“ဟဲ့ ဖိုးသာဓု . . . မင်းတို့ဆရာ ရှိလားဟ?”
“ရှိပါတယ် ဘုရား။ အခု စာချနေတာ . . . . . သုံးနာရီဆိုရင် ပြီးပါပြီဘုရား။”
“အင်း . . . သူတို့လို စာချသူတွေ ရှိနေလို့ တော်သေးတာပေါ့ကွယ်။ သူ့စာဝါ . . . စာလိုက်သံဃာတွေ များရဲ့လားဟ?”
“မှန်ပါ . . .။ ခေတ်စကား ပြောရရင် နိုင်းလောက်ရှိတယ်လို့ ပြောရမယ်ထင်ပါ့ ဘုရား။ :) ”
“အေး . . . အေး . . အေး။ မင်းတို့ဆရာ ပြောနေကျ စကား . . . စာချသူရှား၊ လာဘ်များအောင်ဖန် . . . ဆိုတာလိုပေါ့ကွာ။ ခုကာလ စာချသူ ရှားနေပြီဟ။ လာဘ်များအောင် ဖန်တာတွေ များလာပြီကွ။ သာသနာကွယ်ကြောင်းပေါ့ . . .။”
“မှန်ပါ . . .။ တပည့်တော်တို့ ဆရာသမားက အဲ့ဒါကြောင့် ကြိုးစားပြီး စာချနေတာတဲ့ ဘုရား။ စာဝါပျက်မှာစိုးလို့ ဆွမ်းစားကွမ်းစား အပင့်အဖိတ် ကြွခဲပါတယ်ဘုရား။ [ပင့်ဖိတ်သူလည်း ရှားရှာတာကိုး ဘုရား . . . :) ။]”
“အင်း . . . ခေတ်ကာလက . . . ရှေးက ထွန်းကားခဲ့တဲ့ စာသင်တိုက်ကြီးတွေ တော်တော်များများ အခွံဖြစ်နေပြီး အသစ်တွေကလည်း မစွံနိုင်သေးဘူး . . .။ ကျောင်းဟောင်းကြီးတွေမှာ နေမယ့်သံဃာ မရှိဘူး။ ရှိတဲ့သံဃာကလည်း စာဝါမချ၊ စာဝါမလိုက်။ လုပ်လိုက်မယ် တကဲကဲ ကျောင်းသစ်တွေကလည်း ဆောက်လုပ်ရေးပြီးဖို့ပဲ တော်ကီပွားလိုက် လေလုံးထွားလိုက်နဲ့ . . .။ အဲ . . . ဆောက်လုပ်ရေး ပြီးတော့လည်း . . . . တိုက်ဟောင်းကြီးတွေမှ အခွံဖြစ်တာ မဟုတ်ဘူးဟ . . . တိုက်သစ်တွေလည်း အခွံတွေ ပေါတာပဲ . . .။”
“မှန်ပါ့ . . .။ ဒါတွေ ပြောနေလို့လည်း အကျိုးမထူးပါဘူး ဘုရား။”
“အေးကွယ် . . .။ ကဲကဲ မင်းတို့ဆရာ စာဝါပြီးအောင် မစောင့်နိုင်တော့ဘူး။ မင်းတို့ဆရာကို ဒါလေး ကပ်လိုက်စမ်းပါ။ ပူတိမုတ္တဘေသဇ္ဇလို့ ခေါ်တယ်ကွ။ မင်းတို့ဆရာ သိပ်ကြိုက်တာ။ ဖန်ခါးသီးကို နွားကျင်ငယ်နဲ့ စိမ်ထားတာ။ အင်း . . . မနေ့ကပဲ . . . စပ်မိလို့ စကားစမိရင်း . . . ဆွမ်းဘုဉ်းပေးရတာ ခံတွင်းမတွေ့တဲ့အကြောင်း တရားထဲ ထည့်ဟောလိုက်တာနဲ့ တရားနာတဲ့ ဒကာမတစ်ယောက်က လာလှူတာ။ ဆေးဖိုးန၀ကမ္မ သုံးသိန်း နဲ့ ပူတိမုတ္တဘေသဇ္ဇရယ်၊ ကြက်ပေါင်းရယ်၊ ငှက်သိုက်ရယ် . . .။ ကဲကဲ . . . ဒီ ပူတိမုတ္တဘေသဇ္ဇ ကိုသာ မင်းတို့ဆရာကို ကပ်လိုက်တော့ကွာ။ သာသနာစိတ် ပြည့်ဝတဲ့ စာချဘုန်းကြီးလေး။ ကြည်ညိုပါတယ်။ တို့များတော့ ကျန်းမာရေး ချူချာလို့ စာမချနိုင်ဘူး . . .။ ပရိယတ္တိ သာသနာအတွက် သူတို့ကိုပဲ အားကိုးနေရတယ်။ အေးအေး အေး . . . သွားတော့မယ်၊ သွားတော့မယ်။”
“မှန်ပါ ဘုရား . . . . .။ [သာသနာတော်ကြီး တော်တော်ကြီးကို ကြီးပွားအုံးမယ့် သဘောပါ ဘုရား . . .။ :) ]”
:)
ရှင်အာစာရ
(ခေတ္တ မန္တလေး)
-----
မှတ်ချက် - စာမှာ စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။ ရုပ်ပုံကို အင်တာနက်မှ ရရှိပါသည်။

No comments:
Post a Comment