Sunday, February 14, 2016

သိမ်မွေ့သောလမ်း (၄၁)

(. . . . .မှ အဆက်)

(မေတ္တာ အဆက်)
ဘဝမှာ ကိုယ်ပဲ မှန်တယ်လို့ မထင်သင့်ပါဘူး။ သူတစ်ပါးရဲ့ အမှားနဲ့ ကြုံရတဲ့ အခါမှာ ကိုယ်သာ မှန်တယ်လို့ မထင်ဘဲ . . . စဉ်းစားကြည့်နိုင်ပါတယ်။ ငါ မှားချင်မှ မှားမယ်၊ ဒါပေမယ့် အထင်အမြင် မှားယွင်းတဲ့ ငါ့ လုပ်ရပ်ကြောင့် အခြေအနေ ပိုဆိုးသွားနိုင်တယ်လို့ စဉ်းစားကြည့်နိုင်ပါတယ်။ မှားယွင်းမှုတွေကို မြင်ရတဲ့အခါမှာ လူ့သဘာ၀ အားနည်းချက်တွေနဲ့ ဆက်စပ်ကြည့်သင့်ပါတယ်။ သမားရိုးကျ အမြင်နဲ့ မတူတဲ့နည်းနဲ့ ကြည့်သင့်ပါတယ်။

အဲဒီလို ပုဂ္ဂိုလ်တွေနဲ့ စကားပြောကြည့်တာ ကောင်းပါတယ်။ သူတို့ ဘာဖြစ်တယ်ဆိုတာကို သူတို့ဟာသူတို့ပဲ သုံးသပ်ကြည့်ပါစေ။ ဒါ . . . အလုပ်ဖြစ်ချင်ဖြစ်မယ်။ အလုပ်ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်။ အလုပ်ဖြစ်တယ်ဆိုရင် အဆင်ပြေတာပေါ့။ အလုပ်မဖြစ်ရင်လည်း လူ့သဘာ၀ အားနည်းချက်တွေကို မြင်အောင်ကြည့်သင့်ပါတယ်။ ဒါ သဘာဝပဲလို့သာ နားလည်လိုက်ပါ။ အမှားလုပ်တဲ့ ပုဂ္ဂိုလ်ကို တွေ့ရတဲ့အခါ တတ်နိုင်ဆုံး မေးခွန်းတွေထုတ်ပြီး သူ့ဟာသူ ပြန်လှန်သုံးသပ်ဖြစ်အောင် လုပ်ပေးဖို့ အရေးကြီးကြောင်း ထပ်မံ ပြောကြားလိုပါတယ်။ ကိုယ်ထင်သလို ဆုံးဖြတ်သတ်မှတ်တာမျိုး မလုပ်ရပါဘူး။

အဲဒီလို အခြေအနေမျိုးမှာ ကိုယ်သာ မှန်တယ်လို့ မထင်မှတ်ဘဲ သူ့ကို ရိုးရိုးသားသားနဲ့ . . . ပြောလိုက်ဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော်က ဉာဏ်အလင်း ပေါက်မြောက်ထားသူ မဟုတ်တဲ့အတွက် ကျွန်တော့်မှာ အားနည်းချက်တွေ ရှိနေမှန်း ကျွန်တော်သိပါတယ်။ ကျွန်တော့်မှာ မပြည့်စုံမှုတွေနဲ့ပါ။ ဘာဖြစ်လို့ ခင်ဗျား ဒီကိစ္စကို လုပ်လိုက်သလဲ သိချင်တာပါ . . .။ ဒီလိုမျိုး ပြောလိုက်ပေါ့။

မေတ္တာနဲ့ ပတ်သက်လို့ တစ်ခြား မေးစရာ ရှိပါသေးလား။

ယောဂီ။  ။ ကျွန်တော့် မေးခွန်းက စောစောက မေးခွန်းနဲ့ ဆက်စပ်နေပါတယ်။ မှားတယ်လို့ ကိုယ် ထင်ထားတဲ့သူနဲ့ ဆက်ဆံတဲ့ အခါမှာ ကိုယ်သာ မှန်တယ်လို့ မယူဆဖို့ ပြောခဲ့တဲ့ အကြောင်းပါ။ ကျွန်တော်နဲ့ ကျွန်တော်အမျိုးသမီးတို့ရဲ့ ပြဿနာပါ။ ခင်ဗျား ရှင်းပြတဲ့နည်းကို ကျွန်တော် အသုံးပြုပါတယ်။ သူ့အမှားတွေ သူ မြင်အောင် လုပ်ပေးပါတယ်။ ကျွန်တော်က ပြေပြေလည်လည်လုပ်လေ သူက သူမှန်တယ် ထင်လေပါ။ ကျွန်တော် မအောင်မြင်ပါဘူး။

ယောဂီ။  ။ သူ ပြောပါတယ်။ သူက ပိုပိုပြီး ရိုရိုကျိုးကျိုး ဖြစ်လာတယ်၊ သူ့အမျိုးသမီးက သူ့ဘက်က မှန်တယ်လို့ ပိုပိုပြီး ထင်လာတယ်တဲ့။ သူ့ကို ကျွန်တော် မယုံပါဘူး။

ဆရာကြီး။  ။ ခင်ဗျား ပြောတာကို ကျွန်တော်လည်း ထောက်ခံရမယ် ထင်ပါတယ်။ သူ့အမျိုးသမီးကို ကျွန်တော်လည်း သိနေတာမို့ပါ။

ဟုတ်ပါပြီ . . .။ ကျွန်တော် ပြောနေကျဖြစ်တဲ့ မြွေဟောက်တစ်ကောင်အကြောင်း ပုံပြင်ကို ပြောရပြန်ပါဦးမယ်။ အများစုက ကြားဖူးပြီးသား ထင်ပါတယ်။ ကြားဖူးတဲ့သူ ရှိပါသလား။

ပုံပြင်က ဒီလိုပါ။ မြွေဟောက်ဟာ သူတစ်ကောင်ထဲ တောထဲမှာ မေတ္တာဘာဝနာ ပွားများကျင့်သုံးနေပါတယ်။ ထင်းခွေတဲ့ အဖွားအိုတစ်ယောက် တောထဲ ရောက်လာပါတယ်။ အဖွားအိုက မြွေဟောက်ကို ကြိုးတစ်ချောင်း ထင်သွားပြီး မြွေကို ကြိုးလုပ်ပြီး ထင်းစည်း စည်းပါတယ်။ မြွေက မေတ္တာပွားနေတာဆိုတော့ အဖွားအို လုပ်သမျှ ခံနေလိုက်တာပေါ့။ အဖွားအို အိမ်ပြန်ရောက်တော့ မြွေလည်း ကံအားလျော်စွာ လွတ်မြောက်သွားပါတယ်။ ခက်ခဲမှုတွေတော့ ရင်ဆိုင်ခဲ့ရတာပေါ့။ ဒဏ်ရာဒဏ်ချက်တွေနဲ့ . . . နာလည်း နာတာပေါ့။

မြွေက ကမ္မဋ္ဌာန်းဆရာဆီ သွားပြောတယ်။ ဖြစ်ခဲ့ရပုံကို ကြည့်စမ်းပါဦး၊ ကျုပ် မေတ္တာ ပွားနေတာ၊ မေတ္တာ အကျိုးက ဆင်းရဲလိုက်တာတဲ့။ ဆရာကလည်း ပြန်ပြောလိုက်တယ်။ မိုက်မဲတဲ့ မေတ္တာကို ကျင့်သုံးလိုက်တာပဲ။ မေတ္တာ မဟုတ်ဘူး။ လိုအပ်ရင် လေသံပေးဖို့လည်း လေ့ကျင့်ထားသင့်တယ်တဲ့။

ကျွန်တော်တို့လည်း တစ်ခါတစ်ခါ လေသံပေးသင့်ပါတယ်။ ကိုယ် ဘာလဲဆိုတာ ပြသဖို့ပါ။ ကိုယ့်ကိုယ်ကိုယ် အတည်ပြုဖို့ပါ။ အခိုင်အမာ ရပ်တည်နေတုန်းမှာ ကိုယ့်ရဲ့ အဇ္ဈတ္တ စေတနာဟာ တကယ်ပဲ  အကြင်နာတရား ပြည့်ဝတယ်ဆိုတာ ရှင်းလင်းသေချာပါစေ။ ကျွန်တော် ဆိုလိုတာက . . . မေတ္တာဆိုတာ ငြိမ်ငြိမ်ငုံ့ခံရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ကို သူတစ်ပါး အသုံးချခွင့် ပေးတာ မဟုတ်ပါဘူး။ ဘယ်အချိန်မှာ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အခိုင်အမာ ပြသရမယ်၊ ဘယ်အချိန်မှာ သိမ်မွေ့ရမယ် ဆိုတာကို ဉာဏ်နဲ့ သိသင့်ပါတယ်။ မြွေဟောက်ဖြစ်ကြောင်း ခင်ဗျာ့မယား သိသွားအောင် လုပ်လိုက်ပါ။

အာရုံမဲ့ ကမ္မဋ္ဌာန်း

ကျွန်တော်တို့ ကျင့်သုံးခဲ့တဲ့ အရေးကြီးတဲ့ ကမ္မဋ္ဌာန်းတစ်ခုကို အရုံမဲ့ကမ္မဋ္ဌာန်းလို့ ခေါ်ရမယ် ထင်ပါတယ်။ သတိ ထူထောင်နိုင်တဲ့အခါ၊ စိတ်တည်ငြိမ်လာတဲ့ အခါမှာ ဘာဖြစ်ဖြစ် ဖြစ်ခွင့်ပေးလိုက်နိုင်ပါတယ်။ အတွေး၊ စိတ်ခံစားမှု၊ အထူးသဖြင့် မနှစ်သက်စရာ စိတ်ခံစားမှု၊ အတွေ့အထိ . . . ဒါတွေကို ဖြစ်ပေါ်ခွင့် ပေးထားပြီး စောင့်ကြည့်လေ့လာနိုင်ပါတယ်။ လွတ်လွတ်ကင်းကင်း ဖြစ်နေတဲ့ စိတ်ထဲမှာ ဘာဖြစ်ဖြစ် . . . ဖြစ်ပေါ်သမျှနဲ့ အဆင်ပြေပါတယ်။

ဒါဟာ နေ့စဉ်ဘဝမှာ အလွန် အသုံးဝင်တဲ့နည်း ဖြစ်ပါတယ်။ နေ့စဉ်ဘ၀ အခြေအနေ အမျိုးမျိုးမှာ ဖြစ်ပေါ်နေတဲ့ အတွေးတွေ၊ စိတ်ခံစားမှုတွေ၊ အတွေ့အထိတွေကို သိရုံသာ သိနေဖို့ ဖြစ်ပါတယ်။ ဘာတွေ ဖြစ်နေတယ် ဆိုတာကို ကြည့်ဖို့၊ ဖြစ်နေတာတွေကို မတုံ့ပြန်ဘဲ သူတို့ဆီကနေ လေ့လာဖို့၊ သူတို့ကို ကမ္မဋ္ဌာန်းအာရုံ လုပ်လိုက်ဖို့၊ လေ့လာစရာ အတွေ့အကြုံတွေလို့ သဘောထားဖို့ ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာတယ်ဆိုရင်၊ ဒေါသ ကြောက်လန့်မှု စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာတယ်ဆိုရင် အဲဒီ စိတ်ခံစားမှုတွေကို ကမ္မဋ္ဌာန်အာရုံ လုပ်နိုင်အောင် လေ့ကျင့်ဖို့ ဖြစ်ပါတယ်။

ဘာဝနာ အလုပ်ဟာ အဆင့်အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် ဘာဝနာကို နေ့စဉ်ဘဝနဲ့ ထိထိရောက်ရောက် ပေါင်းစပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါကြောင့် . . . စိတ်ခံစားမှုတွေအတွက် တစ်ရက်၊ အတွေးတွေအတွက် တစ်ရက် . . . အားထုတ်ချိန် နှစ်ရက် ရှိပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ခုဟာ နေ့စဉ်ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရတာတွေ ဖြစ်လို့ပါ။ ဟုတ်ပြီ . . . ဒီအကျင့်နည်းနဲ့ ပတ်သက်လို့ မေးစရာ ရှိပါသလား။

ယောဂီ။  ။ အာရုံမဲ့ ကမ္မဋ္ဌာန်းနဲ့ ပတ်သက်လို့ လက်တွေ့ကျင့်သုံးနိုင်ဖို့အတွက် လွတ်လွတ်ကင်းကင်း ဖြစ်နေတဲ့စိတ်ကို ဘယ်လိုလုပ်ယူရမလဲ။

ဆရာကြီး။  ။ အသက်ရှူမှုအပေါ် အာရုံစိုက်ထားရတာလို နည်းတစ်ခုခုကို အသုံးပြုပြီးတော့ သတိဖွံ့ဖြိုးအောင်၊ တုံ့ပြန်မှု မရှိတဲ့စိတ်ဓာတ် ကြီးထွားလာအောင်၊ ပွင့်ပွင့်လင်းလင်း ဖြစ်နေအောင် လေ့ကျင့်ရပါတယ်။ ဒီလိုနဲ့ . . . တည်ငြိမ်ခိုင်မာလာတဲ့ အချိန်မှာ ဖြစ်ပေါ်သမျှ အရာရာ အပေါ်မှာ ပွင့်ပွင့်လင်းလင်း ဖြစ်နိုင်ပါတယ်။ ဒီနည်းစနစ်မှာ ကောင်းတာ တစ်ခုက . . . စိတ်မှာ မလွတ်မလပ် ဖြစ်နေတဲ့အခါ၊ တုံ့ပြန်မှု စိတ်ခံစားမှုတွေ ရှိနေတဲ့အခါမှာတောင်မှ တွေ့ကြုံရတာတွေဟာ ကမ္မဋ္ဌာန်းအာရုံ ဖြစ်လာတာပါပဲ။ တွေ့ကြုံရတဲ့ အခိုက်အတန့်မှာ အတွေ့အကြုံကို ကမ္မဋ္ဌာန်းအာရုံဖြစ်အောင် မလုပ်နိုင်ဘူး ဆိုရင်တောင်မှာ နောင်တစ်ချိန်ကျတော့ ဖြစ်ပျက်ခဲ့တာကို ပြန်လှန်သုံးသပ်နိုင်ပါတယ်။ အတွေ့အကြုံကနေ လေ့လာသင်ယူနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ၊ ကျွန်တော်တို့ရဲ့ ကျရှုံးမှုတွေ . . . ဒါတွေကို ကျွန်တော်တို့ရဲ့ ဆရာအဖြစ် သတ်မှတ်နိုင်ပါတယ်။ အကျင့်လမ်းမှာ တိုးတက်ရေးအတွက် အသုံးပြုနိုင်ပါတယ်။ အလွန် လှပတဲ့ ဘဝနေနည်းပါပဲ။ ထုံးစံအားဖြင့် ကျွန်တော်တို့ အမှားကျူးလွန်မိတဲ့ အခါမှာ ကိုယ့်ကိုယ်ကို အနှုတ်လက္ခဏာကြီးတွေ ပေးတတ်ကြပါတယ်။ အပြစ်ရှိတယ်လို့ ခံစားတတ်ကြပါတယ်။ စိတ်ဆိုးဒေါသ ဖြစ်ရပါတယ်။ တုံ့ပြန်ပုံတွေ အမျိုးမျိုးပါပဲ။ ဒီအကျင့်နည်းမှာ အမှားတွေကို တုံ့ပြန်စရာ မလိုပါဘူး။ ဖြစ်ခဲ့တာတွေကနေ လေ့လာရပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ ဖွံ့ဖြိုးတိုးတက်လာပါတယ်။ အဲဒီနောက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုတွေ၊ ပြုလုပ်ခဲ့တဲ့ တုံ့ပြန်မှုတွေကို ကျေးဇူးတင်မိပါတော့တယ်။

ဒီနိုင်ငံ ဒီယဉ်ကျေးမှုမှာ ကျဆုံးမှုတွေ၊ မှားယွင်းမှုတွေကြောင့် ဆင်းရဲဒုက္ခတွေ ခံစားကြရတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် ဒီ အကျင့်နည်းကို အလေးပေး ပြောကြားချင်ပါတယ်။ ဒီကရှေ့ . . . မဆင်းရဲကြပါနဲ့တော့။ ကြုံရတာတွေကို ကမ္မဋ္ဌာန်းအာရုံ လုပ်လိုက်ကြပါ။ သူတို့ဆီကနေ လေ့လာသင်ယူနိုင်အောင် ကြိုးစားကြပါ။ ကိုယ်ရဲ့ ဖြစ်တည်မှုကို ပြသပေးနိုင်တဲ့ မှန်အဖြစ်နဲ့ သူတို့ကို အသုံးပြုနိုင်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ရှိကြစေချင်ပါတယ်။ မနှစ်သက်စရာ စိတ်ခံစားမှုတွေ ရှိနေတာပဲဖြစ်ဖြစ်၊ နှစ်သက်စရာ စိတ်ခံစားမှုတွေ ရှိနေတာပဲဖြစ်ဖြစ် မထူးခြားတော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။ နှစ်သက်စရာ အာရုံတွေကိုလည်း အပေါင်းလက္ခဏာ မပေးတော့ပါဘူး။ မနှစ်သက်စရာ အာရုံတွေကိုလည်း အနှုတ်လက္ခဏာ မပေးတော့ပါဘူး။ ဘုရားရှင် ဟောတော်မူတဲ့အတိုင်း အရှိကို အရှိအတိုင်း မြင်နိုင်အေင်သာ လေ့ကျင့်သင်ယူကြပါတယ်။

ဒီနည်းစနစ်နဲ့ ပတ်သက်လို့ မေးစရာ ရှိပါသေးလား။

ယောဂီ။  ။ နေ့စဉ်ဘဝမှာ အတွေးတွေနဲ့ မတိုက်ခိုက်ဖို့၊ အထူးသဖြင့် တရားအားထုတ်နေချိန်မှာ အတွေ့အထိတွေနဲ့ စစ်မတိုက်ဖို့ ဆရာကြီး သင်ပြပေးခဲ့ပါတယ်။ တရားထိုင်တဲ့ အခါမှာ နာရီဝက်လောက် ရှိလာတော့ ခြေတောက်တွေ နာလာပါတယ်။ ခြေတော်ဆီ အာရုံစိုက်ရပါတော့တယ်။ အခြေအနေက အတွေ့အထိနဲ့ စစ်တိုက်မိအောင် လုပ်ပေးနေသလိုပါပဲ။ အတွေ့အထိကို လက်ခံဖို့ ကြိုးစားတယ်ဆိုရင် အတွေ့အထိတွေကို ဘယ်လိုလက်ခံရမလဲ ဆိုတာကို အာရုံစိုက်နေရပါတယ်။ အတွေးတွေကို လေ့လာစောင့်ကြည့်လို့ မရတော့ပါဘူး။

ဘယ်လိုအချိန်မှာ ဣရိယာပုထ် ပြောင်းလိုက်ဖို့ ဆုံးဖြတ်ရမယ် ဆိုတာကို သိချင်ပါတယ်။ ထိုင်နိုင်လာအောင် နာကျင်မှု ဝေဒနာကို တွေ့ကြုံဖြတ်သန်းဖို့ လိုအပ်နိုင်တဲ့အတွက ဣရိယာပုထ် ခဏခဏ မပြောင်းချင်လို့ပါ။ တစ်ခါတစ်ခါ ဆုံးဖြတ်ချက် ချရမှာဖြစ်ပြီး ဘယ်လို ဆုံးဖြတ်ရမယ် ဆိုတာလည်း မသိတဲ့အတွက် ဇဝေဇဝါ ဖြစ်ရပါတယ်။

ဆရာကြီး။  ။ အချက် တစ်ချို့ . . .။ တစ်ခု ရှိတာက . . . ဘာဝနာ အလုပ်မှာ နာကျင်မှုဟာ အသုံးဝင်ပါတယ်။ နေ့စဉ်ဘဝမှာ ကျွန်တော်တို့ ကာယိက ဝေဒနာ ခံစားရတဲ့အခါ ဘာလုပ်ကြသလဲ။ မနှစ်သက်စရာ ဖြစ်နေတဲ့ အတွက်ကြောင့် ချက်ချင်းပဲ တစ်ခုခု လုပ်လိုက်ကြပါတယ်။ ဣရိယာပုထ် ပြောင်းလဲလိုက်တယ်။ ဒါမှမဟုတ် တစ်ခုခုပေါ့။ ဒီတော့ နာတာကျင်တာ ပျောက်သွားတာပေါ့။ အဲဒီတော့ လူ့ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နာကျင်မှုအကြောင်း မလေ့လာမိကြတော့ပါဘူး။ အနာဂတ်မှာ ဘယ်လို နာကျင်မှု တွေ့ကြုံရနိုင်တယ်ဆိုတာ မသိကြတော့ပါဘူး။ ဒါကြောင့် ထပ်တလဲလဲ နာကျင်ကြရတာပေါ့။ ဘာဝနာဆိုတာ မနှစ်သက်စရာ အတွေ့အကြုံတွေ အပေါ်မှာ ပွင့်ပွင့်လင်းလင်း ရှိနိုင်အောင် လေ့ကျင့်တာ ဖြစ်ပါတယ်။ နာကျင်မှုတွေကို အနှောင့်အယှက်တွေ၊ အာရုံနောက်အောင်လုပ်တဲ့ အရှုပ်တွေလို့ မမြင်ကြပါနဲ့။

ဒါက တစ်ချက်။ နာကျင်မှုထက် အရေးကြီးတာ ဘာမှ မရှိပါဘူး။ အတွေးတွေပဲဖြစ်ဖြစ် တစ်ခြား ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နာကျင်မှုကို ကိုယ်တိုင် တွေ့ကြုံခံစားနေရတာ ဖြစ်လို့ပါ။ ဒါကြောင့် နာကျင်မှုကို ကျေးဇူးတင်လိုက်ပါ။ နာကျင်မှုကို ဘာဝနာ လုပ်ငန်းခွင်မှာ ထည့်ပြီး နာကျင်မှုကနေ လေ့လာသင်ယူနိုင်ပါတယ်။

အစွန်းနှစ်ဘက်ကို ရှောင်ကြဉ်ကြရပါမယ်။ ခန္ဓာကိုယ်ကိုယ် လိုက်လျောတာဟာ အစွန်းတစ်ဘက် ဖြစ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို အလိုလိုက်တာပါ။ ဒီနိုင်ငံမှာ ခန္ဓာကိုယ်ကို အလိုလိုက်တာတွေ များသလား။ သုံးသပ်စရာကောင်းတဲ့ မေးခွန်းပါ။ ခန္ဓာကိုယ်က တောင်းဆိုတယ်။ တောင်းဆိုတာကို ဖြည့်ဆည်းပေးဖို့ ချက်ချင်း ထွက်သွားလိုက်တယ်။ ဒီမှာက ဘာဖြစ်ဖြစ် ရရှိနိုင်တာကိုး။ ဒါကြောင့် တစ်ခါတစ်ခါ ငြင်းဆန်ဖို့ လိုအပ်ပါတယ်။ အမြဲတမ်း အလိုလိုက် အကြိုက်ဆောင်ပေးနေတာဟာ အလိုလိုက်တာပါ။ အမြဲတမ်း ဆန့်ကျင်နေတာဟာလည်း ကိုယ့်ကိုယ်ကိုယ် ရက်စက်တာပါ။ ဒါကြောင့် ဟန်ချက်ညီဖို့ အရေးကြီးပါတယ်။ လိုက်လျောတဲ့အခါ လိုက်လျော၊ ဆန့်ကျင်တဲ့အခါ ဆန့်ကျင်ပေါ့။

တရားထိုင်တဲ့ အခါမှာ ကြုံရတဲ့ ကာယိကဒုက္ခဝေဒနာနဲ့ ပတ်သက်လို့ . . . ချက်ချင်း ဣရိယာပုထ် ပြောင်းလိုက်တယ်ဆိုရင် . . . အဲဒါ အလိုလိုက်တာ ဖြစ်ပါတယ်။ ဣရိယာပုထ် မပြောင်းလဲဘဲ အံကျိတ် သည်းခံပြီး နာကျင်တာကို ရင်ဆိုင်ဖြတ်သန်းမယ်ဆိုရင်လည်း အစွန်းရောက်တာပါပဲ။ ဒါကြောင့် . . . အလယ်အလတ်လမ်း မဇ္ဈမပဋိပဒါ ကျတာက ဝေဒနာကို လေ့လာစမ်းသပ်ခြင်း၊ စူးစမ်းစစ်ဆေးခြင်း ဖြစ်ပါတယ်။ ဝေဒနာက မခံမရပ်နိုင်အောင် ဖြစ်လာတဲ့အခါ ဣရိယာပုထ် ပြောင်းလိုက်ပါ။ မတ်တတ်ရပ်လိုက်ပေါ့။ အလွန် ရိုးရှင်းပါတယ်။


:)
ရှင်အာစာရ
-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန့်ပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment