Thursday, November 8, 2012

တရားမင်းသခင် - ၅၂။ သနားကရုဏာ



ကောသလမင်းကြီးသည် သုန္ဒရီ၏ သေဆုံးမှုကို စုံစမ်းရန် မှုးမတ်အမှုထမ်းတို့ကို အမိန့်ပေး၏။ သီတင်းတစ်ပတ် မပြည့်ခင်မှာပင် အမှုမှန်ကို မင်းကြီး သိလိုက်ရလေ၏။ မြို့တော်ရာဇဂြိုဟ်ရှိ သေတင်းကုတ် တစ်ခု၌ ရာဇ၀တ်သားတို့ မူးယစ်သောက်စားရင်း စကားများ နေကြစဉ် ၎င်းတို့ကို အမှုထမ်းတို့က ဖမ်းဆီးလိုက်နိုင်သည်။ သုန္ဒရီကို လုပ်ကြံရန် တိတ္တိတို့များနှင့် တိတ္တိသာဝကများက မည်၍မည်မျှ အခကြေးငွေ ပေးခဲ့ကြောင်း၊ ၎င်းတို့က သုန္ဒကို မည်သို့မည်ပုံ လုပ်ကြံခဲ့ကြကြောင်း မူးယစ်နေသည့် ခိုးသားဓားပြတို့ အရသာခံ၍ ပြောဆိုနေကြစဉ် အမှုထမ်းတို့က ၀င်ရောက်၍ ဖမ်းဆီးလိုက်ကြခြင်း ဖြစ်၏။ ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း ဖော်ထုတ်လိုက်သောအခါ လူတို့သည် ဘုရားရှင်ကို ပို၍ ချီးမွမ်းလာကြပြီး ဘုရားရှင်၏ ကျော်စောသတင်းလည်း ပို၍ ကြော်ကြားသွား၏။ တိတ္ထိတို့အတွက်ကား အခြေအနေ ဆိုးရွားသွား၏။ ရာဇဂြိုဟ်မြို့၌ တိတ္ထိတို့ လာဘ်လာဘ ဆိတ်သုဉ်းသွား၏။ ကောသလမင်းကရော ပြည်သူတွေကပါ ၎င်းတို့အပေါ် ၀ိုင်း၍ အမျက် ထွက်ကြသောကြောင်း ၎င်းတို့သည် ပုန်းလျှိုးကွယ်လျှိုး နေကြရလေ၏။

ကောသလမင်းကြီးသည် ဘုရားရှင်ကို နှစ်သက်သဘောကျသည် ဖြစ်၍ ဘုရားရှင်ကို ဖူးမြင်ရန် အနာထပိဏ် သူဌေးကြီးနှင့်အတူ ဇေတ၀န် ကျောင်းတော်သို့ သွား၏။ ထိုနေ့က ရာဇဂြိုဟ် ဘိက္ခုနီ ကျောင်းတိုက်မှ ရာပေါင်းများစွာသော ဘိက္ခုနီတို့လည်း ဇေတ၀န်ကျောင်း ရောက်နေကြ၏။

ထိုဘိက္ခုနီများထဲတွင် ရဟန္တာ အရှင်မ ပဇာပတိလည်း ပါဝင်၏။ အရှင်မသည် ပရိနိဗ္ဗာန် မပြုမီ ဘုရားရှင်ကို နောက်ဆုံး ဖူးတွေ့ရန် ရောက်ရှိနေခြင်း ဖြစ်၏။

ကောသလမင်းကြီးနှင့် အတူပါလာသည့် အနာထပိဏ် သူဌေးကြီးသည် ဘုရားရှင်ကို ရှိခိုးပြီးနောက် သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်၏။ မင်းကြီးကား ဘုရားရှင်ကို လေးစားသော်လည်း ရှိခိုးဦးချခြင်း မရှိပေ။ ဘုရားရှင်၏ အနီးအပါး၌ ရပ်လျက် သိမ်မွေ့သည့် လေသံဖြင့် ဘုရားရှင်ကို လျှောက်ထား၏။

“အရှင်ဘုရား . . . အရှင်ဘုရားကို မြင်လိုက်ရတဲ့သူဟာ ချက်ချင်း စိတ်အေးချမ်း သွားပါတယ်။ တပည့်တော် အရှင်ဘုရားကို မြင်လိုက်ရတော့ တိုင်းပြည်ကို မေ့သွားတာပဲ။ သားတော် မင်းသားလေးကိုပါ မေ့သွားတယ် . . .။ ဒါ ဘာဖြစ်လို့လဲ ဘုရား။ အရှင်ဘုရားရဲ့ မင်းသွေးပါတဲ့ အသွင်အပြင်ကြောင့်လား။ အရှင်ဘုရားရဲ့ ကရုဏာဂုဏ်ကြောင့်လား။”

“မင်းကြီး . . . မျက်နှာဆိုတာ စိတ်ရဲ့ ပုံရိပ်ပဲ။ စိတ်ဓာတ် မသန့်ရှင်းရင် မျက်နှာလည်း မသာယာဘူး။ စိတ်စင်ကြယ်ရင် မျက်နှာထားလည်း ကြည်လင်တယ်။ အဲဒီလို မျက်နှာကို ကြည့်ရတာ နှစ်သက်စရာ ကောင်းတာပေါ့။ မင်းကြီး . . . မင်းကြီးရဲ့ မျက်နှာဟာ ခန့်ငြားတယ်။ ဧကရာဇ်အသွင် ပေါ်နေတယ်။ အဲဒါဟာ မင်းမျိုးမင်းနွယ်မှာ မွေးဖွားခဲ့ရလို့ မဟုတ်ဘူး။ အကန့်အသတ် ကင်းမဲ့တဲ့ မင်းအာဏာကြောင့်ပဲ။ ကောသလ ထီးနန်းကို ဆုံးရှုံးလိုက်ရတယ်ဆိုရင် မင်းကြီးရဲ့ ဧကရာဇ် အသွင်အပြင်လည်း ကွယ်ပျောက်သွားလိမ့်မယ်။ မင်းကြီး . . . ငါဟာ တည်ငြိမ်အေးချမ်းတယ်။ ငါ့စိတ်ဟာ လွတ်လပ်ပေါ့ပါးနေတယ်။ ငါ့စိတ်ထဲမှာ နာကြည်းချက် မုန်းတီးချက်တွေ မရှိဘူး။ ဘာအနှောင့်အယှက် အရှုပ်အထွေးမှလည်း မရှိဘူး။ ငါ့စိတ်ထဲမှာ သတ္တ၀ါ အားလုံးကို သနားတဲ့ ကရုဏာတရား ရှိတယ်။ ဒါကြောင့် ငါ့ဆီ လာတဲ့သူတွေ အားလုံးက ငါ့ကို နှစ်သက်ကြတာပဲ။”

“အရှင်ဘုရား . . . အရှင်ဘုရားကို မလိုမုန်းထားသူတွေ၊ အမျက်ပွားသူတွေ အများကြီး ရှိတယ်ဆိုတာ တပည့်တော် သိပါတယ်။ ဒီမြို့ထဲက တိတ္ထိတွေဟာ အရှင်ဘုရားကို မုန်းတီးကြတာပဲ။ ကောသမ္ဗီမှာ သီတင်းသုံးခဲ့တုန်းက ရှင်ဒေ၀ဒတ်က အရှင်ဘုရားအပေါ် အမုန်းပွားခဲ့တယ် ဆိုတာလည်း တပည့်တော် သိပါတယ်။”

“ဒါပေမယ့် မင်းကြီး . . . ငါက သူတို့ကို မုန်းတာမှ မဟုတ်ဘဲ။ အဲဒီတော့ သူတို့ရဲ့ အမုန်းတွေ၊ သူတို့ရဲ့ ဒေါသတွေကြောင့် ငါ ဘာမှ မနင့်နာ မဆုံးရှုံးဘူးပေါ့။”

“အရှင်ဘုရား . . . ဒီဇမ္ဗူဒိပ်မှာ ဘာသာရေး ခေါင်းဆောင်တွေ အများကြီး ရှိပါတယ်။ သူတို့ အားလုံးကို တပည့်တော် တွေ့ဖူးပါတယ်။ ဥပမာ . . . ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ သဉ္စယဗေလဋ္ဌပုတ္တ၊ ပကုဓကစ္စာယန၊ အဇိတကေသကမ္ဗလ။ တပည့်တော်က မင်းဧကရာဇ် ဖြစ်နေတော့ သူတို့ တပည့်တော်ကို မြင်လိုက်တာနဲ့ နေရာက ထပြီး တပည့်တော်ကို တလေးတစား နေရာပေးကြတာပဲ။ တပည့်တော်ကို အဲဒီလို လေးစားမှု မပြတာဆိုလို့ အရှင်ဘုရားနဲ့ နာဋပုတ္တပဲ ရှိပါတယ်။ အရှင်ဘုရား . . . တပည့်တော်မှာ အားနည်းချက် အပြစ်တစ်ခုခု ရှိနေလို့ တပည့်တော်ကို အရိုအသေ မပေးတာလား။”

“မင်းကြီး ငါက သင့်ကို ဘယ်တုန်းက ဘယ်နေရာမှာ စော်ကားမော်ကား လုပ်ခဲ့ဖူးသလဲ။”

“မလုပ်ဖူးပါဘူး . . .။ မင်းဧကရာဇ်ဖြစ်တဲ့ တပည့်တော်ကို အရှင်ဘုရားက ဘာဖြစ်လို့ တလေးတစား မဆက်ဆံတာလဲ . . . စဉ်းစားမိလို့ပါ။”

“မင်းကြီး . . . သင့်အမှုထမ်းတွေ၊ သင့်ပြည်သူတွေက သင့်ကို ကြောက်ကြတယ်။ အဲဒါ ဘာဖြစ်လို့လဲ။”

“အရှင်ဘုရား . . . တပည့်တော်က အုပ်ချုပ်သူမို့ပေါ့။”

“သူတို့ထဲမှာ ဘယ်လိုလူတွေက သင့်ကို အကြောက်ဆုံးလဲ။”

“ပြစ်မှု ဥပဒေ ချိုးဖောက်သူတွေ၊ အမိုက်အမဲတွေ၊ လူမဆန်သူတွေ အကြောက်ဆုံးပေါ့ ဘုရား။ တပည်တော် မပြောနဲ့ တပည့်တော်ရဲ့ အမှုထမ်းတွေကိုတောင် တုန်နေအောင် ကြောက်ကြပါတယ်။ သူတို့က တပည့်တော်ကိုရော တပည့်တော်ရဲ့ အမှုထမ်းတွေကိုပါ အတတ်နိုင်ဆုံး ရှောင်ကြပါတယ်။”

“မင်းကြီး . . . ကိုယ့်ကျင့်ကောင်းတဲ့သူတွေ၊ အမှားအမှန် ခွဲခြားနာလည်ပြီး အသိဉာဏ်နဲ့ အသက်ရှင်သူတွေဟာ မင်းကြီးဆီ လာစရာ လိုသလား။”

“အဆိုးအသွမ်းတွေရဲ့ ကျူးလွန်စော်ကားမှုကို မခံကြရဘူး ဆိုရင်တော့ လူကောင်းတွေ တပည့်တော်ဆီ လာစရာ မလိုပါဘူး။ တပည့်တော်ဆီ လာရတယ် ဆိုရင်တော့ တပည့်တော့်ရှေ့မှာ ဒူးထောက် ခစားပြီး မျှမျှတတ အမှုစီရင်ပေးဖို့ လျှောက်ထားကြတာပေါ့။”

“မင်းကြီး . . . အခုလောက်ဆိုရင် ငါနဲ့ ငါရဲ့ လိမ္မာတဲ့ တပည့်တွေ သင့်ကို တလေးတစား ဆက်ဆံစရာ မလိုဘူးဆိုတာ သဘောပေါက်သင့်ပါပြီ။ ငါတို့ရဲ့ အပြု၊ အပြော၊ အတွေးတွေ စင်ကြယ်နေတာပဲ။ မကောင်းမှု ကျူးလွန်ဖို့ ငါတို့ အိပ်မက်တောင် မမက်ကြဘူး။ ဒီတော့ ဘယ်သူ့ဆီက မျှတတဲ့ တရားစီရင်မှုမှ မလိုဘူး။ ဘယ်ပေးသူတဲ့ အပြစ်ဒဏ်မှလည်း ခံယူစရာ မလိုဘူး။ ငါတို့က သတ္တ၀ါ အားလုံးကို ဥပေက္ခာနဲ့ ဆက်ဆံတယ်။ အဆင့်မခွဲဘူး။ ဘာသာဝါဒ မစွဲဘူး။ မင်းကြီးကိုကျမှ ခွဲခြားဆက်ဆံစရာ မလိုဘူး မဟုတ်လား။”

“သဘောပေါက်ပါပြီး ဘုရား။ ဒါပေမယ့် . . . အရှင်ဘုရားရဲ့ တပည့် ရှင်ဥဒါယီကတော့ တပည့်တော်ကိုပဲဖြစ်ဖြစ်၊ တပည့်တော်ရဲ့ အမတ်ကြီးတွေကိုပဲဖြစ်ဖြစ် မြင်လိုက်တာနဲ့ နေရာက ထပြီး ယဉ်ယဉ်ကျေးကျေး နေရာပေးတာပဲ။ ရှင်ဒါယီက တပည့်တော်ရဲ့ နန်းတော်ကိုလည်း လာတယ်။ သူက တပည့်တော်ရဲ့ မောင်းမမိဿံတွေကိုလည်း စိတ်ဝင်းစားတယ် ဘုရား။ မောင်းမမိဿံတွေကို တရားဟောခွင့်ရဖို့လည်း တပည့်တော်ဆီ ခွင့်တောင်ပါတယ် . . .။”

“မင်းကြီး . . . ဥဒါယီလို အမိုက်အမဲကို ငါ ဘုရားရှင် ကိုယ်တိုင်တောင်မှ ဆုံးမလို့ မရဘူး။ သူက ခေါင်းတုံးတုံးပြီး သင်္ကန်းဝတ်ထားပေမယ့် လူလိုနေတယ်။ သူ့ကို ငါ့ရဲ့ တပည့်သားလို့ ငါ မပြောဘူး။ မဟုတ်ဘူးလို့လည်း ငါ မပြောဘူး။ မင်းကြီးအနေနဲ့ သူ့ကို လူလို့မြင်ရင် လူလိုပဲ ဆက်ဆံပါ။ မင်းကြီး . . . ငါကတော့ သာရိပုတ္တရာ အပေါ်မှာ ကရုဏာ ထားသလိုပဲ ဥဒါယီ အပေါ်မှာလည်း ကရုဏာ ထားတယ်။ သူ ပြစ်မှုတွေ ခဏခဏ ကျူးလွန်လို့ ငါ သူ့ကို ခဏခဏ ဆုံးမနေတာပဲ။ မင်းကြီး . . . ဥဒါယီဟာ လူသားပါ။ လူဆိုတာ မှားတတ်ပါတယ်။ ဥဒါယီ ၀ိနည်း မလေးစားဘဲ ခေါင်းမာနေတဲ့ အကျင့်ဆိုးကို ငါ သနားတယ်။”

“သတ်ဖြတ်မှု၊ လမ်းခရီးမှာ လုယက်မှု ကျူးလွန်သူ အန္တရာယ်ကောင်တွေကိုလည်း အရှင်ဘုရားက သနားတာပဲလား။”

“ဟုတ်တယ် မင်းကြီး . . .။ ကိလေသာ ကင်းစင်ပြီး တည်ငြိမ်အေးချမ်းတဲ့ ဘုရား ရဟန္တာတို့က လွဲရင် အားလုံးဟာ ပတ်ဝန်းကျင်ရဲ့ သားကောင်တွေပဲ။ ကိလေသာ မကင်းလို့ မိုက်မဲကြပေမယ့် အားလုံးဟာ သူတော်ကောင်း ဖြစ်လာနိုင်တာပဲ။ အဇ္ဈတ္တမှာ ကိန်းအောင်းနေတဲ့ ကိလေသာတွေကြောင့် မကောင်းမှု ပြုကြသူတွေကို ငါ သနားကရုဏာထားတယ်။ မင်းကြီး . . . ငါ သူတို့ကို လမ်းမှန် ညွှန်ပြတယ်။ ငါ့တရားကို နာယူပြီး သူတော်ကောင်း ဖြစ်လာသူတွေ အများကြီး ရှိတာပဲ။ တစ်ချို့ဆိုရင် ကိလေသာ ကင်းဝေးပြီး နိဗ္ဗာန်ကိုတောင် ပျက်မှောက်ပြုသွားကြတယ်။ တစ်ချို့ကျတော့လည်း ငါ့တရားကို နာယူနေတုန်းမှာပဲ ငါ့တရားတွေ သူတို့ ညာဘက်နားက၀င်ပြီး ဘယ်ဘက်နားက ထွက်သွားတာပဲ။”

“အရှင်ဘုရား . . . အရှင်ဘုရားရဲ့ တရားတော်ဟာ တပည့်တော်ရဲ့ တိုင်းပြည်အုပ်ချုပ်ရေး လုပ်ငန်းတွေအတွက် ကြီးမားတဲ့ အထောက်အကူပဲ ဖြစ်ပါတယ် ဘုရား။ တပည့်တော် တွေ့ဖူးသမျှ လူသားတွေထဲမှာ အရှင်ဘုရားဟာ အကြီးမြတ်ဆုံးပါပဲ ဘုရား။ အရှင်ဘုရားကို တပည့်တော် ရှိခိုးပါတယ် . . .။ တပည့်တော် တွေ့ဖူးသမျှ အကြီးမြတ်ဆုံး ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်အဖြစ်နဲ့ သိမှတ်ပြီး ရှိခိုးပါတယ် ဘုရား . . .။”

ကောလသလ မင်းကြီးသည် ပြောပြောဆိုဆိုနှင့် ဘုရားရှင်၏ ရှေ့တော်မှောက်၌ ဒူးထောက် ထိုင်ချလိုက်၏။ ရှေ့တော်မှောက်၌ စိတ်ကို စုစည်းလျက် ငြိမ်သက်စွာ ထိုင်နေရင်း ဆက်လက် လျှောက်ထား၏။

“မြတ်စွာဘုရား . . . တပည့်တော် အရှင်ဘုရားကို သဘောကျလှပါတယ် ဘုရား။ တပည့်တော် တရားနာပါရစေ ဘုရား။ တပည့်တော်ရဲ့ ပြည်သူတွေကို လိမ္မာအောင် ဆုံးမတော်မူပါ ဘုရား။ အရှင်ဘုရား တပည့်တော်ရဲ့ တိုင်းပြည်အတွက် မင်္ဂလာတစ်ပါးပါပဲ ဘုရား။ ကုသိုလ်လည်း မရှိ အကုသိုလ်လည်း မရှိ၊ မှန်တာလည်း မရှိ မှားတာလည်း မရှိ၊ နို့ချိုတိုက်ကျွေးတဲ့ မိခင်ရဲ့ သားမြတ်ကို သံချွန်နဲ့ ထိုးဆွနှိပ်စက်ရင်တောင်မှ အကုသိုလ် မဟုတ်ဘူး အပြစ်မရှိဘူးလို့ ဟောပြောပြီး လူတွေကို ဖျက်ဆီးတဲ့ ရွံစရာ တိတ္ထိဆရာကြီးတွေကို တပည့်တော် နှင်ထုတ်ပါမယ် ဘုရား။ တပည့်တော်ရဲ့ တိုင်းပြည်အတွင်းမှာ အရှင်ဘုရားရဲ့ အဆုံးအမတွေ ဖြန့်ဝေဖို့အတွက် အချိန်မရွေး နေရာမရွေး ကြွတော်မူပါ ဘုရား။ တပည့်တော် မင်းအာဏာနဲ့ ထောက်ပံ့ပါမယ် ဘုရား။ အရှင်ဘုရားနဲ့ အရှင်ဘုရားရဲ့ အရိယာ သံဃာတော်တွေကိုလည်း တပည့်တော် လိုအပ်သမျှ ပရိက္ခရာတွေ ထောက်ပံ့ပါ့မယ် ဘုရား။ အရှင်ဘုရားကို တပည့်တော် လုပ်ကျွေးသမှု ပြုပါ့မယ် ဘုရား။ တပည့်တော်ရဲ့ တိုင်းပြည်ထဲမှာ အရှင်ဘုရား ဆန္ဒရှိသလောက် နေတော်မူပါ ဘုရား . . .။”

“မင်းကြီး . . . တိတ္ထိဆရာကြီးတွေကို နှင်မထုတ်ပါနဲ့။ ကွဲပြားတဲ့ အယူအမြင်တွေ ဆန့်ကျင်ကြပါစေ။ ဘယ်အယူဝါဒကိုမှ ဥပဒေနဲ့ မဖိနှိပ်ပါနဲ့။ အယူအမြင် မျိုးစုံကို ပြည်သူတွေ နားထောင်ကြပါစေ။ ကောင်းမြတ်ပြီး အကျိုးရှိတဲ့ အယူဝါဒကို ပြည်သူတွေ လက်ခံကြပါလိမ့်မယ်။ သက်ရှိသက်မဲ့ အရာအားလုံးကို အဏုမြူတွေနဲ့ ဖွဲ့စည်းထားတာလို့ ပူရဏကဿပ ဟောပြောတယ်။ တစ်ဦးတစ်ယောက်ကို သတ်ဖြတ်လိုက်တဲ့ အခါမှာ အဏုမြူတွေ ပြန်ကျဲ ပြိုကွဲသွားတယ်၊ စကြ၀ဠာထဲ အဏုမြူတွေ ပေါင်းဝင်သွားတယ်လို့ ဟောပြောတယ်။ ဒါကြောင့် သတ်ဖြတ်ခြင်းဟာ အပြစ်မရှိဘူးလို့ ဟောပြောတယ်။ သူက ယုတ္တိဗေဒကို လက်နက်လို အသုံးချပြီး လူ့ဂုဏ်လူ့သီလကို လျှော့ချပစ်တယ်။ ပူရဏကဿပဟာ တက္က၀ါဒီ တွေးခေါ်ပညာရှင်ကြီး တစ်ယောက်အဖြစ် ကျော်ကြားချင်သူပဲ။ မင်းကြီး . . . သူ့ပန်းတိုင်ကို မပိတ်ပင်ပါနဲ့။ သူ့တရားကို နာယူခဲ့သူ ဘယ်သူမှ မွေးမိခင်ရဲ့ သားမြတ်ကို သံချွန်နဲ့ထိုးပြီး မသတ်ပါဘူး။ အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲတွေ ခံစားနေရတဲ့ ကမ္ဘာကြီးအတွက် သူအတွေးအခေါ်တွေဟာ အသုံးမ၀င်ဘူး ဆိုတာကို လူတွေ နားလည်လာပါလိမ့်မယ်။ ရောဂါဝေဒနာ ခံစားနေရသူဟာ ဆေ၀ါး လိုအပ်ပါတယ်။ ရောဂါဖြစ်ခြင်း အကြောင်းရင်းကို သိတဲ့ ဗဟုသုတက လူနာအတွက် အရေးမကြီးတော့ပါဘူး။ မင်းကြီး . . . ငါ့ တရားတော်ကို နှစ်သက်ပြီး တရားတော်အတိုင်း ကျင့်သုံးတာက တစ်ခြားဖြစ်ပြီး တရားတော်ကို ထောက်ပံ့တာက တစ်ခြားဖြစ်ပါတယ်။ တကယ်တော့ ငါ့တရားတော်ဟာ အထောက်အပံ့ မလိုပါဘူး။ မထောက်ပံ့ပါနဲ့။ မင်းကြီးက ထောက်ပံ့နေရင် လူတွေဟာ တရားတော်ကို နားလည်ဖို့ ကြိုးစား အားထုတ်ကြတော့မှာ မဟုတ်ဘူး။ ဖိအားတွေ ပါလာမယ်။ လွတ်လွတ်လပ်လပ် ရွေးခြယ်ခွင့်လည်း ရှိတော့မှာ မဟုတ်ဘူး။ ငါ့တရားတော်က လူတွေကိုယ်တိုင် လေ့လာပြီး နှစ်သက်ရင် လက်ခံကျင့်သုံးဖို့ ဖြစ်တယ်။”

ထိုသို့ ဘုရားရှင် မိန့်တော်မူနေစဉ် ကျောင်းအတွင်းက ကလေးငိုသံကို ကြားလိုက်ရ၏။ ဘုရားရှင်၏ ထံတော်ပါး၌ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသည့် မင်းကြီးရော သူဌေးကြီးပါ ကလေးငိုသံကို ပြတ်ပြတ်သားသား ကြားလိုက်ကြရ၏။

“မင်းကြီး . . . ဘိက္ခုနီတွေ နေတဲ့ဘက်က လာတဲ့ ကလေငိုသံအကြောင်း စဉ်းစာနေတာ မဟုတ်လား။”

“မှန်ပါဘုရား။ အံ့သြလို့ စဉ်းစားနေတာပါ ဘုရား။ ကလေးငိုသံ ကြားနေရတုန်းပဲ ဘုရား။”

“အဲဒါ ကဿပဘိက္ခုနီရဲ့ ကလေး ငိုတဲ့ အသံပဲ။”

မင်းကြီးရော သူဌေးကြီးပါ ဘုရားရှင်၏ မိန့်ကြားချက်ကို သံသယ ဖြစ်နေကြဟန် တူ၏။ ဘုရားရှင်ကို ဘာမှ ပြန်လည်လျှောက်ထားခြင်း မရှိဘဲ တိတ်ဆိတ်နေကြ၏။

“မင်းကြီး . . . အံ့သြနေတာလား။ ဘိက္ခုနီမက ကိုယ်ဝန်ဆောင်မှာ မဟုတ်ဘူးလို့ တွေးမိလို့လား။ ကိုယ်ဝန် ဘယ်လိုရလာသလဲ စဉ်းစားနေတာလား။”

“မြတ်စွာဘုရား . . . အရှင်ဘုရားရဲ့ တပည့်သာဝက ရဟန်းတွေ ရဟန်းမတွေဟာ မေထုနသံဝါသစိတ် မရှိကြဘူး၊ မေထုန်အကျင့်လည်း မကျင့်ကြဘူးလို့ တပည့်တော် ကြားဖူးတာပါ။ အခုကိစ္စ ဘယ်လို ဖြစ်သွားတာလဲ ဘုရား။”

“မင်းကြီး . . . အကြောင်းတရား မရှိဘဲ အကျိုးတရား ဖြစ်မလာနိုင်ဘူး။ ယောက်ျားတစ်ယောက်နဲ့ ဆက်ဆံခဲ့လို့ ကိုယ်ဝန်ရတာပေါ့။ သူ ဘိက္ခုနီ မ၀တ်ခင်က ဖြစ်ခဲ့တဲ့ ကိစ္စပါ။ ဘိက္ခုနီ ၀တ်နေရင်း ကိုယ်ဝန်ရင့်လာပြီး အချိန်တန်တော့ သားဖွားတာပေါ့။ သူ့ခန္ဓာလည်း လူ့ခန္ဓာပဲဆိုတော့ သူ့သားမြတ်တွေ နို့ထွက်တာပေါ့။ သူ့ကလေးကို သူ့ဟာသူပဲ နို့တိုက်တယ်။ မင်းကြီး . . . မောဟဖုံးတဲ့ လူသားတွေဟာ ဒီလို ကိစ္စတွေကို အထင်အမြင် လွဲတတ်ကြတယ်။ ဒါကြောင့် ကနဦးတုန်းက ဘိက္ခုနီသာသနာ ခွင့်ပြုဖို့ ငါ တုံ့ဆိုင်းခဲ့တာပဲ။

ဒါပေမယ့် မင်းကြီး . . . သားငယ်ကို ရင်မှာပိုက်ပြီး ဇေတ၀န်ကျောင်းထဲ ၀င်လာတဲ့ ကဿပဘိက္ခုနီကို မြင်တော့ ငါ ကရုဏာသက်မိတယ်။ သူ့ကို ဒေ၀ဒတ်က ချိုးချိုးဖဲ့ဖဲ့ နှိမ့်ချကဲ့ရဲ့တယ်။ သူ ရာဇဂြိုဟ်မြို့ထဲ ဆွမ်းခံကြွတော့ အဖြစ်မှန် မသိတဲ့ လူတွေကလည်း သူ့ကို ကဲ့ရဲ့ကြတယ်။ ဆွမ်းမလောင်းကြဘူး။ အယုတ်တမာ စကားလုံးတွေနဲ့ ဆဲရေးတိုင်းထွာကြတယ်။ လမ်းသွားလမ်းလာတွေကလည်း သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်ကြတယ်။ သနားကရုဏာ ပွားသင့်တာ ဖြစ်ပေမယ့် . . . မလေးမစားနဲ့ အထင်သေး နှိမ့်ချခြင်းတွေပဲ သူ ရရှိခဲ့တယ်။”

“မြတ်စွာဘုရား . . . တပည့်တော် စိတ်အေးသွားပါပြီ ဘုရား။ အရှင်မကိုရော သူ့ရင်သွေးကိုပါ တပည့်တော် သနားမိပါတယ် ဘုရား။ သားအမိ နှစ်ယောက်လုံးကို တပည့်တော် တွေ့ပါရစေ ဘုရား . . .။”

“မင်းကြီး . . . အခုပဲ သူတို့ သားအမိကို ငါ ခေါ်လိုက်မယ်။”



(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment