Thursday, December 6, 2012

တရားမင်းသခင် - ၅၃။ ကရုဏာအေးရိပ်



သူ့ရင်သွေးငယ်ကို သင်္ကန်းစ တစ်ခုဖြင့် ရစ်ပတ်၍ ပွေ့ပိုက်လာသူ ကဿပဘိက္ခုနီ အရှင်မသည် ဘုရားရှင်၏ ထံတော်သို့ တိတ်ဆိတ်ညင်သာစွာ ချဉ်းကပ်၏။ ကောသလ မင်းကြီးသည် အရှင်မကို စိတ်ဝင်တစား ကြည့်နေ၏။ အရှင်မ၏ ဘယ်ဘယ်လက်သည် ကလေးငယ်ကို ပွေ့ပိုက်ထားပြီး ညာဘက်လက်သည် ကလေးငယ်၏ ဦးခေါင်းကို ခပ်ဖွဖွ အုပ်ထား၏။ အရှင်မသည် ဘုရားရှင်၏ အနီးသို့ ရောက်သောအခါ ကလေးငယ်ကို ဘုရားရှင်၏ ခြေတော်ရင်း၌ ညင်သာစွာ ချထားလိုက်ပြီး ဒူးထောက်လျက် ဘုရားရှင်ကို ရှိခိုးဦးခိုက်လေ၏။ ထို့နောက် ပြန်ထလိုက်ပြီး ကလေးငယ်ကို ပွေ့ယူ၏။ ကလေးငယ်ကို ပွေ့ပိုက်ထားရင်း ဘုရားရှင်၏ ရှေ့တော်မှောက်၌ ဒူးထောက်လျက် နေရာယူ၏။ ထိုစဉ် ကလေးငယ်၏ ငိုကြွေးသံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ ကလေးငယ်သည် ငိုကြွေးရင်း မိခင်၏ နို့ကိုစို့ရန် ကြိုးစားနေ၏။ မိခင်၏ နို့နံ့သည် လေမှာပြန့်နှံ့နေ၏။ အရှင်မ၏ ကိုယ်ရုံသင်္ကန်းမှ နို့ရည်များ စိမ့်ထွက်လာနေသည်ကို ကောသလမင်းကြီး မြင်လိုက်ရ၏။ မင်းကြီးသည် နေရာမှ ထလိုက်ပြီး ရင်သွေးငယ်၏ ဦးခေါင်းကို လက်နှင့် ခပ်ဖွဖွ ပုတ်ပေးနေသည့် အရှင်မထံသို့ သွားရောက်ကာ အရှင်မ၏ ရှေ့၌ ဒူးထောက်ထိုင် ချလိုက်ပြီး အရှင်မကို လျှောက်တင်၏။

“မိခင် အရှင်မြတ် . . . တပည့်တော် ကောသလမင်းပါ။ အရှင်မရဲ့ မြင့်မြတ်တဲ့ မိခင်ဘ၀ကို ဒူးထောက်ပြီး အရိုအသေ ပေးပါတယ်။ ကလေးကို ပေးပါ။ နို့ထိန်းတွေဆီ အပ်နှံပေးပါ့မယ်။ ကလေး အရွယ်ရောက်တဲ့အထိ နန်းတော်ထဲမှာ ကျွေးမွေးပြုစု စောင့်ရှောက်ထားပါ့မယ်။ သင့်တော်တဲ့ အချိန်ကျရင် အရှင်မရဲ့ ရင်သွေးကို အရှင်မဆီ ပြန်အပ်ပါ့မယ်။”

မိခင် အရှင်မသည် မည်သို့ တုံ့ပြန်ရမည်ကို အကြံဉာဏ် တောင်းသည့်အနေဖြင့် ဘုရားရှင်၏ မျက်နှာတော်ကို လှမ်း၍ ကြည့်လိုက်၏။

“အရှင်မ . . . ဆန္ဒရှိသလိုသာ ဆောင်ရွက်ပါ”ဟု ဘုရားရှင်က မိန့်တော်မူ၏။

အရှင်မသည် ကလေးငယ်ကို လက်နှစ်ဘက်နှင့် မချီလျက် မျက်လုံးစုံမှိတ်၍ ကလေးငယ်ကို မင်းကြီးဆီသို့ ထိုးပေးလိုက်၏။ အရှင်မ၏ မှိတ်ထားသော မျက်လုံးတို့မှ မျက်ရည်များ စီးကျနေသည်။ မင်းကြီးလည်း ကလေးငယ်ကို လက်နှစ်ဘက်နှင့် ခံယူ၍ ကလေးငယ်ကို သူ့ပခုံးပေါ်မှာ မှောက်၍ ချီလိုက်သည်။ ကလေးငယ်သည် မင်းကြီး၏ ပခုံးကို ပါးစပ်နှင့် စုပ်နေလေ၏။

* * * * * * * * * *

ထောင်ပေါင်းများစွာသော ဒကာဒကာမတို့သည် ဘုရားရှင် ဟောတော်မူသည့် တရားဒေသနာကို နာယူနေကြ၏။ တရားနာ ပရိသတ်ကြီး၏ နောက်ကျော တစ်နေရာ၌ ကိုယ်တုံးလုံး အမျိုးသမီး တစ်ယောက်သည် ခေါင်းကုတ်ရင်း ပရိသတ်ကို တွေတွေဝေေ၀ ငေးမောကြည့်နေ၏။ ပရိသတ်၏ ဟိုဘက်အစွန်မှ ချိုမြသော အသံတစ်ခု ထွက်ပေါ်လာရာ စိတ်ရောဂါသည် အမျိုးသမီး ပြူးပြူးပြာပြာ ဖြစ်သွား၏။ အမျိုးသမီးသည် မတ်တတ်ရပ်လိုက်ပြီး နားစွင့်ထောင်နေ၏။

“ပဋာစာရီ . . . ဒီကို လာပါ။ ဒီနေရာမှာ ဘာမှ ကြောက်လန့်စရာ မရှိပါဘူး။ ငါဟာ သင့်ရဲ့ အားကိုးမှီခိုရာပဲ . . .။”

ချိုကြည်အေးမြသည့် အသံမှာ သူ့ကိုခေါ်နေခြင်းဖြစ်ကြောင်း ပဋာစာရီ နားလည်လိုက်၏။

စိတ်ရောဂါသည် အမျိုးသမီး ပဋာစာရီ အသိဝင်လာပြီး သူ့အခြေအနေသူ သတိထားမိလိုက်၏။ သို့ဖြစ်၍ အရှက်ကို လက်နှစ်ဘက်နှင့် ဖုံးကွယ်ထားလိုက်၏။ ထိုအခိုက်အတန့်၌ ပရိသတ်ထဲမှ လူတစ်ယောက်သည် ပဋာစာရီကို လှည့်ကြည့်လိုက်၏။ တစ်ခြားလူများလည်း နောက်လှည့်ကြည့်ကြပြီး ပြန်၍ ခေါင်းငုံ့သွားကြ၏။

ပဋာစာရီသည် သူ၏ အ၀တ်မဲ့နေသည့် အောက်ပိုင်းခန္ဓာကို လက်နှစ်ဘက်နှင့် ဖုံးအုပ်ကာကွယ်ရင်း ဘုရားရှင်ထံသို့ တစ်လှမ်းချင်း ခပ်ကုပ်ကုပ် လျှောက်သွား၏။ ပရိသတ်ထဲမှ လူတစ်ယောက်က သူ၏ အပေါ်ရုံ အ၀တ်ပိုင်းကို ပဋာစာရီ၏ ထံသို့ ပစ်ပေါက်ပေးလိုက်ရာ ပဋာစာရီသည် ထိုအ၀တ်ပိုင်းကို ယူ၍ သူ့ခန္ဓာကိုယ် အောက်ပိုင်းကို ရစ်ပတ်ဝတ်ဆင်လိုက်ပြီး သူမ၏ ရင်သားအစုံကို လက်နှစ်ဘက်နှင့် ဖုံးကွယ်လိုက်၏။ နောက်ထပ် အ၀တ်ပိုင်းတစ်ခု သူ့ရှေ့မှာ ကျလာပြန်ရာ ကောက်ယူ၍ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းကို သိုင်းခြုံလိုက်၏။

“နှမ . . . သတိထားပါ။ ပုံမှန်အသိနဲ့ ငါ့ကို ကြည့်လိုက်စမ်းပါ။ သင့်ကို ငါ ကူကယ်မယ်။ သင့် သောကကို ငါ ဖြေလျှော့ပေးမယ်။”

စိတ်ရောဂါသည် အမျိုးသမီးသည် ဘုရားရှင်၏ မျက်နှာတော်ကို မျက်တောင်မခတ်ဘဲ စူးစူးစိုက်စိုက် ကြည့်နေ၏။ ထို့နောက် ဘုရားရှင်၏ ခြေတော်ရင်း၌ လှဲချလိုက်ပြီး စူစူးဝါးဝါး ငိုလေ၏။

“ရှင်တော်ဘုရား . . . တပည့်တော်မဟာ ဒီကမ္ဘာမှာ ကံအဆိုးဆုံး မိန်းမပါဘုရား။ တပည့်တော် တစ်ယောက်တည်းပဲ ရှိပါတော့တယ် ဘုရား။ လင်သားလည်း သေပါပြီ။ သားတွေလည်း ဆုံးပါပြီ။ မိဘတွေလည်း မရှိတော့ပါ ဘုရား။ အရှင်ဘုရား . . . တပည့်တော် အရူးမပါ ဘုရား . . .။”

“နှမ . . . သင် မရူးပါဘူး။ သင်ဟာ အိပ်မက်ဆိုးက နိုးထလာခဲ့သူပါ။ နှမ . . . အိပ်မက်ကောင်း မြင်မက်တာရော အိပ်မက်ဆိုး မြင်မက်တာပါ သင့်စိတ်ပါပဲ။ နှမ . . . သင် မက်ခဲ့တဲ့ အိပ်မက်ကို ပြောပြစမ်းပါ။”

“မြတ်စွာဘုရား . . . တပည့်တော် အိပ်မက်မက်ခဲ့တာ မဟုတ်ပါဘုရား။ တပည့်တော့်ဘ၀ ငါးနှစ်တာအတွင်းမှာ ရင်ဆိုင် ကြုံတွေ့ခဲ့ရတာတွေဟာ တကယ့် အဖြစ်အပျက်တွေပါ ဘုရား။ နှလုံးကွဲပြီး ရူးသွပ်ရလောက်အောင် ရက်ရက်စက်စက် ထိုးနှက်လိုက်တဲ့ အဖြစ်ဆိုး များစွာနဲ့ ကြုံခဲ့ရတာပါ ဘုရား။”

“နှမ . . .  အိပ်မက်ဆိုးမက်ရင် ဘေးတွေ့တတ်တယ်၊ ဒါပေမယ့် အိပ်မက်ကို သူတစ်ပါးဆီမှာ ပြောပြလိုက်ရင်တော့ လာမယ့်ဘေးတွေ ကျေပျောက်သွားတယ်လို့ ပြောဆိုယုံကြည်ကြတာကို ကြားဖူးတယ် မဟုတ်လား။ နှမ . . . ဘေးဆိုးတွေက လွတ်မြောက်နိုင်အောင် မက်ခဲ့တဲ့ အိပ်မက်ကို ပြောပြပါ။ မင့်အိပ်မက်ကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး ဘာဖြစ်လာမယ် ဆိုတာကို ငါ ပြောပြမယ်။”

“မြတ်စွာဘုရား . . . တပည့်တော်မ ကြုံခဲ့ရတာတွေက အိပ်မက်လားဘုရား . . .”ဟု ပဋာစာရီက တအံ့တသြ မေးလျှောက်၏။

“နှမ . . . ဘုရားရှင်တို့ဟာ စကားကို ပြောသင့်တဲ့ အချိန်ကျမှပဲ ပြောတာပါ။ မင့် အိပ်မက်ကိုသာ ပြောစမ်းပါ။”

“မှန်ပါ . . . တပည့်တော် မက်ခဲ့တဲ့ အိပ်မက်ကို လျှောက်ထားပါမယ် ဘုရား။ တပည့်တော်ရဲ့ ဖခင်ဟာ ကုဋေလေးဆယ် ကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက် ဖြစ်ပါတယ် ဘုရား။ တပည့်တော်မဟာ တစ်ဦးတည်းသော သမီးပါ ဘုရား။ တပည့်တော်မဟာ အိမ်မှာ ခိုင်းစေတဲ့ အစေခံတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ပါတယ် ဘုရား။ တပည့်တော်မကို သူဌေးသား တစ်ယောက်နဲ့ ပေးစားဖို့ စီစဉ်ကြတော့ တပည့်တော်တို့ ချစ်သူနှစ်ယောက် အိမ်ကနေ ထွက်ပြေးခဲ့ကြပါတယ် ဘုရား။ တပည့်တော်တို့ နှစ်ယောက် တောထဲမှာ တဲတစ်လုံးနဲ့ နေခဲ့ကြပါတယ် ဘုရား။ တပည့်တော်ရဲ့ ခင်ပွန်းက တောထဲမှာ ထင်းခုတ်ပြီး မြို့တက်ရောင်းပါတယ် ဘုရား။ သူက တပည့်တော်ကို ထင်းခုတ်ကျွေးခဲ့ပါတယ် ဘုရား။ အဲဒီလို နေလာခဲ့ကြရင်း တပည့်တော် ရွှေရုပ်လေးလို လှပတဲ့ သားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ် ဘုရား။ ဒုတိယ သားလေးကလည်း ချောချောလှလှလေးပါပဲ ဘုရား။ ဒုတိယသားလေး မွေးဖွားပြီးချိန်မှာ ကြမ္မာဆိုး ကျရောက်ခဲ့ပါတယ် ဘုရား။ တပည့်တော်ရဲ့ ခင်ပွန်း ပိုးထိပြီး တောထဲမှာပဲ အသက်ဆုံးသွားပါတယ် ဘုရား။ တပည့်တော် သူ့အလောင်းကိုတောင် မသင်္ဂြိုဟ်ခဲ့နိုင်ပါဘူး . . . သစ်ရွက်နဲ့ ဖုံးပြီး တောထဲမှာ ပစ်ထားခဲ့ရပါတယ် . . . ။ အဲဒီနောက် ကလေး နှစ်ယောက်ကို ပွေ့ချီပြီး မိဘတွေဆီ သွားခဲ့ပါတယ်။ သောကသည် တပည့်တော်မ ကြောက်ကြောက်ရွံ့ရွံ့နဲ့ တောလမ်းခရီး လျှောက်ခဲ့တာ အစိရ၀တီမြစ် ရောက်တဲ့အခါကျတော့ မြစ်ရေက ရင်စို့လောက်အထိ ရှိနေတာမို့ ကလေးနှစ်ယောက်လုံးကို ပွေ့ချီရင်း မြစ်ကို မကူးနိုင်လို့ သားကြီးကို တစ်ဘက်ကမ်းမှာ ထားခဲ့ပြီး သားငယ်နဲ့အတူ ကူးခဲ့ပါတယ် ဘုရား။ သားငယ်ကို တစ်ဘက်ကမ်းမှာ ထားခဲ့ပြီး သားကြီးဆီ ပြန်ကူးနေတုန်း စွန်တစ်ကောင်က သားငယ်ဆီ ထိုးချလိုက်ပြီး . . . . . . . . . .”

ပဋာစာရီသည် ဆက်မပြောနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုလေ၏။

“နှမ . . . မင့် အိပ်မက်ကို ဆက်ပြောပါ”ဟု ဘုရားရှင်က မိန့်တော်မူ၏။

“မြတ်စွာဘုရား . . . အိပ်မက် မဟုတ်ပါဘုရား။ တပည့်တော် ကလေးနှစ်ယောက်ရဲ့ မိခင် စစ်စစ်ပါ . . .။ ဒီ အဖြစ်ဆိုးကို ငါ ဘယ်လို ကြံ့ကြံ့ခိုင်နိုင်မှာလဲ ဒေ၀ါတို့ . . . ဗြဟ္မာတို့ . . .။ လင်ဆုံးပေမယ့် သားနှစ်ယောက် ရှိသေးတော့ ဖြေသာပါသေးရဲ့ . . . အို . . . သား . . . သားတို့ . . . ။”

အပူသည် ပဋာစာရီသည် သူ့ရှေ့မှာ ရှိတော်မူနေသည့် ဘုရားရှင်နှင့် တရားနာ ပရိသတ်ကို ခဏတာ မေ့သွား၏။ တရားနာ ပရိသတ်လည်း တုတ်တုတ်မျှ မလှုပ်ဘဲ ပဋာစာရီ၏ ဘ၀ဇာတ်လမ်းကို စိတ်ဝင်တစား နားထောင်နေကြ၏။

“နှမ . .  . ကလေးနှစ်ယောက်က တကယ်ပဲ သင့်သားတွေလား။”

“မြတ်စွာဘုရား . . . တပည့်တော်ရဲ့ အသွေး အသားက မွေးဖွားလာတဲ့ တပည့်တော်ရဲ့ ရင်သွေးတွေပါဘုရား။ သားအရင်းတွေ ဟုတ်ပါတယ် ဘုရား။ တပည့်တော်ရဲ့ မျက်လုံးအစုံပါပဲ ဘုရား”ဟု ပဋာစာရီက ငိုကြွေးရင်း လျှောက်ထား၏။

“ပဋာစာရီ . . . ကောင်းမြတ်ပါပေတယ်။ သူတို့ကို ပိုင်ဆိုင်တယ်လို့ ထင်မြင်ပြီး သူတို့ကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးတဲ့အတွက် စိုးရိမ်ပူဆွေးရတာပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြတဲ့ ကလေးတွေ အမြောက်အများ ရှိတာပဲ။ သူတို့က နှမရဲ့ သားသမီးတွေ မဟုတ်ကြတော့ မပူဆွေးရဘူးပေါ့။ ကလေးငယ်တွေ အမြောက်အများ သေဆုံးနေတဲ့ အထဲက သားနှစ်ယောက် အတွက်ပဲ သောကပွားနေရတာပဲ။ တကယ်တော့ ကလေးအားလုံးဟာ သူတို့ကံ သူတို့သက်တမ်း အလျှောက် ဘ၀တစ်ပါး ပြောင်းသွား ကွယ်လွန်ကြရတာပဲ။ တစ်ဝက်တစ်ပြက်နဲ့ ဆက်မပြောဘဲ ရပ်ထားတဲ့ ဘ၀ဇာတ်ကြောင်းကို ဆက်ပြောပါဦးလား”ဟု ကရုဏာတော်ရှင် မြတ်စွာဘုရားက မိန့်တော်မူ၏။

“မှန်ပါ ဆက်ပြီး လျှောက်ထားပါ့မယ် ဘုရား။ တပည့်တော် မြစ်လယ်ကောင် ရောက်နေတုန်း စွန်တစ်ကောင်က စူးစူးဝါးဝါး တစ်ချက် အော်လိုက်ပြီး တပည့်တော်ရဲ့ မျက်စိရှေ့မှာပဲ သားငယ်ကို သုတ်ချီသွားပါတယ် ဘုရား။ တပည့်တော် လိုက်ပြေးလို့ မရတာနဲ့ မြစ်ထဲကနေပဲ လက်ခုပ်တီးပြီး အော်ဟစ် ခြောက်လှန့်လိုက်ပါတယ် ဘုရား။ မြတ်စွာဘုရား . . . တစ်ခဏ အတွင်းမှာပဲ အဲဒီစွန် ပျောက်ကွယ်သွားပါတယ် ဘုရား။ တပည့်တော် ၀မ်းနည်းပက်လက် ငိုကြွေးရင်း ကမ်းပေါ်က သားကြီးကို လှမ်းကြည့်လိုက်တော့ သားကြီး မြစ်ထဲ ခုန်ချလိုက်တာကို တွေ့လိုက်ရပါတယ်ဘုရား။ တပည့်တော် လက်ခုပ်တီးပြီး စွန်ကိုခြောက်တော့ သားကြီးက သူ့ကို ခေါ်တယ်ထင်ပြီး တပည့်တော်ဆီ လာတာပါ . . .။ တပည့်တော် သားကြီးကို မမီလိုက်တော့ပါဘူး။ သားကြီး ဖြစ်ရေထဲ ပါသွားပါပြီ ဘုရား။ တပည့်တော် လင်လည်း ဆုံးခဲ့ပါပြီ။ သားနှစ်ယောက်လည်း ဆုံးခဲ့ပါပြီ . . .။ နောက်ဆုံး . . . ဖြေဆည်ရာရှာဖို့ မိဘနှစ်ပါးနဲ့ မောင်တစ်ယောက်ရှိတဲ့ သာဝတ္ထိကို ငိုကြွေးမြည်တမ်းရင်း သွားခဲ့ပါတယ် ဘုရား။ ဒါပေမယ့် သာဝတ္ထိရောက်တော့ အလောင်းသုံးလောင်း သင်္ဂြိုဟ်နေတာကိုပဲ တွေ့လိုက်ရပါတယ် ဘုရား။ တပည့်တော် မရောက်ခင် အရင်တစ်ရက်ကပဲ မိုးကြီးလေကြီး မုန်တိုင်းကြီးကျလို့ သုံးယောက်လုံး သေဆုံးခဲ့ကြပါတယ် ဘုရား။ အဲဒီအချိန်က စပြီး ဒီနေရာ မရောက်ခင်အထိ ဘာတွေ ဖြစ်ခဲ့မှန်း၊ ဘာတွေ လုပ်မိခဲ့မှန်း မသိတော့ပါ ဘုရား။”

“နှမ . . . အခုတော့ ပူဆွေးသောကကို ခံနိုင်ရည် ရှိလာပြီလား။”

“မှန်ပါ . . . ကျိတ်မှိတ်မျိုသိပ် ထားနိုင်ပါပြီ ဘုရား။ ဒါပေမယ့် တပည့်တော် အားကိုးစရာ မရှိပါ ဘုရား။ တပည့်တော် တစ်ယောက်တည်းပဲ ရှိပါတော့တယ် ဘုရား။”

“နှမ . . . စွဲယူပိုင်ဆိုင်ထားတာတွေ အားလုံးကို တစ်ပြိုက်နက်တည်း ခွဲခွာ စွန့်လွှတ်လိုက်ရလို့ ဖြစ်တာပါ။ အဲဒီလို စွန့်လွှတ်လိုက်ရရင် ခံနိုင်ရည် မရှိတတ်ကြဘူး။ တကယ်လို့ လင်နဲ့သားတွေ ရှိနေဦးမယ်ဆိုရင် မိဘတွေကို ခွဲခွာ စွန့်လွှတ်လိုက်ရလည်း ပူဆွေးသောကဟာ ဒီလောက် ဆိုးမှာ မဟုတ်ဘူး။ နောက်ဆုံး မျှော်လင့်ချက်အဖြစ် ကျန်ခဲ့တဲ့ မိဘနှစ်ပါးပါ မရှိတော့ဘဲ သူတို့အလောင်းကို သင်္ဂြိုဟ်ချိန်မှာ ဖြူစင်ခါသွားပြီလို့ ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်ပြီး ရူးခဲ့ရတာပေါ့။ နှမ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခဲ့တယ်၊ ကိုယ့်ကိုယ်ကို သနားခဲ့တယ် ဆိုတာကို သဘောပေါက်ရဲ့လား။ နှမ . . . ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ရူးအောင်လုပ်ရတာလဲ။ ဘာဖြစ်လို့ ကိုယ့်ဟာကိုယ် ဝေး၀ါးရှုပ်ထွေးအောင် လုပ်ရတာလဲ။ နှမရဲ့ လွတ်မြောက်မှုကို နှမပဲ ပိုင်ပါတယ်။ နှစ်မကို ငါ ကယ်တင်မယ်။ ဇေတ၀န်မှာရှိတဲ့ ဘိက္ခုနီကျောင်းကို သွားပြီး အဲဒီက ဘိက္ခုနီတွေကို ကြည့်လိုက်စမ်းပါ။ သူတို့လည်း နှမလိုပဲ။ ပြဿနာတွေ ရင်ဆိုင်ခဲ့ရတာပဲ။ နှိပ်စက်ဖိစီးမှုတွေ ကြုံခဲ့ရတာပဲ။ ကံဆိုးမိုးမှောင် ကျခဲ့ရတာပဲ။ သူတို့ ငါ့ဆီလာပြီး ရဟန်းပြုခဲ့ကြတာပဲ။ အခုတော့ သူတို့ဘ၀ တည်ငြိမ်အေးချမ်း နေကြတယ်။ ရောင့်ရဲနိုင်ကြတယ်။ ရိုးရိုးရှင်းရှင်း ရှင်သန်နေကြတယ်။”

ပဋာစာရီသည် ဘုရားရှင်၏ တရားတော်ကို နာယူရင်း ရူးသွပ်မှု ပြေပျောက်၍ ပုံမှန်လူကောင်းတစ်ယောက် ဖြစ်သွား၏။ လေးလေးနက်နက် တွေးခေါ်စဉ်းစားရင်း ဘိက္ခုနီကျောင်းဆီသို့ သူ လျှောက်နေ၏။ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးခဲ့ရပြီး ရူးသွပ်ခဲ့ရသူ ပဋာစာရီသည် ယခုအခါ မျှော်လင့်စရာ ရှိသွားပြီ ဖြစ်လေ၏။



:)
ရှင်အာစာရ

(ဆက်ရန် . . . . .)

-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment