Monday, September 6, 2010

iFish Story

ငါငါးပုံပြင်

တစ်ခါသော် အိုင်ကြီးကြီး၌ ကျင်လည်ခဲ့သည့် ငါးတစ်ကောင်နှင့် အိုင်သေးသေး၌ ကျင်လည်ခဲ့သည့် ငါးတစ်ကောင်တို့ ငါးစိမ်းသည်တစ်ယောက် ဈေးခင်းရောင်းချနေသည့် ငါးဇလုံကြီးတစ်ခု၌ အတူတကွ ဆုံမိကြလေ၏။

ပထမငါးသည် အိုင်ကြီးကြီး၌ ကျင်လည်ခဲ့ရသော သူ၏ ရွှေရောင်လွှမ်းသည့် အတိတ်နေ့ရက်များက သူ၏ ဇလုံတွင်းစံ ပုံသွင်းခံ ပစ္စုပ္ပန် ဘ၀ကို ဂုဏ်တင့်စေနိုင်သည်ဟု အထင်ရှိနေ၏။ သူကျင်လည်ခဲ့ရာ အိုင်ကြီးက ကြီးလွန်း၍ ကိုယ်ခန္ဓာ နှင့် ခွန်အားဗလ သူ့ထက် ကြီးမားသော ငါးများ၊ သူနှင့် ဆိုက်တူဂိုက်တူ အရွယ်အစားတူ ငါးများအကြား မထင်မရှား နေခဲ့ရသည့် နုံချာချာ သူ့ဖြစ်အင်ကိုကား အတတ်နိုင်ဆုံး ဖုံးဖိထား၏။ သူ့အကြောင်းသူ ပြောခွင့်ရတိုင်း သူ့ဘ၀၏ ကြီးမားသော ကျောထောက်နောက်ခံကို ပုံဖော်သည့် အနေဖြင့် သူကျင်လည်ခဲ့ရာ အိုင်ကြီး၏ ခမ်းနားထည်ဝါပုံ ပြည့်စုံကြွယ်ဝပုံ တို့ကိုသာ ဂုဏ်ယူဝင့်ကြွားစွာ လှစ်ဟလေ့ရှိသည်။

ဒုတိယငါးသည်လည်း အလားတူ ထင်တစ်လုံးနှင့်ပင် ဖြစ်၏။ သူကျင်လည်ခဲ့ရသော အိုင်ငယ်လေး၏ မဖြစ်ညစ်ကျယ် အခြေအနေကို ရောင်၍ပင် ဟမိသည် မရှိ။ ရေငုံနှုတ်ပိတ် နေ၏။ သူ့အကြောင်းသူ ပြောခွင့်ရတိုင်း သူကျင်လည်ခဲ့ရာ အိုင်လေးအတွင်း၌ သူ မည်သို့မည်ပုံ ငါးတွင်ကျယ် ဖြစ်ခဲ့ပုံ၊ အနူတော လူချောဖြစ်ခဲ့ပုံတို့ကို နားဆင်သူ စိတ်ထဲ၌ သူ၏ မဖြစ်ညစ်ကျယ် အတိတ်နေ့ရက်များ ရွှေရောင်တဖိတ်ဖိတ်နှင့် လင်းလင်းလက်လက် ခမ်းနားလာအောင် ဂုဏ်ယူဝင့်ကြွားစွာ လှစ်ဟလေ့ရှိသည်။

တစ်ခုသော နေ့တစ်နေ့ဝယ် အဆိုပါ ငါးနှစ်ကောင်တို့ စကားလက်ဆုံ ကျမိကြရင်း မည်သူက အလုံးအဖန် ပိုကြီးကြောင်း၊ မည်သူက အလေးချိန် ပိုစီးကြောင်း စကားနိုင်လု အငြင်းပွား ကြလေ၏။ စကားစစ်ထိုးခန်းမှာ တစ်စတစ်စ အရှိန်ရလာပြီး ကာယကံမြောက် ထိပါးကြသည်ထိ ဖြစ်လာ၏။ ငါးဇလုံတစ်ခုလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ ပလုံပလွမ်သံများ ပွက်လောရိုက်လေ၏။

နှစ်ဘက်ငါးတို့ အထင်ကိုယ်စီဖြင့် ငြင်းခုံကြပြီး ကာယိနြေ္ဒ မဲ့သည်ထိ ဖြစ်နေကြသော်လည်း ၄င်းတို့၏ အလုံးအဖန် နှင့် အလေးချိန်တို့မှာ အတူတူသာ ဖြစ်ပေ၏။ ထိုသို့တူညီစေသော ထင်ရှားသည့် အကြောင်းရင်းတစ်ခုမှာ ၎င်းတို့သည် အမြွာညီအစ်ကိုများ ဖြစ်ကြလေ၏။ ၎င်းတို့ မွေးဖွားပြီး မကြာမြင့်မီ ရေစီးသင့်ရာ မျောပါကြရင်း တစ်အိုင်စီမှာ ရှင်သန် ကြီးပြင်းခဲ့ကြရခြင်း ဖြစ်၏။ ၎င်းတို့၏ အလုံးအဖန်နှင့် အလေးချိန်သာမက ၎င်းတို့၏ အတ္တအထူအပါးလည်း တူညီကြသည်။ ၎င်းတို့၏ မာနထုထည်လည်း တစ်သားတည်းပင်။ ၎င်းတို့၏ ရုပ်ခန္ဓာဖြစ်တည်မှုသာမက နာမ်ခန္ဓာ ဖွဲ့တည်မှုများပါ  တိုက်ဆိုင်လွန်းစွာ ထပ်တူကျလျက် ရှိနေ၏။ ၎င်းတို့ကို နှစ်လွှာတစ်ရွက် ပြုလုပ်နိုင်မည်ဆိုလျှင် ထိုတစ်ရွက်သည် ခေါက်ချိုးညီပေလိမ့်မည်။

ညနေခင်း တစ်ခု၌ နောက်ဆုံးဟု ယူဆရသော တူညီမှုတစ်ခု ၎င်းတို့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့၏။ ထိုနေ့ ညနေ တောင်စွယ်နေမကွယ်မီ ၎င်းတို့ကို စာသုံးသူတစ်ဦး လာရောက်ဝယ်ယူသွားလေ၏။ စားသုံးသူ၏ ဈေးခြင်းထဲအထိ ရန်မီး မငြိမ်းနိုင်ကြသေးသော ငါးနှစ်ကောင်တို့သည် အချင်းချင်း မျက်မာန်စောင်တင်းလျက် ရှိကြလေ သတည်း။


Lesson သင်္ခန်းစာ

Big fish in a small pond

Meaning: People who are important but only within their limited circle of influence.

Origin: The converse phrase is of course 'small fish in a big pond'. The phrases are often used to convey the degree of ambition a person holds. There are fewer 'big fish' and they have kudos and power locally. Those with wider ambitions swim amongst the more numerous but relatively less influential 'small fish'. The implication behind labelling someone 'a big fish in a small pond' is that he/she is content to stay in that position whereas the 'small fish' have the chance to become 'big fish in a big pond'.

The phrase is American and the earliest reference I can find to it is in The Galveston Daily News, June 1881: "They [local vested interests in Galveston] are big fish in a small pond.

Source: http://www.phrases.org.uk/meanings/big-fish-in-a-small-pond.html

1 comment:

  1. "A small fish in a big pond is better than a big fish in a small pond"
    So, I decided to migrate....and also how those laymen??

    ReplyDelete