန်တော်တို့က သူတစ်ပါးကို အခွင့်အာဏာတွေ အများကြီး
ပေးထားကြပါတယ်။ လူ့အဖွဲ့အစည်းကို အခွင့်အာဏာတွေ ပေးလွန်းပါတယ်။ လူမှုရေးစံ
တန်ဖိုးထားမှုတွေ လွန်လွန်းနေပါတယ်။ လူ့အဖွဲ့အစည်းရဲ့ သားကောင်ဖြစ်နေတာကို
နားမလည်ကြပါဘူး။ ကိုယ့်လောဘကို ပတ်ဝန်းကျင်က ကြိုးကိုင်နေတာကို သဘောမပေါက်ကြပါဘူး။
ဘာက လိုအပ်ချက် ဘာက လိုအင်ဆိုတာကို ကျွန်တော်တို့ နားမလည်ကြပါဘူး။ ကျွန်တော်တို့
တကယ်လိုအပ်တာ ဘာလဲ ဆိုတာကို မသိကြပါဘူး။
ဒီက
မီးဖိုချောင်ထဲမှာ ကဗျာတစ်ပုဒ် ရေးထားတာ ရှိပါတယ်။
“လိုအင်ကင်းကွာ၊
လိုတာသိသူ၊
စွဲယူမှတ်သား၊
ဝါဒအားဖြင့်၊
ပြားလင့်စေကာ၊
သူတော်သာတည်း”တဲ့။
ကျွန်တော့်သူငယ်ချင်း
တစ်ယောက် စပ်ထားတဲ့ ကဗျာပါ။ အိန္ဒိယမှာ သူတွေ့ခဲ့ရတာကို ဖွဲ့ဆိုထားတာပါ။ အိန္ဒိယ
ဘုရားကျောင်း တစ်ခုကို သွားရင်းနဲ့ သူ တွေ့ခဲ့ရတာကို ပြန်ပြောပြပါတယ်။ ဘုရာကျောင်း
အပြင်ဘက်မှာ သူတောင်းစား တစ်ယောက်ကို သူ တွေ့ခဲ့ရပါတယ်။ သူတောင်းစားရဲ့ ရှေ့မှာ
ပိုက်ဆံ ခံယူဖို့ အ၀တ်စတစ်ခု ချထားပါတယ်။ သူတောင်းစားရဲ့ မျက်လုံးတွေ
မှိတ်ထားပါတယ်။ မျက်စိမှိတ်ထားတဲ့ သူတောင်းစားကို ကျွန်တော့်သူငယ်ချင်း
တွေ့တဲ့အခါကျတော့ . . . အဲဒီလို သူတောင်းစား တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း
ထိုင်နေတာ တွေ့လိုက်ရတော့ သူ အထင်ကြီးလေးစားသွားပါတယ်။ စပ်စုချင်တာနဲ့
သူတောင်းစားရဲ့ဘေးမှာ တော်တော်ကြာအောင် ရပ်နေခဲ့ပါတယ်။ သူတောင်းစားက ရုတ်တရက်
မတ်တတ်ရပ်လိုက်ပြီး အကြွေစေ့ တစ်ချို့ကို ကောက်ယူလိုက်ပါတယ်။ ကျန်တဲ့
အကြွေစေ့တွေကို မြေကြီးပေါ် လွှင့်ပစ်လိုက်ပါတယ်။ ဒါနဲ့ . . . ကျွန်တော့်
သူငယ်ချင်းက နီးရာ ဆိုင်တစ်ဆိုင်ကို သွားပြီး စားစရာ၊ သောက်စရာတွေ ၀ယ်ပါတယ်။
ပြန်လာတော့ သူတောင်းစား မရှိတော့ပါဘူး။ ဒီအဖြစ်အပျက်က ကျွန်တော့်သူငယ်ချင်းအပေါ်
တော်တော်လေး သက်ရောက်မှု ရှိခဲ့ပါရယ်။ ဒီအဖြစ်အပျက်ကို သူ ပြန်စဉ်းစားရင်း
သူစိတ်ထဲမှာ ဒီကဗျာ ဖြစ်ပေါ်လာတာပါ။
ခင်ဗျားတို့ရဲ့
ပိုက်ဆံကို လွှင့်ပစ်ရမယ်လို့ မဆိုလိုပါဘူး။ ငွေကို တန်ဖိုးရှိရှိ အသုံးချဖို့
ပြောနေတာပါ။ ကျွန်တော်တို့ ငွေလိုပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ လိုပါတယ်။ ဒါပေမယ့် အရေးကြီးတာက
. . . ဒါတွေကို ကျွန်တော်တို့ ပိုင်ပါတယ်။ ကျွန်တော်တို့ လုပ်ရမှာက . . .
ကျွန်တော်တို့ကို သူတို့က မထိန်းချုပ်စေရပါဘူး။ ကျွန်တော်တို့ကပဲ သူတို့ကို
ထိန်းချုပ်နိုင်အောင် လေ့ကျင့်သူယူရမှာပါ။ ထိန်းချုပ်နိုင်တယ်ဆိုရင် ကျွန်တော်တို့
အဇ္ဈတ္တမှာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပါတယ်။ အလွန်လှပတဲ့ အရည်အသွေးပါ။ အဲဒါကတော့
တင်းတိမ်ရောင့်ရဲခြင်း ဖြစ်ပါတယ်။ ရှိနေတာနဲ့ ရောင့်ရဲနိုင်သူကို တွေ့ရတာ
နည်းပါတယ်။ ဓမ္မဒေသနာမှာ ဒီအရည်အသွေးကို အလေးပေး ဖော်ပြထားပါတယ်။ ဒီအရည်အသွေးအတွက်
ပါဠိစကားလုံးလေးက လှပပါတယ်။ သန္တုဋ္ဌိတဲ့။ တင်းတိမ်ရောင့်ရဲခြင်းဟာ အကြီးမြတ်ဆုံးသော
ချမ်းသာကြွယ်ဝမှုပါ။ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။
မညည်းမညူ
တင်းတိမ်ရောင့်ရဲခြင်းနဲ့
ဆက်စပ်နေတာ တစ်ခုက မညည်းမညူခြင်း ဖြစ်ပါတယ်။ လူသားတွေဟာ ညည်းတာညူတာ တော်တော်
တော်ကြပါတယ်။ ဘာကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မကျေမနပ် ညည်းညူတိုင်းတန်းနိုင်ပါတယ်။
ကိုယ့်ကို ကူညီတဲ့သူ အမှားလုပ်မိရင်တောင်မှ မကျေမနပ် ဖြစ်တတ်ကြပါတယ်။ မညည်းမညူနဲ့
ရှင်သန်နိုင်တယ်ဆိုရင် ညည်းညူတိုင်းတန်းတာတွေ ငါ မလုပ်ဘူးလို့
ကြွေးကြော်နိုင်ပါတယ်။
ဒါနဲ့
ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်လေးတစ်ပုဒ် ရှိပါတယ်။ ဈင်တရားပြ
ဆရာကြီး တစ်ယောက်ရဲ့ထံမှာ နှစ်ပေါင်းများစွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေတဲ့ ဈင်သာဝကတစ်ယောက်
ရှိပါတယ်။ တစ်နေ့တော့ ဆရာကြီးက တပည့်ကို ခေါ်ပြောပါတယ်။ ငါ သင်ပေးနိုင်တာ
သင်ပေးပြီးပြီ၊ နောက်ထပ် ဆရာတစ်ယောက် ထပ်ရှာဖို့ သွားပေတော့လို့ ပြောပြီး သွားရမယ့်
လိပ်စာကို ပေးပါတယ်။
တစ်နေရာမှာ
ဈင်ဆရာကို တွေ့ရပါတယ်။ ဈင်ဆရာ အသစ်က ဆင်းရဲတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေပါတယ်။
တပည့်က ဆရာကို သိပ် အထင်မကြီးဘူး။ အမျိုးသမီး တစ်ယောက် ဖြစ်နေတာကိုး။ ဒါကြောင့်
နေရာများ မှားနေသလား ထင်မိတယ်။ နေရာက မှန်ပါတယ်။ ဆရာလည်း မှန်ပါတယ်။ စ်င္ဆရာမက
ဘာမှလည်း သင်မပေးပါဘူး။ သူ့ဟာသူ လုပ်စရာရှိတာ ပုံမှန် လုပ်နေတာပါပဲ။ တပည့်က
တရားအားထုတ်နေ ယောဂီဖြစ်နေတော့ ဈင်ဆရာမကို လေ့လာစူးစမ်းစိတ်နဲ့ အကဲခတ်ကြည့်နေတယ်။
ဒါနဲ့ ဆရာမဆီက စကားလုံး နှစ်လုံး ရလိုက်တယ်။ ညည်းညူစရာ မရှိ . . . တဲ့။
ဓမ္မမိတ်ဆွေများ
ဟုတ်ပါပြီ
. . . ဒါတွေက ခင်ဗျားတို့ ဆက်လက်ကျင့်သုံးကြဖို့ ကျွန်တော် အကြံပြုချင်တာ၊
မျှဝေချင်တာတွေ ဖြစ်ပါတယ်။ ကျွန်တော် တော်တော်လေး ၀မ်းသာပါတယ်။ ခင်ဗျားတို့
အဖွဲ့အစည်းက တော်တော်ကောင်းတဲ့ အဖွဲ့အစည်းပဲ။ ခင်ဗျားတို့ အုပ်စု တကယ်တော်တာပဲ။
ခင်ဗျားတို့ ဆရာလည်း တော်ပါတယ်။ ဓမ္မမိတ်ဆွေတွေလည်း ကောင်းကြပါတယ်။ ခင်ဗျားတို့ . .
. ဒီလို အစုအဖွဲ့ကနေ အကျိုးအမြတ်တွေ ကောင်းကောင်းကြီး ရလိုက်တာပေါ့။ ဒီအဖွဲ့အစည်းကို၊
ဒီအုပ်စုကို ကူညီပံ့ပိုးကြဖို့ အားလုံးကို ကျွန်တော် ပြောချင်ပါတယ်။ ဒီလိုနည်းနဲ့
ကိုယ့်ကိုယ်ကိုယ် ကူညီနိုင်ပါတယ်။ သူတစ်ပါးကိုလည်း ကူညီနိုင်ပါတယ်။
ကျွန်တော်
တစ်ခု ပြောချင်ပါသေးတယ်။ ဒါက . . . ဘုရားရှင်ရဲ့ အဆုံးအမနဲ့လည်း ဆက်စပ်နေပါတယ်။
တစ်ချို့က ကျွန်တော့်ကို ဆရာလို့ ခေါ်ကြပါတယ်။ ကျွန်တော်ကလည်း ခေါ်ခွင့်ပေးခဲ့ပါတယ်။
တကယ်တော့ . . . ဓမ္မမှာ၊ ပါဠိပိဋကတ် အစဉ်အလာမှာ ဆရာဆိုတဲ့ စကားလုံးကို မသုံးပါဘူး။
လှပတဲ့ စကားလုံးတစ်လုံးကို သုံးပါတယ်။ ဓမ္မမိတ်ဆွေ . . . တဲ့။ ကျွန်တော့်ကို
ဒီလိုပဲ မြင်စေချင်ပါတယ်။ ဓမ္မမိတ်ဆွေလို့ မြင်ကြပါ။ တော်တော်ကောင်းတဲ့ ဆက်ဆံရေးပါ။
ဆရာလို့ ပြောလိုက်ရင် ဆရာနဲ့ တပည့်ကြားမှာ ခြားနားမှုကြီး ရှိနေပါတယ်။
ဓမ္မမိတ်တွေကတော့ . . . အတူတူ ရှာဖွေနေကြတာပါ။ အတူတူ လေ့လာစူးစမ်းနေကြတာပါ။ အတူတူ
သင်ယူနေကြတာပါ။ အချင်းအချင်း မျှဝေနေကြတာပါ။ အချင်းချင်း ဆက်ဆံဖို့
တော်တော်ကောင်းတဲ့ နည်းလမ်းတစ်ခုပါပဲ။
ကျွန်တော်
သတိပေးချင်တဲ့ အန္တရာယ်တစ်ခု ရှိပါသေးတယ်။ ဆရာ . . . ဆိုတော့ ဆရာပြောသမျှပဲ
လက်ခံနေကြတာပေါ့။ အခွင့်အာဏာ ရှိသူတစ်ယောက်အဖြစ် လက်ခံထားကြပါတယ်။ ဘုရားရှင်ရဲ့
အဆုံးအမ သာသနာတော်မှာ အဲဒီလို့ အခွင့်အာဏာ မရှိပါဘူး။
ဗုဒ္ဓစာပေက
အကိုးအကား တစ်ခုနဲ့ နိဂုံးချုပ်ချင်ပါတယ်။ ကာလာမဆိုတဲ့ ဘာသာရေးလိုက်စားတဲ့
အုပ်စုတစ်စု ရှိပါတယ်။ သူတို့က ဆရာအမျိုးမျိုးကို ချဉ်းကပ်ထားကြပါတယ်။ သူတို့ဟာ
ဘုရားရှင်ဆီ သွားရောက်ပြီး ပြောကြပါတယ်။ တပည့်တော်တို့ ရှုပ်ထွေးနေပါပြီ။
ဆရာအမျိုးမျိုးက အမျိုးမျိုး ပြောနေကြပါတယ်။ တပည့်တော်တို့ ဘာလုပ်သင့်ပါသလဲ။
တပည့်တော်တို့ကို ကူညီတော်မူပါလို့ ပြောကြပါတယ်။ ဘုရားရှင်က အခြေခံကျတာတစ်ခု
မိန့်တော်မူပါတယ်။ အစဉ်အလာမို့ လက်ခံတာ မဖြစ်ပါစေနဲ့။ ကျမ်းစာထဲမှာ ဖော်ပြထားလို့
လက်ခံတာ မဖြစ်ပါစေနဲ့။ ယုတ္တိရှိတယ်၊ ကြောင်းကျိုးဆီလျော်တယ်၊ အခြေခံကျတယ်
ဆိုပြီးတော့ လက်ခံတာ မဖြစ်ပါစေနဲ့။ ဆရာက ပြောတာမို့ လက်ခံတာ မဖြစ်ပါစေနဲ့။ ချမ်းသာသုခ
ရရှိစေနိုင်တာ၊ ဆင်းရဲဒုက္ခရောက်စေနိုင်တာ၊ ဒုက္ခက လွတ်မြောက်ဖို့ အထောက်အပံ့
ပေးနိုင်တာတွေကို ကိုယ်တိုင်တွေ့ကြုံပြီး နာလည်သိရှိမှသာ လက်ခံပါ။ ကိုယ်တွေ့
သိမြင်မှ လက်ခံပါ။ အဲဒီလို မိန့်တော်မူပါတယ်။ တော်တော် ကောင်းတာပဲ။ အတွေ့အကြုံဟာ
ခင်ဗျားတို့ရဲ့ ဆရာပါ။ ဘ၀ဟာ အကောင်းဆုံး ဆရာပါ။
ကျွန်တော့်ရဲ့
တရားဓမ္မ ဟောကြားချက်ကို ဒီအချက်အလက်တွေ့နဲ့ပဲ နိဂုံးချုပ်ပါတယ်။
ကျေးဇူးစကား
ကျွန်တော်
ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ ပထမဆုံး အနေနဲ့ ဒီနေရာမှာ ရှိနေကြသူတွေကို
ကျေးဇူးတင်ပါတယ်။ စိတ်ပါလက်ပါ ကျင့်သုံးခဲ့ကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပတ်ဝန်းကျင်ကောင်း၊
အစုအဖွဲ့ကောင်း တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး စည်းရုံးလုပ်ဆောင်ခဲ့ကြသူတွေကို
ကျေးဇူးတင်ပါတယ်။ အသင်းအဖွဲ့ကောင်း တစ်ခု ဖြစ်ပါတယ်။ လုပ်ရပ် ပြောင်မြောက်တဲ့
အဖွဲ့ပါ။ ထူးခြားတဲ့ အဖွဲ့အစည်း တစ်ခုပါ။ ဒီမှာက သီရိလင်္ကာနဲ့ မတူပါဘူး။ အားလုံးဟာ
ရှင်းရှင်းလင်းလင်း ရှိနေပါတယ်။ အားလုံးကို စာနဲ့ ရေးထားတာပါ။ စာရွက်ပေါ်မှာ
ရေးချထားကြတာပါ။ သီရိလင်္ကာက လာသူတစ်ယောက်အတွက် အထင်ကြီးစရာပါ။
မီးဖိုချောင်
ကဏ္ဍက ပြုံးပြုံးချိုချို အမျိုးသမီးကို ကျေးဇူးတင်ပါတယ်။ အမြဲတမ်း ပြုံးနေတဲ့
အမျိုးသမီးပဲ။ သူ့ကို ကူညီသူ အားလုံးကိုလည်း ကျေးဇူးတင်ရမှာပါ။ သူတို့
အလုပ်လုပ်နေပုံ ကြည့်ရတာ အထင်ကြီး လေးစားစရာပါ။ သူတို့ အလုပ်လုပ်နေတာ
မီးဖိုချောင်ထဲမှာ ကူညီနေတာကို ကြည့်ပြီး ကျွန်တော် သဘောပေါက်လိုက်ပါတယ်။ သူတို့က
အလုပ်ကို စိတ်ဝင်တစား လုပ်နေကြတာပဲ။ ကျွန်တော် ပြောခဲ့သလိုပါပဲ။ လုပ်ငန်းခွင်
ကမ္မဋ္ဌာန်းဟာ ပျော်ရွှင်ခြင်းရဲ့ အခြေခံ အကြောင်းတရားတွေ ပေးအပ်နိုင်ပါတယ်။ အဲဒါကို
ကာယကံမေတ္တာလို့လည်း ရှုမြင်နိုင်ပါတယ်။ ဟုတ်ပြီ . . .။ ယောဂဆရာ မစ္စတာဂျက်ကိုလည်း
ကျေးဇူးတင်ပါတယ်။
ယောဂဆရာ။
။ ကျွန်တော့်ကို ဆရာလို့ မခေါ်ပါနဲ့။ ယောဂမိတ်ဆွေလို့ ခေါ်ပါ။
ဆရာကြီး။
။ သိပ်ကောင်းတာပဲ။ ကျွန်တော်တို့ ယောဂမိတ်ဆွေကိုလည်း ကျေးဇူးတင်ရပါမယ်။ စကားပြန်
လုပ်ပေးသူတွေရဲ့ ကျေးဇူးကိုလည်း မမေ့သင့်ပါဘူး။ တော်တော်ခက်ခဲတဲ့ အလုပ်ပါ။
တစ်ခါတစ်ခါဆိုရင် အမေးအဖြေ လုပ်ချိန်မှာတောင်မှ သူတို့ ရှိနေကြရပါတယ်။ သူတို့
အားထုတ်ကျင့်ကြံတာတွေ ရပ်ဆိုင်းထားလိုက်ကြရပါတယ်။ တစ်ခါတစ်ခါ သူတစ်ပါးရဲ့
ပြဿနာတွေကို နားထောင်ပေးကြရပါတယ်။ သူတို့ မညည်းမညူကြဘဲ အောင်အောင်မြင်မြင်
ပြောင်ပြောင်မြောက်မြောက် လုပ်ဆောင်နိုင်ခဲ့ကြတယ်လို့ ကျွန်တော်
နားလည်ခံစားမိပါတယ်။
ကဲ
. . . အခု ရွတ်ဖတ်သရဇ္ဈာယ်ကြပါစို့။ အဲဒီနောက် . . . မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပြီး
နိဂုံးကမ္ပတ် အဆုံးသတ်ကြပါမယ်။
(ပြီး၏။)
:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို
နားလည်သလို
ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment