Saturday, May 16, 2015

စိတ်နှင့် ရွတ်ဖတ်ခြင်း


မေး။   ။ စိတ်ပုတီး စိတ်တာဟာ ပွားများတဲ့ ဘာဝနာ အလုပ်တစ်မျိုးဖြစ်ပြီး၊ ပွားများမိတဲ့ အကြိမ်ကို ရေတွက်ခြင်းအားဖြင့် နေ့စဉ်ဝတ်အကျင့်ကို ပြည့်စေတယ်၊ အဓိဋ္ဌာန်ကို ပြည့်စေတယ်ဆိုတာ သိရပါပြီ။ ဘုရားစာ တစ်မျိုးမျိုး ရွတ်ဖတ်ပူဇော်ပြီး အကြိမ်အရေအတွက် သိရအောင် ပုတီးစိတ်နိုင်တယ်ဆိုတော့ . . . ရွတ်ဖတ်ပူဇော်တဲ့ အခါမှာ အသံမထွက်ဘဲ စိတ်ထဲမှာလည်း ရွတ်နိုင်တယ်ဆိုတဲ့ သဘောလား။

ဖြေ။   ။ ဟုတ်ပါတယ်။ စိတ်ထဲက ရွတ်နိုင်ပါတယ်။ မေတ္တာဘာဝနာနဲ့ ကမ္မဋ္ဌာန်း ထိုင်တယ်ဆိုရင် “ကျန်းမာချမ်းသာပါစေ” အစရှိတဲ့ မေတ္တာစာကို စိတ်နဲ့ ရွတ်တာပါပဲ။ အသုဘ ရှုတယ်ဆိုရင် “အသုဘ အသုဘ”၊ ပထ၀ီကသိုဏ်း ရှုတယ်ဆိုရင် “ပထ၀ီ ပထ၀ီ”။ စိတ်ထဲက ရွတ်နေရတာပါ။ ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများတယ်ဆိုရင် ဘုရားဂုဏ်တော် တစ်ခုခုကို စိတ်ထဲက ရွတ်ရတာပါပဲ။ ဥပမာ အရဟံ ဆိုပါစို့။ “အရဟံ အရဟံ” ပေါ့။ ရွတ်လိုက်တဲ့ ပါဠိရဲ့ အဓိပ္ပာယ်ကို သိဖို့ လိုပါတယ်။

မြန်မာလို ရွတ်ရင်လည်း ရပါတယ်။ အာနာပါနဿတိကျင့်သုံးတယ်၊ ၀င်လေထွက်လေကို ရှုမှတ်တယ် ဆိုရင်လည်း “၀င်လေ ထွက်လေ” စသည်အားဖြင့် စိတ်ထဲက ရွတ်ဖတ်ပြီး သိမှတ်ရပါတယ်။ ၀င်လေ ထွက်လေကို သိရပါတယ်။ ဒီအကျင့်မှာကြတော့ ပါဠိလို “အဿာသ ပဿာသ”လို့ မရွတ်တော့ဘဲ မြန်မာလိုပဲ ရွတ်ကြပါတယ်။ ရှုမှတ်တယ် ဆိုတာ စိတ်ထဲက ရွတ်ဖတ်တာ ဆိုပေမယ့် အကျင့်များပြီး ရင့်ကျက်လာရင်တော့ “၀င်လေ ထွက်လေ”လို့ ရွတ်နေစရာ မလိုတော့ပါဘူး။ ထွက်လေ ထွက်လေကို ၀င်ခိုက် ထွက်ခိုက်မှာ သိနေဖို့ပဲ လိုပါတယ်။

တစ်ခြား ဘာဝနာတွေမှာလည်း အလားတူပါပဲ။ အစပိုင်းမှာ မေတ္တာစာ မေတ္တာပို့ တစ်ခုခုကို စိတ်ထဲက ရွတ်ဖတ်ရတယ် ဆိုပေမယ့် အမြဲတမ်း စိတ်ထဲက ရွတ်နေရမယ်လို့ မဆိုလိုပါဘူး။ မေတ္တာစိတ် ထပ်ကာထပ်ကာ အစဉ်မပြတ် ဖြစ်နေဖို့ အဓိကပါ။ ဂုဏ်တော်ပွားတယ်ဆိုရင်လည်း ဂုဏ်တော်ကို ဆင်ခြင်အောက်မေ့ သတိရနေတဲ့စိတ် ထပ်ကာထပ်ကာ အစဉ်မပြတ် ဖြစ်နေဖို့ အဓိကပါပဲ။

ဘုရားစာ ရွတ်တဲ့အခါမှာ စာရဲ့အဓိပ္ပာယ်ကို သိထားပြီး ရွတ်ရပါတယ်။ အသံထွက်ပြီး ရွတ်နိုင်သလို၊ စိတ်ထဲကလည်း ရွတ်နိုင်ပါတယ်။ အသံထွက်ပြီး ရွတ်တယ် ဆိုရင်တော့ ကြားရတဲ့ လူတွေနတ်တွေ ကြည်ညိုနိုင်တာပေါ့။ ကြားရတာကို နားညည်းတယ် ဆိုရင်တော့လည်း ကြားသူရဲ့ ခံယူမှု အခန်းကဏ္ဍပေါ့။ ကာလဒေသ ကြည့်ပြီး ကျင့်သုံးရမှာပါ။

အခြေအနေနဲ့ သင့်တော်သလို အသံထွက် ရွတ်တာပဲဖြစ်ဖြစ်၊ စိတ်ထဲက ရွတ်တာပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ရွတ်ဖတ်ပြီး ပွားများမှု ဘာဝနာ ကုသိုလ် တစ်မျိုးမျိုးကို နေ့စဉ်ပြုလုပ်သင့်ပါတယ်။ ပွားများမှု မပျက်ကွက်အောင် အဓိဋ္ဌာန်ထားပြီး ကျင့်သုံးသင့်ပါတယ်။

:)
ရှင်အာစာရ

No comments:

Post a Comment