Wednesday, March 23, 2016

သိမ်မွေ့သောလမ်း - ၄၂

(. . . . .မှ အဆက်)
 
(အာရုံမဲ့ ကမ္မဋ္ဌာန်း အဆက်)

ယောဂီ။  ။ ဘယ်လို နေရာမျိုးမှာ ကိုယ့်ကိုယ်ကိုယ် အကြပ်ကိုင်ရမယ်ဆိုတာ သိဖို့ တော်တော်လေး ခက်တယ် ထင်ပါတယ်။

ဆရာကြီး။  ။ အခြေအနေနဲ့ လိုက်လျောညီထွေသာ နေလိုက်ပါ။ စမ်းသပ်လေ့လာပါ။ ခင်ဗျားထင်သလို ဆုံးဖြတ်ချက် ချရမှာ မဟုတ်ပါဘူး။ အကျင့်နဲ့ ပတ်သက်လို့ လေးလေးပင်ပင်ကြီး ဖြစ်မနေပါနဲ့။ လူတွေ ကျောက်တုံးကျောက်သားနဲ့ တူတဲ့အကြောင်း မနေ့က ခင်ဗျား ပြောခဲ့ပါတယ်။ ဒါဟာ အသည်းအသန် ဖြစ်လွန်းနေတာရဲ့ အကျိုးဆက်ပါ။ ဒါကြောင့် ဘာဝနာ အလုပ်နဲ့ ပတ်သက်ရင် ပေါ့ပေါ့ပါးပါးဖြစ်ဖို့၊ ပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို့၊ လေ့လာစမ်းသပ်ဖို့၊ လိုက်လျောညီထွေ ရှိဖို့ ကျွန်တော် အလေးပေး ပြောကြားတာ ဖြစ်ပါတယ်။

ဒါဟာ ကျွန်တော် ထည့်သွင်းပြောကြားချင်တဲ့ နောက်ထပ် အချက်တစ်ခုပါပဲ။ ဒါလည်း ဒီက ယဉ်ကျေးမှုနဲ့ ဆက်စပ်နေပါတယ်။ လူတွေဟာ ပန်းတိုင်ကို အဓိက ထားကြလွန်းပါတယ်။ အကျိုးရလဒ်တွေ ရချင်ကြလွန်းပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက . . . နေ့စဉ်ဘဝမှာ ဆိုက်ရောက်ရမယ့် ပန်းတိုင်တွေ ရှိပါတယ်။ ရယူရမယ့် အကျိုးရလဒ်တွေ ရှိပါတယ်။ နောက်ပြီးတော့ . . . တရား အားထုတ်တဲ့ အခါမှာလည်း အောင်မြင်မှုနောက် လိုက်တော့တာပါပဲ။

ဒါကြောင့်  . . . ပန်းတိုင်ရောက်ချင်တဲ့ အတွက်ကြောင့်၊ အကျိုးရလဒ် လိုချင်တဲ့ အတွက်ကြောင့် အလားတူ . . . စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ တင်းကြပ်မှုတွေ ကြုံရတာ သဘာဝကျပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘုရားရှင် မိန့်တော်မူတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဥပမာလေးနဲ့ ဟောတော်မူတာပါ။ ဘာဝနာ အားထုတ်တာဟာ ဥယျာဉ်စိုက်တာနဲ့ တူတယ်လို့ မိန့်တော်မူပါတယ်။ ယောဂီဟာ ဥယျာဉ်မှုးတစ်ယောက် အပင်တွေ၊ အသီးအရွက်တွေ၊ ပန်းတွေနဲ့ ကြည်နူးနေသလိုပါပဲတဲ့။ ဥယျာဉ်မှူးဟာ ပန်း ဘယ်ချိန်ပွင့်မယ်၊ အသီး ဘယ်ချိန်သီးမယ် ဆိုတာကို မစိုးရိမ်ပါဘူး။ သူ့အလုပ်နဲ့သူ ကြည်နူးနေပါတယ်တဲ့။

ကျွန်တော်လည်း အလားတူ ခိုင်းနှိုင်းမှုတစ်ခု စဉ်းစားထားတာ ရှိပါတယ်။ တောင်ထိပ်ရောက်အောင် ကြိုးစားပြီး တက်တဲ့ ဥပမာ ဖြစ်ပါတယ်။ တောင်ထိပ်ရောက်ရင် မြင်တွေ့ရမှာတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိတယ်ဆိုရင်၊ ကြိုတင် သိမ်းပိုက်ခံထားရတယ်ဆိုရင် တောင်တက်ရခြင်းရဲ့ ပျော်ရွှင်မှုကို လက်လွတ်ဆုံးရှုံးရပါလိမ့်မယ်။ တောင်တက်နေတုန်းမှာ ကြုံရတာတွေဟာ၊ လဲကျတာတွေ၊ စွန့်စားရတာတွေ၊ ပြဿနာ အခက်အခဲတွေဟာ လေ့ကျင့်ခန်းတွေ ဖြစ်လာပါတယ်။ တောင်ထိပ်ရောက်ရင် ဘာတွေ ဖြစ်နေမယ်ဆိုတာကို မစိုးမပူပါနဲ့။ လက်ရှိ ဖြစ်ပေါ်နေတာက အကျင့် ဖြစ်ပါတယ်။ နောက်မှ ဖြစ်မှာက တစ်ခြားပါ။ နှစ်သက်စရာ အတွေ့အကြုံတွေပဲဖြစ်ဖြစ်၊ မနှစ်သက်စရာ အတွေ့အကြုံတွေပဲဖြစ်ဖြစ် လေ့ကျင့်စရာအဖြစ် ရှုမြင်ပါ။ အဲဒါ ကျင့်စရာပါပဲ။ သုတ်သင်ဖယ်ရှား မပစ်ပါနဲ့။ မေးစရာ ရှိပါသေးလား။

ယောဂီ။   ။ ဆရာကြီး သင်ပြပေးတာက အဓိကအားဖြင့် နှစ်ပိုင်းပါ။ အသက်ရှူမှုကို လေ့လာစောင့်ကြည့်တဲ့ နည်းနဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို လေ့လာစောင့်ကြည့်တဲ့နည်း ဖြစ်ပါတယ်။ ဘယ်ဟာကို အရင် ကျင့်သုံးသင့်တယ်ဆိုတာ အကြံပေးနိုင်ပါသလား။ ပထမဆုံး အသက်ရှူမှုကို စောင့်ကြည့်ပြီး စိတ်ထဲမှာ ဖြစ်ပေါ်တာကို နောက်မှ စောင့်ကြည့်ရမှာလား။ ဒါမှမဟုတ် တစ်မျိုး . . . ပြောင်းပြန်လား။ ဘယ်ဟာကို အရင် ကျင့်သုံးရမှာလဲ။

ဆရာကြီး။  ။ အဲဒါတော့ အခြေအနေအရပေါ့။ အသက်ရှူမှုကို အာရုံစိုက်ခြင်းဟာ သတိတိုးပွားအောင် တုံ့ပြန်မှုကင်းတဲ့စိတ် ဖြစ်ပေါ်အောင် ပံ့ပိုးပေးတယ် ဆိုတာကို ကျွန်တော် ပြောခဲ့ပြီးသားပါ။ ဒီအရည်အသွေးတွေ ဖွံ့ဖြိုးတယ်ဆိုရင် အာရုံမဲ့ ကမ္မဋ္ဌာန်းကို ကျင့်သုံးနိုင်ပါတယ်။ ဒီနည်း နှစ်ခုလုံးကို ကျင့်သုံးသင့်ပါတယ်။ နှစ်နည်းလုံးကို ဆက်လက်ကျင့်သုံးပါ။ သီးခြားစီ ကျင့်သုံးပါ။ ဒီနည်းနှစ်ခုဟာ အပြန်အလှန် ဖြည့်စွက်ပေးပါတယ်။

ဘာဝနာအသွင်ဖြင့် သုံးသပ်ခြင်း

ရှင်းအောင် ပြောချင်ပါတယ်။ ခုချိန်ထိ ကျွန်တော် ပြောခဲ့တာတွေကနေ . . . ဘာဝနာဆိုတာ အကျင့်နည်းတွေသာ ဖြစ်တယ်လို့ ခင်ဗျားတို့ နားလည်ယူဆထားနိုင်ပါတယ်။ ဒါပေမယ့် အလွန် အရေးကြီးတာ ရှိပါသေးတယ်။ အခါအားလျော်စွာ ကျွန်တော် တင်ပြနေကျပါ။ ဘာဝနာဆိုတာ ဆင်ခြင်သုံးသပ်ခြင်း၊ အလေးအနက် ဆင်ခြင်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဘာဝနာဟာ ကျွန်တော်တို့ရဲ့ အပြုအမူတွေအတွက် အလွန်အရေးကြီးပါတယ်။ ကိုယ်ပြုတဲ့ အပြုအမူ၊ ကိုယ်သုံးတဲ့ စကားလုံး စတာတွေကို ဖော်ရွေတဲ့နည်း၊ သိမ်မွေ့တဲ့နည်းနဲ့ သုံးသပ်ဖို့ပါ။ ကိုယ့်ရဲ့ ပြုမူပုံ၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဆက်စပ်ပြီး အများကြီး လေ့လာသင်ယူနိုင်ပါတယ်။

ဒီလို သုံးသပ်နိုင်စွမ်းကို ဖွံ့ဖြိုးအောင် လုပ်နိုင်မယ်ဆိုရင် ဘဝအတွေ့အကြုံ မှန်သမျှမှာ ဓမ္မကို မြင်တွေ့နိုင်ပါတယ်။ အတွေ့အကြုံ မှန်သမျှဟာ ကမ္မဋ္ဌာန်းအာရုံ ဖြစ်နိုင်ပါတယ်။ တွေ့ကြုံရတာက နာမကျန်းမှုလည်း ဖြစ်နိုင်ပါတယ်။ စိတ်ထိခိုက်မှုလည်း ဖြစ်နိုင်ပါတယ်။ မကျေနပ်မှုလည်း ဖြစ်နိုင်ပါတယ်။ ပျော်ရွှင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဘာမဆို ဖြစ်နိုင်ပါတယ်။ သုံးသပ်နိုင်အောင်၊ ဆင်ခြင်နိုင်အောင်၊ နားလည်နိုင်အောင် လေ့ကျင့်ဖို့ အလွန်အရေးကြီးပါတယ်။

ဒါနဲ့ ပတ်သက်လို့ နေ့စဉ်ဘဝမှာ လေ့ကျင့်နိုင်မယ့် နည်းလမ်းတစ်ခု အကြံပြု တင်ပြချင်ပါတယ်။ ခင်ဗျားတို့ ညနေခင်း အလုပ်ပြီးလို့ အိမ်ပြန်တဲ့အခါ . . . အိမ်ပြန်သူတိုင်း ပင်ပန်းနေကြတယ် ဆိုတာကို ကျွန်တော်သိပါတယ် . . . ဒါပေမယ့် ပင်ပန်းတာ သက်သာအောင် ကြိုးစားပါ။ ရေချိုးလိုက်တာလို တစ်ခုခု လုပ်လိုက်ပါ။ ပြီးတော့ . . . တစ်နေ့တာ ဘယ်လို ကုန်လွန်ခဲ့တယ် ဆိုတာကို ပြန်စဉ်းစားကြည့်ပါ။

အိပ်ယာနိုးထချိန်ကနေ ပြန်လှန်သုံးသပ်ချိန်အထိ ဖြစ်ခဲ့တာတွေ အားလုံးကို စဉ်းစားနိုင်အောင် ကြိုးစားပါ။ တစ်နေ့တာမှာ ငါ ဘယ်နှခါ ဒေါသဖြစ်ခဲ့သလဲ၊ ဘယ်လိုအခါမျိုးမှာ စိတ်ဖိစီးမှု ရရှိသလဲ၊ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ ရှိခဲ့သလားဆိုပြီး သုံးသပ်ကြည့်ပါ။ ဆုံးဖြတ်ချက်ချတဲ့ အနေနဲ့ လုပ်နေတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဖိနှိပ်နေတာ မဟုတ်ပါဘူး။ ဖော်ဖော်ရွေရွေ၊ သိမ်သိမ်မွေ့မွေ့၊ နားလည်မှု အပြည့်နဲ့ ဖြစ်ခဲ့တွေကို သုံးသပ်နေတာသာ ဖြစ်ပါတယ်။

ပိုပြီးတော့ အရေးကြီးတာက . . . အဲဒီလို အနှောင့်အယှက် အရှုပ်အထွေးတွေ မရှိတော့တဲ့ အခါကျမှ ပြန်ပြီးတော့ သုံးသပ်တာ ဖြစ်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ ကောင်းတာတွေ၊ ကိုယ့်ရဲ့ ရက်ရောမှုတွေ၊ ဖော်ရွေမှုတွေ၊ ကိုယ် အသုံးပြုခဲ့တဲ့ စကားလုံးလှလှတွေကို ပြန်လည်သုံးသပ်တာ ဖြစ်ပါတယ်။ ဒါတွေလည်း ပါရပါမယ်။ ဒါက . . . ပို အရေးကြီးပါတယ်။ အောက်ထစ်ဆုံး အနေနဲ့ အလားတူတော့ အရေးကြီးပါတယ်။

ကောင်းတာတွေ အပေါ်မှာ ပိုပြီးတော့ ပွင့်လင်းနိုင်တယ်ဆိုရင် ကိုယ်ဟာ လူကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို တအံ့တသြ တွေ့ရပါလိမ့်မယ်။ ဒီလို သုံးသပ်တဲ့နည်းက ကိုယ့်ကိုယ်ကို ပိုပြီးတော့ သိလာအောင် လုပ်ပေးပါတယ်။ ဓမ္မဓိဋ္ဌာန်ကျကျ၊ ရှင်းရှင်းလင်းလင်းနဲ့ ကိုယ့်အမူအရာကို ကိုယ့်ဟာကိုယ် သိနိုင်အောင် ပံ့ပိုးပေးပါတယ်။ ဒါကို ဆောင်ရွက်နိုင်တယ်ဆိုရင် ဘာမှ ထူးထူးခြားခြား မလုပ်ရဘဲ အမူအရာတွေ အလိုအလျောက် အသွင်ပြောင်းလဲသွားပါလိမ့်မယ်။

ယောဂနှင့် ဘာဝနာ

နောက်တစ်ခု ကျွန်တော်တို့ လေ့လာခဲ့တာက ယောဂ ထင်ပါတယ်။ နေ့စဉ်ဘဝမှာ ယောဂကို မမေ့ပါနဲ့။ တစ်နာရီထိ ယောဂလေ့ကျင့်စရာ မလိုပါဘူး။ မနက် အိပ်ယာထတဲ့ အခါမှာ ငါးမိနစ် ဆယ်မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ပါ။ ကိုယ်ရောစိတ်ပါ နိုးကြားလာပါလိမ့်မယ်။ ညနေ အိမ်ပြန်ရောက်တဲ့ အခါမှာ ရေချိုးပါ။ ကာယလေ့ကျင့်ခန်း လုပ်ပါ။ သက်တောင့်သက်သာ ရှိလာပါလိမ့်မယ်။

ယောဂနဲ့ ဘာဝနာကို ပေါင်းစပ်ပါ။ ခန္ဓာကိုယ် အနေအထားနဲ့ ပတ်သက်လို့ ကျွန်တော် ပြောချင်တာက . . . ခန္ဓာကိုယ် သက်တောင့်သက်သာ ရှိနေဖို့ လိုပါတယ်။ ခင်ဗျားတို့ တရားထိုင်တာကို ကျွန်တော် သတိထားမိပါတယ်။ တစ်ခါတစ်ခါ ခင်ဗျားတို့ မျက်နှာမှာ သက်တောင့်သက်သာ မရှိတာကို တွေ့ရပါတယ်။ စောစောက ကျွန်တော် ပြောခဲ့သလို လေးနက်လွန်း နေပါတယ်။ တင်းတင်းကြပ်ကြပ် ဖြစ်နေပါတယ်။ တစ်ခုခု ရယူဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ် သက်တောင့်သက်သာ ရှိတဲ့ အခါမှာ စိတ်လည်း သက်သာပါတယ်။ ကိုယ်စိတ်နှစ်ပါး သက်တောင့်သက်သာ ရှိတဲ့ အခါမှာ သက်တောင့်သက်သာ လွယ်လွယ်ကူလူ တရားအားထုတ်နိုင်ပါတယ်။

ယောဂီ တစ်ချို့နဲ့ စကားပြောကြည့်တော့ သိလိုက်ရပါတယ်။ သူတို့က စိတ်ကိုပဲ ဦးစားပေးကြပါတယ်။ ခန္ဓာကိုယ်ကို သိပ်ပြီး အရေးမစိုက်ကြပါဘူး။ ခန္ဓာကိုယ်နဲ့ ဆက်သွယ်မိဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်ကို ခံစားမိဖို့၊ ခန္ဓာကိုယ်ကို နားထောင်နိုင်အောင် လေ့ကျင့်ဖို့ အရေးကြီးပါတယ်။ အတတ်နိုင်ဆုံး ခန္ဓာကိုယ်ကို အာရုံစိုက်ပေးပါ။

ယောဂီ။   ။ ယောဂလေ့ကျင့်ခန်း လုပ်ရင်းနဲ့ ပိုင်ဆိုင်မှုအကြောင်း အတ္တ အတ္တနိယအကြောင်း သတိထားမိခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့ လွတ်လပ်မှုကို သတိထားမိလို့ပါ။ ကိုယ့်ဆန္ဒနောက် ခန္ဓာကိုယ်က မလိုက်ပါဘူး။ ကိုယ်အနေအထားတွေ . . . ယောဂဆရာ လုပ်သလို လုပ်ချင်ပါတယ်။ ဒါပေမယ့် မလုပ်နိုင်ပါဘူး။ ကျွန်တော့်သဘောအတိုင်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ လွတ်လပ်မှု ရှိပါတယ်။

ဆရာကြီး။  ။ ကျွန်တော်တို့ရဲ့ အကန့်အသတ်ကို နားလည်ဖို့အတွက် သိပ်ကောင်းတဲ့ အချက်ပဲ။ ခင်ဗျား ပြောတာ မှန်ပါတယ်။ ထိန်းချုပ်လို့ မရနိုင်ဘူးဆိုတာ နားလည်ဖို့ပါပဲ။ ကျွန်တော်တို့ အစိုးရတယ်ဆိုရင် ဒါလုပ်ပါ၊ ခန္ဓာကိုယ် ဒီလို ပြုမူပါလို့ ပြောနိုင်မှာပေါ့။ ဒါပေမယ့် မပြောနိုင်ပါဘူး။ ဒါ့ကြောင့် ဖြစ်ပေါ်နေတာကို လိုက်လျော အရှုံးပေးနိုင်အောင် လေ့ကျင့်ကြရပါမယ်။ မရေရာမှုကို ပွင့်ပွင့်လင်းလင်း လက်ခံဖို့ တစ်ခါတုန်းက ကျွန်တော် ပြောခဲ့ဖူးပါတယ်။ စိတ်မှာ၊ ကိုယ်မှာ ဖြစ်ပေါ်နေတာတွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး။ ပတ်ဝန်းကျင်နဲ့ ဘဝကို မထိန်းချုပ်နိုင်ပါဘူး။

တစ်ခြားရှိပါသေးလား။ ဒီနေ့ နောက်ဆုံးနေ့ဆိုတော့ အချိန်ပိုပြီး ယူနိုင်ပါတယ်။

ယောဂီ။  ။ ကျွန်တော် သိပ်သဘောမတူပါဘူး။ ဘာဖြစ်လိုလဲဆိုတော့ . . ယောဂဆရာတောင်မှ စခါစတုန်းက အခု သူလုပ်နိုင်တဲ့ ကိုယ်ဟန်အနေအထားတွေ မလုပ်နိုင်ပါဘူး။ ခန္ဓာကိုယ်နဲ့ . . . တဖြည်းဖြည်း လေ့ကျင့်သင်ယူရတာပါ။

ဆရာကြီး။  ။ မှန်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ် မနာမဖျားနဲ့၊ မသေနဲ့လို့ အမိန့်မပေးနိုင်ပါဘူး။ ကျွန်တော့်လို . . . ခေါင်းမဖြူဖို့ အမိန့်မပေးနိုင်ပါဘူး။ မြတ်စွာဘုရားရှင်တောင်မှ သူ့ခန္ဓာမှာ ဖြစ်ပေါ်တာကို အပြည့်အ၀ မထိန်းချုပ်နိုင်ပါဘူး။ ဘုရားရှင်ရဲ့ ခန္ဓာကိုယ် နာဖျားရပါတယ်။ အိုရပါတယ်။ ခန္ဓပရိနိဗ္ဗာန် ဝင်စံရပါတယ်။ ဘုရားရှင်က သူ့ခန္ဓာကိုယ်ကို သူတွေ့ကြုံရတာနဲ့ ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်း ပြုတော်မမူတဲ့ အတွက်ကြောင့် သူ့ခန္ဓာမှာ ဘာဖြစ်ဖြစ် ဘုရားရှင် ဆင်းရဲဒုက္ခ ခံစားတော် မမူရပါဘူး။ ဒါပဲ ထူးခြားပါတယ်။

အာရုံခံနိုင်စွမ်း ဖွံ့ဖြိုးစေခြင်း

ယောဂီ။  ။ ကျွန်တော်တို့ အပြင်ထွက်တဲ့အခါ ကြည့်ဖို့၊ နားထောင်ဖို့ ခင်ဗျား ပြောပါတယ်။ ဘယ်လို ကြည့်ရမယ် ဆိုတာကို ပြောပြစေချင်ပါတယ်။

ဆရာကြီး။  ။ ပုံမှန်အားဖြင့် . . . ကျွန်တော်တို့ ကြည့်ကြတယ်။ အာရုံစိုက်မှု အပြည့်အ၀ မထည့်ကြပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာက၊ သဘာဝတရားနဲ့ ပတ်သက်လို့လည်း အလွန် အရေးကြီးတာက . . . ကြည့်ရှုနည်း လေ့ကျင့် ပျိုးထောင်နိုင်ပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ အနီးကပ် ကြည့်ရှုပြီး စစ်ဆေးဖို့ ဖြစ်ပါတယ်။ ကြည့်ရှုနေချိန်မှာ . . . ကိုယ့်ကြည့်နေတဲ့ အရာကို အပြည့်အ၀ အာရုံစိုက်ထားရပါမယ်။ သတိ အပြည့်ရှိရပါမယ်။

ကြည့်ရှုတာနဲ့ ပတ်သက်လို့ ဒါကို လေ့ကျင့်နိုင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ အာရုံခံစားနိုင်စွမ်းတွေ နိုးကြားလာပါတယ်။ လတ်ဆတ်ဖျပ်လပ်မှု ဖြစ်ပေါ်လာပါတယ်။ ပေါ့ပေါ့ပါးပါး ရှိလာပါတယ်။ ကလေးဘဝတုန်းက ဒီစွမ်းရည် ရှိခဲ့တယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကြိုတင်ပညတ် သတ်မှတ်ချက်တွေ၊ ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေ၊ ကျွန်တော်တို့ရဲ့ အတွေးတွေ . . . အချိန်တော်တော်များများမှာ ရှိနေနိုင်ပါတယ်။ ဒီလိုစိတ်နဲ့ ကြည့်ရှုကြပါတယ်။ ဒီတော့ မြင်စရာတွေကို သတိပြုမိဖို့ ခက်ခဲပါတယ်။



:)
ရှင်အာစာရ
-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment