Friday, March 25, 2016

စည်း နှင့် စိတ်

“ဟေ့။ အာစာရ။”

“ဟား . . .။ ဘုန်းကြီးက လှမ်းခေါ်လိုက်လို့သာ . . . တပည့်တော်ဖြင့် မှတ်တောင် မမှတ်မိဘူး။ ခုမှပဲ ရုပ်ဖမ်းမိတော့တယ်။”

“အေးကွာ . . . ငါလည်း မင်းတို့ တက္ကသိုလ်ထဲ ပြန်ရောက်နေတယ်ကြားလို့ တောင်ပေါ်ကဆင်းပြီး ဒီဘက်လာခဲ့တာ။”

“BA ပြီးကတည်းက . . . မျိုးဆက်တစ်ခုစာလောက် . . . ကြာပြီ . . .။ အခု ဘယ်ကြွမှာလဲ။ တစ်ညလောက် တက္ကသိုလ်ထဲ လိုက်ခဲ့ပါအုံးလား။ အခု နှစ်ဝက်စာမေးပွဲ . . . စာစစ်နေကြတာ။”

“မအိပ်တော့ဘူးကွာ။ စစ်ကိုင်းပြန်မှာ။ မေမြို့က ပြန်လာတာ။ ဒီက ဘွဲ့ယူပြီး အရင် သာသနာပြုကျတဲ့နေရာပဲ ပြန်သွားနေတာ . . .။ ကြာလာတော့ . . . မိဘတွေကရော ရဟန်းဒကာကရော စာသင်တိုက်ဖြစ်ဖြစ် ရိပ်သာဖြစ်ဖြစ် လုပ်ပါဆိုပြီး မေမြို့မှာ မြေသုံးဧကလောက် စုပေါင်း လှူကြတယ်။ အခုတော့ ရေတွင်း တူးနေတုန်းပဲ ရှိသေးတာ။”

“မှန်ပါ။ မေမြို့ ဘယ်အပိုင်းလဲ။”

“မေမြို့ ဆိုပေမယ့် အစွန်အဖျား ပါကွာ။ နောက်တစ်ခေါက်ကျတော့ လိုက်ခဲ့အုံးလေ။ ရာသီဥတုတော့ သဘောကျပါတယ်။ ကိုယ့်အချင်းချင်းက အမြင်မကြည်ချင်ဘူး။ အခု စာသင်တိုက် လုပ်မယ့်ဟာကို အနီးအနား ဆရာတော်တွေက မလုပ်စေချင်ဘူး။ သံဃာ့မဟာနာယက စည်းမျဉ်းအရ တားမြစ်လို့ရတယ် ပြောတာပဲ။”

“တောင်တန်း ပြန်သွားတာပဲ ကောင်းမယ် ထင်ပါတယ်။ ဟား ဟား ဟား။”

“အေး။ တောင်တန်း ပြန်သွားရမလား မသိဘူး။ သံဃာ့စည်းမျဉ်း မသိပါဘူးကွာ။ သာသနာအတွက် လုပ်တဲ့ဟာကို။ အင်း . . . သူတို့သဘောထား စဉ်းစားမိပါတယ်။ စည်းမျဉ်းစည်းကမ်း ကောင်းပါတယ်။ စာသင်တိုက်တည်တာ ရိပ်သာထောင်တာ . . . ကျောင်းတိုက်ပဲ။ စည်းကမ်းသတ်မှတ်ချက် ရှိတာ ကောင်းပါတယ်။ ငါ နားလည်တာကတော့ကွာ . . . စည်းကမ်းသတ်မှတ်ချက် မရှိရင် ကျောင်းတွေ များလာပြီး ပရမ်းပတာ ဖြစ်လာမှာမို့ . . . ကျောင်းသစ်ဆိုရင် အနီးအနား သံဃာက စိစစ်ကြီးကြပ်ရမယ့်သဘော . . .။ တောရွာလေး အိမ်ခြေ လေးငါးဆယ် ရှိတယ်ဆိုရင်တော့ တစ်ရွာတစ်ကျောင်း တော်ရောပေါ့ကွာ။ စိစစ်တာ ကောင်းပါတယ်။ အိမ်ခြေ လေးငါရာ ဆိုရင်တော့ ကျောင်းလည်း တိုးမှ ဒကာဒကာမတွေ နီးရာနီးရာ သွားရတာ အဆင်ပြေမှာပေါ့။ ကလေးတွေလည်း ယဉ်ကျေးမှုသင်တန်း ဘာညာ တက်ရတာ အဆင်ပြေတာပေါ့။ မြို့မှာတော့ ကျောင်းနဲ့ကန်နဲ့ ဟုတ်တိပတ်တိ တူတူတန်တန် ဖြစ်အောင် ကြီးကြပ်ပေါ့ကွာ။”

“သူတို့ သံဃာ့စည်းမျဉ်းဆိုတာ ရှိတော့လည်း . . . အခု ဘရုတ်သုတ်ခကျောင်းတွေ ပေါလိုက်တာမှ . . .။”

“ငါက အဲ့ဒါ ပြောတာ။ အထက်က ချမှတ်တဲ့ စည်းကမ်းတွေ ဘယ်လောက်ကောင်းကောင်း ကွာ . . . စည်းကမ်းက ဘယ်လို ရည်ရွယ်တာပဲဖြစ်ဖြစ် . . . အောက်ခြေမှာ စိတ်ဓာတ်မမှန်ရင် စည်းကမ်းတွေ အကျိုးမရှိပါဘူး။ အထက်ကနေပြီး စည်းကမ်းကို ကြီးကြပ်ဖို့ကလည်း . . . နေရာတကာ လိုက်လုပ်နေနိုင်မှာ မဟုတ်ဘူး။ စိတ်ဓာတ်မှန်မှ ဖြစ်မှာပါကွာ။ တို့နိုင်ငံကတော့ကွာ . . .။ နိုင်ငံရေးလည်း ပြောင်းလဲချိန်တန်ပြီ ဆိုပေမယ့် . . . စိတ်ဓာတ်အရင်းခံ ကောင်းတဲ့လူတွေ အားကောင်းမှပါကွာ။ မဟုတ်ရင်တော့ မလွယ်ဘူး ထင်တာပဲ။”

“မှန်ပါ။ ဒါတွေက နေရာအနှံ့ . . .။ အရှင်ဘုရားက ခုမှ စလုံးရေး စ ရှိသေးတာ။ ဟုတ်ပြီဘုရား . . .။ မလိုက်ရင်လည်း ကြွတော့လေ နောက်ကျနေမယ်။ တပည့်တော်လည်း လမ်းလျှောက်လိုက်အုံးမယ်။”

:)
ရှင်အာစာရ
(ခေတ္တ မန္တလေး)

No comments:

Post a Comment