Saturday, March 26, 2016

အာဂုံ၊ ဘာသာစကား နှင့် တရားအနှစ်

မြန်မာ့ပညာရေး အဆင့်မြှင့်၍ ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိနေကြပုံကို ကြားနေကျဖြစ်သည်။ ရဟန်းတော်များ၏ ပရိယတ္တိပညာရေးကိုလည်း ပြောင်းလဲလိုသည့် အရှင်များ ရှိကြသည်။ ယခုအခါ လူတို့၏ ပညာရေး တိုးတက်ပြောင်းလဲတော့မည်ဟု ယုံကြည်မျှော်လင့်နိုင်ကြသည့်တိုင် ရဟန်းတော်များ၏ ပရိယတ္တိပညာရေး ပြောင်းလဲရန်မှာ မလွယ်လှသေးဟု ထင်မိသည်။ ပြောင်းလဲပိုင်ခွင့် ရှိကြသည့် ထိပ်ပိုင်းဆရာတော် အများစုက အဟောင်းကိုသာ နှစ်သက်ကြသောကြောင့်ဖြစ်သည်။

ပရိယတ္တိပညာရေး မည်သို့မည်ပုံ ပြောင်းလဲသင့်သည်ဟု အကျယ်တ၀င့် ရှင်းလင်းတင်ပြနိုင်စွမ်း မရှိသော်လည်း ပြောင်းလဲသင့်သည့် ယေဘုယျသဘောကိုကား မြင်မိပါသည်။

လူ့ပညာရေး၌ “အလွတ်ကျက်၊ အလွတ်ဖြေ” ဟူသော အသုံးမကျမှုကို ရှုတ်ချသံများ ကြားနေရသည်။ ရဟန်းတော်များ အတွက်ကား “အာဂုံရမှ အာဂလူ”ဟု ချီးကျူးကာ “အလွတ်ကျက်၊ အလွတ်ဖြေ”ခြင်းကို အားပေးကြသည်။ ဘုရားရှင်၏ စကားတော်ကို အာဂုံကျက်မှတ်ရမည်၊ ကျက်မှတ်မှုကို ချီးကျူးရမည် ဖြစ်သော်လည်း စာမေးပွဲစနစ်၌ အာဂုံကို ဦးစားမပေးလွန်းသင့်ပေ။ လက်ရှိပရိယတ္တိ ပညာရေး၌ကား အာဂုံ၏ အခန်းကဏ္ဍမှာ ကိုးဆယ်ရာခိုင်နှုန်းကျော်မည် ထင်၏။ မသင့်လှပေ။ အထူးသဖြင့် အဘိဓာန် (Dictionary)ကို အလွတ်ကျက်ရခြင်းကဲ့သို့ စာသင်းသားတို့၏ အာဂုံဒုက္ခကို အသိအမှတ် ပြုသင့်ပေသည်။

အာဂုံမဟုတ်သည့်တိုင် အနက်လှည့်ခြင်း၊ ည၀ါရွတ်ခြင်း၊ သရုပ်ခွဲခြင်းတို့ကဲ့သို့ အဖန်ဖန် အထပ်ထပ် မှတ်သားရမှုများ များလွန်းနေပြီး စဉ်းစားသုံးသပ်ရမှု ရှားပါးသည်။ အဆင့်မြင့်တန်းများ ရောက်သည်အထိပင် သုတေသနပြုရခြင်း၊ စာတမ်းတင်ရခြင်းများ မရှိပေ။ လေ့လာ၍ တင်ပြမှုများ ရှိသင့်သည်။

လက်ရှိ ပရိယတ္တိပညာရေးမှာ ဘာသာစကား (ပါဠိ)ကို သင်ယူနေခြင်းပင် ဖြစ်သည်ဟု နားလည်မိသည်။ ဓမ္မာစရိယတန်း ပထမနေ့ မေးခွန်းများ၌ အမှတ်တစ်ရာဖိုး ဆယ်ပုဒ်စလုံး ဘာသာပြန် (အနက်ပေး) ဖြစ်နေခြင်းမှာ ဘာသာစကားကို မည်မျှအလေးပေးကြောင်း ထင်ရှားလှသည်။ ဓမ္မာစရိယတန်း ဒုတိယနေ့ မေးခွန်းများ၌လည်း ဘာသာစကားကို အလေးပေးသည့် မေးခွန်းများသာ ဖြစ်ပေသည်။ အောက်တန်းများ၌လည်း ဘာသာစကား၏ အခန်းကဏ္ဍမှာ မသေးလှပေ။ ဘုရားရှင်၏ စကားတော် ဖြစ်သောကြောင့် ဘာသာစကားကို သင်ယူရမည် ဖြစ်သော်လည်း ဘာသာရပ်ဟု ဆိုရမည့် တရားတော်၏ အနှစ်သာရကို အထူးပြု၍ လေ့လာသင့်ပေသည်။ တရားသဘောသို့ ထိရောက်မှု နည်းလွန်းနေသည် ထင်မိ၏။

အချုပ်အားဖြင့် ယေဘုယျစကား ဆိုရသော် . . . အာဂုံလျှော့၍ စဉ်းစားသုံးသပ်မှု၊ တင်ပြမှုများ တိုးသင့်ပါကြောင်း နှင့် ဘာသာစကားသို့ ချဉ်းကပ်မှုလျှော့၍ တရားအနှစ်သို့ ချဉ်းကပ်မှု တိုးမြှင့်သင့်ပါကြောင်း။

:)
ရှင်အာစာရ
(ခေတ္တ မန္တလေး)

No comments:

Post a Comment