"အခုလို ဥပုသ်နေ့မှာ ဥပုသ်သီတင်းသီလ စောင့်သုံးကြတာ၊ ဒါနဝတ္ထုတွေလှူကြပြီး ဝေယျာဝစ္စ ဆောင်ရွက်ကြတာဟာ ကုသိုလ်ရေးသက်သက်တင် မကဘူး။ သာသနာတော်ဘက်ကနေပြီး လူမှုရေး တိုးတက်ဖို့ အတွက်လည်း ထောက်ပံ့ပေးလိုက်တယ်။ နေ့စဉ်နဲ့အမျှ ကိုယ့်စီးပွားနဲ့ကိုယ်။ ကိုယ်ကိစ္စနဲ့ကိုယ်။ လူမှုအပေါင်းအသင်း . . . အချင်းချင်း အေးအေးဆေးဆေး တွေ့ကြဖို့၊ စကားစမြည် ပြောကြဖို့ သိပ်အချိန်မပေးနိုင်ဘူး။ ဥပုသ်နေ့မှာ အလုပ်နားပြီး ကုသိုလ်ပြုကြရင်း အချင်းချင်း ဆုံမိကြတာ။ သာသနာတော်က စေ့စပ်ပေးလိုက်တာ။
ဘုရားလက်ထက် သာသနာခေတ်ဦးမှာ ဘုန်းကြီးဝတ်ကြတယ် ဆိုတာကလည်း ကျောင်းထိုင်ဖို့ မဟုတ်ဘူး။ ဘုရားဟောတဲ့ တရားကို သဘောကျပြီး ဘုန်းကြီးဝတ်တယ်။ သစ်တစ်ပင်ရင်း ဝါးတစ်ပင်ရင်းမှာ တရားအားထုတ်ကြတယ်။ လူတွေနဲ့ ခပ်ကင်းကင်းပဲ။ အဲ့ဒီလို နေကြတဲ့ ဘုန်းကြီးတွေ တဖြည်းဖြည်း များလာတယ်။ ကြည်ညိုတဲ့ လူတွေကလည်း ကျောင်းဆောက်လှူတယ်။ စောစောပိုင်းကတော့ ကျောင်းရှိတာတောင် အမြဲ မနေဘူး။ ဝါတွင်းသုံးလ နေထိုင်ပြီး ဝါကျွတ်တာနဲ့ ခရီးစဉ် လှည့်လည်ကြတာ . . . ဘုန်းကြီးတွေက။ သာသနာ မရောက်သေးတဲ့နေရာ သာသနာရောက်အောင် ဖြန့်ကြတယ်။ မြို့တွေရွာတွေမှာ ဘုန်းကြီးကျောင်းတွေ များလာပြီး လူတွေကလည်း ဘုန်ကြီးတွေကို သူတို့မြို့ သူတို့ရွာ သူတို့ကျောင်မှာ အမြဲသတင်းသုံးဖို့ တောင်းပန်တယ်။ လူတွေ ကုသိုလ်ရအောင် ဘုန်းကြီးတွေကလည်း ကျောင်းထိုင်ပေးတယ်။ တရားကျင့်ရင်း တရားဟောပေးတယ်။
ဘုန်းကြီးတွေက လူတွေထက် တရားကျင့်ချိန် ပိုရတော့ တရားတွေ ပိုသိတာပေါ့။ လူတွေက သင်ယူရတယ်။ အလုပ်နားချိန်မှာ တရားနာတယ်။ ကုသိုလ်ပြုတယ်။ ဆရာဒကာ လက်တွဲ သာသနာပြုကြရင်း သာသနာတော်ဘက်က တရားဓမ္မတင် မကဘဲ လူမှုရေး စီးပွားရေး ပညာရေး စတဲ့ လောကအရေးတွေမှာလည်း ထောက်ကူပေးလာတယ်။ ဘုန်းကြီးတွေနဲ့ လူတွေ ဆက်ဆံတာ ပိုများလာပြီး ကောင်းကျိုး ဆိုးပြစ်တွေ ရှိလာတယ်။
သူ့ဘုန်းကြီး ငါ့ဘုန်းကြီး၊ သူ့ဒကာ ငါ့ဒကာ၊ သူ့ကျောင်းငါ့ကျောင်း၊ သူ့အဖွဲ့ငါ့အဖွဲ့ . . . ရှိလာတယ်။ လုူအတ္တ ဘုန်းကြီးအတ္တ၊ ဘုန်းကြီးမာန လူ့မာန၊ လူတွေရဲ့ မိုက်မဲမှု ဘုန်းကြီးတွေရဲ့ မိုက်မဲမှု၊ လူတွေရဲ့ အကုသိုလ် ဘုန်းကြီးတွေရဲ့ အကုသိုလ် . . .။ အဆိုးသက်ရောက်မှုတွေ ရှိလာတယ်။
အခြေအနေအရ ဆရာဒကာ အဆက်အဆံ ပိုများလာပြီ။ လူမှုရေး ပညာရေး နယ်ပယ်တွေက ကျယ်ပြန့်လာပြီ။ ဆရာဒကာ ဆက်ဆံရေး မူလလမ်းကြောင်း မပျောက်စေဘဲ သတိထားနိုင်မှ ဖြစ်မယ်။ ဆင်ခြင်တုံ လိုအပ်တယ်။ သာသနာတော်ဆီက တရားဓမ္မ ရရှိဖို့၊ လူမှုဘဝအတွက် ကောင်းတဲ့ သက်ရောက်မှုတွေ ရရှိဖို့။ နေရာတကာ ဘုန်းကြီးပြောရင် မှန်တယ်လို့ မဆိုနိုင်တော့ဘူး။ ကျုပ်တို့ အပါအဝင် . . . ဘုန်းကြီးစကားမို့ မှန်တယ်လို့ မယူဆနဲ့။ နယ်ပယ်တွေက ကျယ်လာပြီ။ ဘုန်းကြီးတွေရဲ့ ဦးဆောင်မှုက တရားပြရုံတင် မကတော့ဘူး။ သိစရာ ဗဟုသုတ ရင်းမြစ် ကျယ်လာပြီ။ နည်းမျိုးစုံနဲ့ လေ့လာစရာမျိုးစုံ။ ဘုန်းကြီတွေက လူတွေလောက် မသိနိုင်တာတွေ များလာပြီ။
မူလလမ်းကြောင်း မပျောက်မှ ဆရာဒကာ နှစ်ဘက်လုံး အကျိုးရှိမယ်။ လူမှုဆက်ဆံရေး တိုးတက်ပြေပြစ်အောင်၊ ပညာရေး အထောက်အပံ့ကောင်းဖြစ်အောင် စသည်အားဖြင့် လူမှုဘဝအတွက် ကောင်းကျိုးပြုမပေးနိုင်ရင် ဘုန်းကြီးတွေ ရှုံးတာပဲ။ လူတွေဘက်က မယူနိုင်ရင် လူတွေရှုံးတာပဲ။ ဘုန်းကြီးကို အကြောင်းပြုပြီး၊ ကျောင်းကန်ဘုရားကို အကြောင်းပြုပြီး လူမှုရေး အထစ်အငေါ့ဖြစ်တယ်၊ စီးပွားထိတယ်၊ ပညာရေး နောက်ကျတယ်ဆိုရင် အရှုံးပဲ။
များများလေ့လာဖို့ လိုပါတယ်။ စဉ်းစားသုံသပ်ဖို့လည်း လိုပါတယ်။ သာသနာနဲ့ ဒါယကာ ဆက်စပ်မှု ပိုများလာတဲ့ခေတ်မှာ သာသနာဆီက တရားဓမ္မ ရယူနိုင်ပါစေ။ လူမှုဘဝ အထောက်အပံ့ကောင်းတွေ ရယူနိုင်ပါစေ။"
:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)


No comments:
Post a Comment