Tuesday, May 24, 2016

သိမ်မွေ့သောလမ်း (၄၄)

( . . . . . မှ အဆက် )
သတ္တမနေ့ - အနှစ်ချုပ်နှင့် နိဂုံး

(ဟောင်ကောင်၊ ၁၉ အောက်တိုဘာ၊ ၁၉၉၇)

ဆရာကြီး။  ။ ဒီနေ့ နောက်ဆုံးနေ့ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ ကျွန်တော် တွေ့ဆုံခဲ့တဲ့ ယောဂီတွေဆီက လေ့လာခဲ့ရတာတွေကို မျှဝေချင်ပါတယ်။ ဒါတွေဟာ ကျွန်တော် ပြောခဲ့ပြီးသားတွေထဲမှာ ပါပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ကြိုးစားပမ်းစား အားထုတ်ကြစေချင်လို့ အလေးအနက်ထားပြီး ပြောပါဦးမယ်။

အပြစ်ကြောင့် ဆင်းရဲရခြင်း

ယောဂီ တော်တော်များများမှာ ရှိနေတဲ့ ပြဿနာက သူတို့ဟာ အပြစ်ရှိတယ်လို့ လိပ်ပြာမသန့်ဖြစ်ပြီး ဆင်းရဲဒုက္ခ ရောက်နေကြရတာ ဖြစ်ပါတယ်။ ဒီက ယဉ်ကျေးမှုမှာ အပြစ်ရှိတယ်လို့ ခံစားရဖို့ နောက်ကြောင်းရာဇဝင်တွေ၊ လူမှုရေး အကြောင်းတရားတွေ ရှိနိုင်ပါတယ်။ တိဘက်ယဉ်ကျေးမှု၊ သီရိလင်္ကာယဉ်ကျေးမှုလို ရှေးဟောင်း ယဉ်ကျေးမှုတွေမှာ အပြစ်ကြောင့် မလုံမလဲ ဖြစ်ရတယ်ဆိုတဲ့ စကားအသုံးကို မရှိပါဘူး။ အနောက်နိုင်ငံသားတွေ အပြစ်ရှိတယ်လို့ စိတ်စွဲထားပြီး ဆင်းရဲဒုက္ခ ရောက်နေကြရတာကို တွေ့လိုက်ရတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား အံ့သြသွားရတယ် ဆိုတဲ့အကြောင်း ကျွန်တော် ဖတ်ခဲ့ရဖူးပါတယ်။

ယေဘုယျအားဖြင့် အတိတ်က အပြစ်ကြောင့် ဆင်းရဲဒုက္ခ ရောက်ရသူတွေဟာ အတိတ်က အမှားတွေကို အများဆုံး သတိရနေကြဟန် တူပါတယ်။ ဒီအတွက် သီးခြားမှတ်ဉာဏ် ရှိကြဟန် တူပါတယ်။ သူတို့ လုပ်ထားတဲ့ ကောင်းတာတွေကို လုံးလုံးလျားလျား မေ့ထားလိုက်ကြပြီး မှားယွင်းမှုတွေ၊ မအောင်မြင်မှုတွေကိုပဲ သတိရကြပါတယ်။ ဆွဲကိုင်ထားတဲ့ လိပ်ပြာမလုံမှုနဲ့ သူတို့ကိုယ်သူတို့ ဒဏ်ခတ်နေကြတယ်ဆိုတာကို နားမလည်နိုင်ကြပါဘူး။

ဝမ်းနည်းစရာ ကောင်းတာက . . . တစ်ခါတစ်ခါမှာ အစဉ်အလာ ဗုဒ္ဓဘာသာမှာ အမှားတွေကို အလေးပြုနေသလို ဖြစ်နေတာ ရှိပါတယ်။ အထူးသဖြင့် ကံနဲ့ ပတ်သက်လို့ပေါ့။ ဒါကြောင့် ကျွန်တော်က ကံတရားအကြောင်း မဟောမပြောတာ ဖြစ်ပါတယ်။ မှားတာ လုပ်ခဲ့လို့ မှားတာ ကြုံရတယ်လို့ ထင်ကြပါတယ်။ ကံတရားကြောင့် ဒုက္ခရောက်တော့မယ်လို့ ထင်ကြပါတယ်။ ဗုဒ္ဓတရားတော်တွေကို ဆင်းရဲဒုက္ခ ဖန်တီးဖို့ အသုံးချနေကြတာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ ကျွန်တော် ထင်ပါတယ် . . . သူတို့က မကောင်းတဲ့ကံကိုပဲ စဉ်းစားကြပါတယ်။ ကောင်းတဲ့ကံကို မစဉ်းစားကြပါဘူး။

ကျွန်တော် အလေးပေး ပြောကြားနေကျပါ။ ဗုဒ္ဓဘာသာဟာ ပျော်ရွှင်မှုတွေ ဆထက်ထမ်းပိုး ဖန်းတီးဖို့၊ ဆင်းရဲဒုက္ခက လွတ်မြောက်ဖို့ ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခတွေ ဖန်းတီးဖို့ ဗုဒ္ဓဘာသာကို အသုံးပြုတာ မြင်ရတဲ့အတွက် တကယ့်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ ဥပမာလေး တစ်ခုပါ။ ကျွန်တော် ဟောင်ကောင်မှာတုန်းက အမျိုးသမီးတစ်ယောက် တွေ့ခဲ့ပါတယ်။ တော်တော်ကောင်းတဲ့ အမျိုးသမီး၊ တော်တော် ကြင်နာတတ်တဲ့ အမျိုးသမီးပါ။ အဲဒီ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မကောင်းဆိုးဝါး တစ်ကောင် ရှိတယ်လို့ ဗုဒ္ဓဘာသာ ဆရာတစ်ယောက်က ပြောပါတယ်တဲ့။ မျက်နှာမှာ ပေါ်နေတဲ့ မကောင်းဆိုးဝါးကို အဲဒီဆရာက မြင်ရတယ်လို့ ပြောပါတယ်တဲ့။ ကျွန်တော်နဲ့တွေ့တော့ အဲဒီ အမျိုးသမီးဟာ ဟိုဆရာရဲ့ စကားကြောင့် တကယ့်ကို ဆင်းရဲဒုက္ခရောက်နေပါပြီ။

ဒါက ရိုးရာအစဉ်အလာပါ။ ဒေသနာတော်ရဲ့ သွန်သင်ချက်နဲ့ ယဉ်ကျေးမှုရဲ့ သွန်သင်ချက်ကို ရှင်းရှင်းလင်းလင်း ခွဲခြားနားလည်ဖို့ လိုပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက . . . သီရိလင်္ကာက ဗုဒ္ဓဘာသာဝင်တွေတောင်မှ ဆင်းရဲဒုက္ခကို ပိုပြီး အာရုံစိုက်သလို ဖြစ်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်က သူတို့ကို ပြောရပါတယ်။ ဒါက ပထမသစ္စာပဲ ရှိပါသေးတယ်။ တစ်ခြား သစ္စာတွေရော ဘယ်လိုလဲလို့ မေးရပါတယ်။ ဒါဟာ ခင်ဗျားတို့ သုံးသပ်ကြစေချင်တဲ့ အချက် တစ်ခုပါ။ ကျွန်တော် ပြောနေကျအတိုင်း ကိုယ်ကိုင်တိုင် ကိုယ့်ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်အောင် သင်ယူလေ့ကျင့်၊ ကိုယ့်ရဲ့ ထိုက်တန်မှုကို မြင်အောင်ကြည့်၊ ကိုယ့်ရဲ့ အလားအလာကို မြင်အောင်ကြည့်၊ ကိုယ့်မှာ ဗုဒ္ဓသဘာ၀ ရှိတယ်ဆိုတာကို နာလည်ထားပြီး မေတ္တာတရားကို အသုံးချပါ။ သိမ်မွေ့မှုကို အသုံးချပါ။

ဒါနဲ့ ဆက်စပ်နေတဲ့ နောက်တစ်ချက်က အမှားလုပ်မိမှာ ကြောက်ရွံ့ခြင်း ဖြစ်ပါတယ်။ တမင်သက်သက် အမှားကျူးလွန်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ အမှား လုပ်မိပြီးရင် အဲဒီ အမှားနဲ့ ဘယ်လို ပြုမူဆက်ဆံရမယ် ဆိုတာကို လေ့လာသင့်ပါတယ်။ ဒါကြောင့် သူတို့ကို လေ့လာစရာ အတွေ့အကြုံတွေ၊ အဖိုးတန်တဲ့ အတွေ့အကြုံတွေအဖြစ် ရှုမြင်ဖို့ ကျွန်တော် အလေးပေး ပြောကြားနေတာပါ။ ဒီလို အခြေအနေတွေကို ကျေးဇူးတင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီက လေ့လာသင်ယူနိုင်လို့ပါ။

နေ့စဉ်ဘ၀ ဘာဝနာ

နောက်တစ်ခု ကျွန်တော် တွေ့ရှိခဲ့တာက . . . ထိုင်နေတဲ့အခါ၊ ဒါမှ မဟုတ် သီးသန့်အချိန် သီးသန့် ဣရိယာပုထ် တစ်ခုခုမှာပဲ ဘာဝနာနဲ့ ဆက်စပ်မိနေကြတာကို တွေ့ခဲ့ပါတယ်။ ကျွန်တော် အလေးပေး ပြောကြားနေကျ အတိုင်းပါပဲ။ ဘာဝနာ အလုပ်မှာ လေးလေးနက်နက် ရှိတယ်ဆိုရင် ဘာဝနာဟာ ဘဝနေနည်း ဖြစ်ဖို့လိုပါတယ်။ အထူးသဖြင့် နေ့စဉ်ဘဝမှာ၊ အလုပ်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ဆက်ဆံပတ်သက်ရသမျှ ကိစ္စတိုင်းမှာ ဘာဝနာပါဖို့ လိုပါတယ်။ ဆက်ဆံပတ်သက်ရသမျှဟာ ဘာဝနာ ပွားစရာတွေ ဖြစ်သင့်ပါတယ်။ ဒါကြောင့် ဘာဝနာဟာ နားလည်ပုံ နားလည်နည်း ဖြစ်ပါတယ်။ အသိဉာဏ် ပြည့်ဝတဲ့ နည်းလမ်း၊ ဉာဏ်ပညာ ဖွံ့ဖြိုးစေတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဘာဝနာကို နေ့စဉ်ဘဝနဲ့ ပေါင်းစပ်နိုင်အောင် ကြိုးစားကြပါ။

တစ်ချို့ယောဂီတွေဟာ ထိုင်နေတဲ့ အခါမှာပဲ ဘာဝနာနဲ့ ဆက်စပ်မှု ရှိနေကြပါတယ်။ ဒီတော့ သူတို့ ထိုင်တဲ့ အခါမှာ အထူးအဆန်း ဖြစ်နေပါတယ်။ ထိုင်တဲ့အခါမှာ အထူးအဆန်းလို့ ထင်တယ်ဆိုရင် ပြဿနာ အထူးအဆန်း ရှိလာနိုင်ပါတယ်။ အသက်ရှူတာတောင်မှ တစ်မူထူးခြားအောင် ရှူတတ်ပါတယ်။ နောက်ပြီးတော့ ထိုင်တဲ့အခါမှာ ချက်ချင်းပဲ တည်ငြိမ်တဲ့ အခြေအနေကို ရရှိချင်ပါတယ်။ ထူးဆန်းတဲ့ အတွေ့အကြုံတွေ လိုချင်ပါတယ်။ ဒါပေမယ့် တစ်ခြားအချိန်တွေမှာတော့ အရေးမစိုက်တော့ပါဘူး။ တစ်ပိုင်းစီ ဖြစ်နေတယ်ဆိုတာ ရှင်းပါတယ်။ ကမ္မဋ္ဌာန်း ထိုင်တဲ့တစ်ယောက်၊ ကမ္မဋ္ဌာန်း အပြင်က ထိုင်တဲ့တစ်ယောက်ဆိုပြီး နှစ်မျိုးဖြစ်နေပါတယ်။

ဘာဝနာကို ကျင့်သုံးနေကျ အလုပ်တစ်ခုလို့ ရှုမြင်နိုင်တယ်ဆိုရင်၊ ဖြစ်နေတာကို သတိပြုမိခြင်း ဖြစ်နေတာကို နားလည်ခြင်းလို့ ရှုမြင်နိုင်တယ်ဆိုရင် တရားထိုင်နေတဲ့ အခါမှာ ဘာဝနာ ဆက်ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် အတွေးတွေနဲ့ ကျင့်သုံးနေထိုင်ဖို့ တစ်ရက်၊ စိတ်ခံစားမှုတွေအတွက် တစ်ရက် ရှိပါသေးတယ်။ အတွေးတွေ စိတ်ခံစားမှုတွေကို ပျက်ပျက်စီးစီး ဘယ်လို အသုံးချတယ်ဆိုတာ ကြည့်ကြမယ်။ သူတို့ ဘယ်လို အလုပ်လုပ်တယ်၊ သူတို့ ဖြစ်ပေါ်လာဖို့ ဘယ်လို အကြောင်းတရားတွေ ရှိတယ်ဆိုတာကို ကြည့်ကြမယ်။ နေ့စဉ်ဘဝမှာ အတွေးတွေ စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာရင် သူတို့ကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် တရားထိုင်တာကို ဘာမှ ထူးခြားတာတစ်ခု မဟုတ်ဘူးလို့ ရှုမြင်ဖို့ တစ်ချို့ဆရာတွေက ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာမှ ထူးထူးခြားခြား ဖြစ်ပေါ်နေတာ မဟုတ်လို့ပါ။ အတွေးတွေ အတူတူပါပဲ။ အတွေ့အထိတွေ အတူတူပါပဲ။ စိတ်ခံစားမှုတွေ အတူတူပါပဲ။ အသံတွေ အတူတူပါပဲ။ ဘာတွေ ထူးခြားမှာလဲ။ ဖြစ်ပေါ်နေတာကို သိတယ်၊ နားလည်တယ်၊ အမြင်ရှင်းတယ်။ ဒါပဲ ထူးပါတယ်။

မနှစ်သက်ဖွယ် အတွေ့အကြုံ

ကျွန်တော် တွေ့ရှိခဲ့တာ တစ်ခု ရှိပါသေးတယ်။ ဒါတွေ အများစုဟာ လူတွေနဲ့ မစိမ်းပါဘူး။ ဒါပေမယ့်ဒီယဉ်ကျေးမှုနဲ့ ကိုက်ညီနေတာမို့ ကျွန်တော် ထောက်ပြချင်ပါတယ်။ တစ်ခုက . . . မနှစ်သက်စရာ အာရုံတွေကို မရှုမကြည့်ဘဲ ဖိနှိပ်ထားတာ၊ ဖယ်ထုတ်ပစ်တာ၊ ငြင်းဆန်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ခုကွဲခြင်း ဖြစ်ပြန်ပါတယ်။ ဘာသာရေးအလုပ်၊ ဘာဝနာလုပ်ငန်းမှာ နှစ်သက်စရာတွေ တွေ့ကြုံရမယ်၊ မနှစ်သက်စရာတွေ မကြုံတွေ့သင့်ဘူးလို့ ဖြစ်လာပါတယ်။ ဆန့်ကျင်တာ၊ ကွဲလွဲတာတွေ ဖြစ်လာပါတယ်။

ကျွန်တော် အကြံပေး ပြောကြားလိုပါတယ်။ အံ့တော့ မအံ့သြပါနဲ့။ နှစ်သက်စရာ အတွေ့အကြုံတွေဟာ သိပ်အရေးမကြီးပါဘူး။ အရေးကြီးတာက မနှစ်သက်စရာ အာရုံတွေပါ။ နှစ်သက်စရာ အာရုံတွေနဲ့ ပတ်သက်လို့ ဘာမှ ပြဿနာ မရှိပါဘူး။ ပြဿနာ ရှိတာက မနှစ်သက်စရာ အတွေ့အကြုံတွေနဲ့ပဲ ပြဿနာ ရှိတာပါ။ မနှစ်သက်စရာ အတွေ့အကြုံတွေကို ဖိနှိပ်ရင်း၊ ဖယ်ရှားရင်း၊ မရှုမကြည့် မျက်ကွယ်ပြုခြင်းအားဖြင့် သူတို့ ပိုပြီး အားကောင်းအောင် လုပ်မိနေကြတယ် ဆိုတာကို ကျွန်တော်တို့ သဘောမပေါက်ကြပါဘူး။ ဒီလိုနဲ့ အဆိုးသံသရာ လည်နေတာပေါ့။ ကျိုးကြောင်းဆက်နွှယ်မှု တစ်မျိုးပါ။ အချင်းချင်း အပြန်အလှန် ဦးဆောင်သွားပါတယ်။ ဆင်းရဲဒုက္ခဆီ ဦးတည်နေတာပါ။ ဒါကြောင့် မနှစ်သက်စရာ အတွေ့အကြုံတွေ အပေါ်မှာ ပွင့်ပွင့်လင်းလင်း ရှိဖို့ အလေးပေး ပြောကြားနေတာပါ။ သူတို့ကို ဖြစ်ပေါ်ခွင့် ပေးလိုက်ပါ။ တွန်းထုတ်ဖယ်ရှား မပြစ်ပါနဲ့။ သူတို့ကို ကြောက်လန့်ပြီး သူတို့ကို ဖိနှိပ်ထားလိုက်မယ် ဖယ်ရှားပစ်မယ်ဆိုရင် သူတို့ ပိုပြီး အားရှိလာပါတယ်။ သူတို့ရဲ့ စွမ်းအားကို ဖယ်ထုတ်ပစ်လိုက်နိုင်ရင် ပြဿနာ မရှိတော့တာကို သဘောပေါက်လာပါလိမ့်မယ်။

သဘာဝတရားနဲ့ ဆက်ဆံပတ်သက်ရာမှာလည်း ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်တာကို ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဗဟိဒ္ဓကို ရှင်းရှင်းလင်းလင်း မြင်အောင်လေ့ကျင့်တာဟာ အရာရာကို ကြည့်တတ်အောင် လေ့ကျင့်တာမို့ပါ။ နှစ်သက်စရာ မနှစ်သက်စရာတွေကို၊ အရာရာကို ကြည့်တဲ့နေရာမှာ ဖယ်ရှားခြင်း ရွေးခြယ်ခြင်း မရှိဘဲ ရှိနေဖြစ်နေတာကိုသာ ကြည့်ပါ။

တရားဓမ္မနဲ့ ပတ်သက်လို့ အဇ္ဈတ္တ၊ ဗဟိဒ္ဓလို့ ရှိနေတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အတွင်းကျကျ ကိုယ့်အဇ္ဈတ္တမှာ ဖြစ်ပေါ်နေတာတွေ အများကြီးကို သတိထားမိအောင် လေ့ကျင့်ရပါတယ်။ ကိုယ့်အဇ္ဈတ္တမှာ ဖြစ်ပေါ်နေတာတွေ များနိုင်သမျှ များများမြင်နိုင်တာနဲ့အမျှ ကိုယ့်အရည်အသွေးတွေ၊ ကိုယ့်အားနည်းချက်တွေကိုလည်း များများ မြင်နိုင်လာပါတယ်။ ကောင်းကွက် ဆိုးကွက်တွေ ရှင်းလင်းထင်ရှားလာပါတယ်။ ကောင်းတာတွေ ဆိုးတာတွေကို လုံးလုံးလျားလျား ပြည့်ပြည့်၀၀ တွေ့ကြုံခံစားနိုင်ဖို့၊ သူတို့ကြောင့် ဆင်းရဲဒုက္ခ ရောက်ရပုံကို မြင်အောင်ကြည့်ဖို့ အရေးကြီးပါတယ်။ ဒါကို ဘုရားရှင် အလေးပေး ဟောကြားတော်မူခဲ့ပါတယ်။ သူတို့က ဆင်းရဲဒုက္ခတွေ ဖန်တီးတယ် ဆိုတာကို ကျွန်တော်တို့ မသိကြပါဘူး။ ဘုရားရှင် ဟောကြားလို့၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ပြောပြလို့သာ လက်ခံထားကြတာပါ။

အမျက်ဒေါသ၊ အကြောက်တရား၊ မနာလိုဝန်တိုခြင်း စတာတွေ ဖြစ်ပေါ်တဲ့ အခါမှာ ကျွန်တော်တို့ ဘယ်လိုနေသလဲ မြင်အောင်ကြည့်ကြရပါမယ်။ ဒီစိတ်ခံစားမှုတွေကို ခုခံဆန့်ကျင်တယ်ဆိုရင်၊ သူတို့ကို မနှစ်မျို့ဘူးဆိုရင် . . . သူတို့ကို အစစ်အမှန် တွေ့ကြုံခံစားနေကြတာ မဟုတ်ပါဘူး။ ရှင်းပါတယ်။ သူတို့ကို မတွေ့ကြုံ မခံစားနိုင်ဘူးဆိုရင် သူတို့နဲ့ ဘယ်လိုလုပ်ပြီး အလုပ်ဖြစ်ပါ့မလဲ။ သူတို့ ရှိမနေဘူး ဆိုရင်လည်း မရှိဘူးလို့သာ သိပါ။ ထူးခြားမှုကို တွေ့မြင်ရပါလိမ့်မယ်။ တရားဒေသနာတော်မှာ လာရှိတဲ့ အတိုင်းပါပဲ။ ကိုယ့်ရဲ့ ကျင့်ကြံအားထုတ်မှုမှာ သဘာဝတရား ပေါ်ထွန်းပွင့်အာလာပါတယ်။

:)
ရှင်အာစာရ
-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment