Wednesday, March 30, 2016

သာသနာအတွက်ပါ

"အစိုးရသစ် တက်လာပြီဆိုတော့ . . . ဘုန်းဘုန်းအနေနဲ့ . . . သမ္မတကြီး ဦးထင်ကျော်ကို ဘုန်းဘုန်းပြောချင်တဲ့ စကားတစ်ခွန်း . . . ဘုန်းဘုန်းရဲ့ ဆန္ဒကို ပြောပါဆိုရင် . . . ဘာပြောမလဲ။ ဘာကို တောင်းဆိုချင်ပါသလဲ။ အမိန့်ရှိပါ ဘုရား။"

"ကျုပ်အတွက်ကတော့ ခေါင်းတုံးတစ်လုံး ရှိနေတာ . . . ပြည့်စုံပါပြီ။ သာသနာအတွက် ဖြစ်စေချင်တာတော့ ရှိတယ်။ မြန်မာတစ်နိုင်လုံးမှာ ဝိသုံဂါမသိမ်တွေ ပေးစေချင်တယ်။"

"အဲ့ဒါကို သမ္မတကြီးက ပေးလို့ရပါသလား ဘုရား?"

"သိပ်ရတာပေါ့။ ဝိသုံဂါမသိမ်ဆိုတာ သီးခြားရွာလို့ အဓိပ္ပာယ်ရတယ်။ ပေးတယ် ဆိုပေမယ့် . . . အစိုးရ အနေနဲ့ ဘာမှ ထွေထွေထူးထူး ပေးလိုက်ရတာ မဟုတ်ဘူး။ ရှိပြီးသား ဘုန်ကြီးကျောင်းမြေထဲက တစ်နေရာရာမှာ ပေနှစ်ဆယ်/ပေသုံးဆယ်/ပေ လေးငါးဆယ် . . . အကျယ်ပမာဏ တစ်ခုခုပေါ့။ အဲ့ဒီလို ဧရိယာလေး တစ်ခုကို သိမ်အဖြစ် အသုံးပြုဖို့ သီးခြားရွာတစ်ရွာလို့ သတ်မှတ်ပေးလိုက်တာ။ ရုံးလုပ်ထုံးလုပ်နည်းနဲ့ လျှောက်လွှာတင်၊ ခွင့်ပြု။ ဒါပဲ။ အရင် အစိုးရ အဆက်ဆက် ပေးထားတဲ့ ဝိသုံဂါမသိမ်တွေ ရှိပါတယ်။ အရင်ကတော့ ပေးခဲတယ်။ ဘာလို့လဲဆိုတော့ . . . အဓိကကတော့ ပုဒ်မလေး ပေးမှလုပ်ဆိုတဲ့ စနစ်ကြောင့်ပဲ။ သက်ဆိုင်ရာ အရာရှိတွေက . . . မပေးချင်တာက . . . ပိုက်ဆံမရလို့။ ပေးလိုက်ရင် အစိုးရက . . . အဲ့ဒီမြေကွက်လေးကို မပိုင်တော့ဘူး၊ ဘာမှ လုပ်မရတော့ဘူး . . . ဒါ့ကြောင့် မပေးတာ ဘာညာနဲ့ ဆင်ခြေပေးကြတယ်။ တကယ်က ငွေမရလို့ လုပ်မပေးတာ။ ရောယောင်ပြီး တတ်ယောင်ကား ဆရာကြီး လေသံနဲ့ ဖိန့်တာတွေလည်း ပါမယ်။ အမှန်က ပေးပြီးသားလည်း အစိုးရက ပြန်သိမ်းရင် ရတာပဲ။ အဲ့ဒီမြေကို အသုံးကျရင် ပြန်ယူပေါ့။ ရိုးရိုးပဲ စဉ်းစားကြည့် ဘုန်းကြီးကျောင်းထဲက မြေကွက်လေး . . . အစိုးရက ဘာလုပ်လို့ ရမှာလဲ။ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ . . . အစိုးရက ပြန်ယူဖို့ လိုအပ်ရင် ပြန်ယူကောင်းတယ်။ အဲ့ဒီတော့ အစိုးရအတွက် ဘာမှ ဆုံးရှုံးစရာ မရှိတဲ့ . . . ဘုန်းကြီးကျောင်းထဲက မြေကွက်လေးကို ဝိသုံဂါမသိမ်အဖြစ် သတ်မှတ် ပေးလိုက်စေချင်တယ်။ သာသနာတော်အတွက် သိပ်ပြီးတော့ တန်ဖိုးရှိတယ်။"

"သီးခြာရွာ မဟုတ်တဲ့ ရိုးရိုးသိမ်တွေ . . . အခုရှိနေတဲ့ သိမ်တွေက တန်ဖိုး မရှိဘူးလား ဘုရား။"

"ဝိသုံဂါမသိမ်က ပိုကောင်းတယ်။ ပိုသေချာတယ်။ အခုခေတ် သိမ်တွေ . . ဝိနည်းအလေးထားတဲ့ စာတတ်ပေတတ် ဆရာတော်တွေကို မေးကြည့်ပါ။ အခုခေတ် သိမ်တွေမှာ သံသယ ဖြစ်စရာတွေ များတယ်။ သိမ် အောင်မှ အောင်ရဲ့လား . . . သံသယပေါ့။ ဝိနယကုက္ကုစ္စလို့ ခေါ်တယ်။"

"မှန်ပါ ဘုရား။"

ဒီကိစ္စမှာ သမ္မတကြီးတင် မကဘူး။ သာသနာစောင့်ရှောက်သူ . . . ဘာဘာညာညာ . . .။ သူတို့ကိုပါ တောင်းဆိုရမယ်။ ဒီကိစ္စအတွက် လှုပ်ရှားကြပါ။ မျိုးစောင့်ဥပဒေအတွက် လှုပ်ရှားရတာလောက် မခက်ပါဘူး။ ဒါပေမယ့် . . . သာသနာအတွက်ကျတော့ အကျိုးကျေးဇူး ပိုကြီးတယ်။ ဒီကိစ္စအတွက်နဲ့ လူ့အခွင့်အရေးလည်း ထိခိုက်စရာ မရှိဘူး။ ဘယ်ဘာသာကိုမှ တိုက်ခိုက်တာလည်း မဟုတ်ဘူး။ ရွေးကောက်ပွဲ မတိုင်ခင်က မိုးပွင့်စီမံချက်ဆိုလား ကြားလိုက်တယ်။ အဲ့ဒီလို စီမံချက်နဲ့ . . . တစ်နိုင်ငံလုံးမှာ . . . ဝိသုံဂါမသိမ်တွေ ဖြစ်လာအောင် လှုပ်ရှားစေချင်တယ်။ အစိုးရဘက်ကလည်း ဖြည့်ဆည်းပေးစေချင်တယ်။ အဲ့ဒါပဲ ဖြစ်စေချင်ပါတယ်။ သာသနာအတွက်ပါ။"


:)
ရှင်အာစရ
(ခေတ္တ မန္တလေး)

No comments:

Post a Comment