Saturday, March 19, 2016

အာဏတ္တိက-ကထာ

“အာဏာရှင်တွေများ တယ်ဆိုးပါလား ဒကာတော်ရေ . . .။”

“ဆိုးလှကြောင်းပါ ဘုရား။”

“ဟိုတလောကပဲ မိုးကျရွှေကိုယ်တွေက အရပ်သားတွေရဲ့ ရာထူးနေရာကို လုယူတယ်လို့ ကြားလိုက်သေးတယ်။ အရေးပါတဲ့ နေရာတွေမှာ သူတို့လူတွေချည်းပဲ ဆိုပါလား။ ဥပဒေကလည်း သူတို့စိတ်ကြိုက်တဲ့ကွယ် . . .။ မလွယ်ကြောပါလား။”

“မလွယ်ကြောင်းပါ ဘုရား။”

“သူတို့လူတွေချည်းပဲ ဖြစ်နေမှ သူတို့အာဏာစက် တည်မှာကိုး . . .။ မှန်မှန်မှားမှား သူတို့စိတ်ကြိုက် သူတို့ဆုံးဖြတ်တဲ့အတိုင်း ဖြစ်မှာကိုး။ မတည်မြဲတဲ့ ဘ၀ တိုတိုလေးမှာ အခိုင်အမာ ထောက်တိုင်တွေနဲ့ . . . . .။ အင်း . . . သံဝေဂ ရစရာပါကွယ် . . .။”

“သံဝေဂ ယူစရာပါ ဘုရား။”

“အေး . . . အေး . . . အေး။ ဒါတွေပြောရတာ အကုသိုလ် များလှပါတယ်ကွယ် . . .။”

“အကုသိုလ်တွေပါ ဘုရား။ ဒါနဲ့ ဟိုတလောက အရှင်ဘုရားကို ပြုစုဖို့ စာသင်တိုက်က ပြန်ကြွလာတဲ့ ဦးဂုဏသာရလေး . . . အဆင်ပြေရဲ့လား ဘုရား။”

“ကိုယ့်တူမို့ အားကိုးရမလား အောက်မေ့တယ်။ တယ် အဆင်မပြေလှပါဘူး။ အမြဲတမ်း သူ့ဖုန်းနဲ့သူ အလုပ်ရှုပ်နေတာ။ ဒီဖုန်းနဲ့ပဲ . . . ပထမငယ်တန်း တဘုန်းဘုန်း ကျနေတာ ဖြစ်မှာပါ။ သူ့ပညာရေးကတော့ ဒါပဲနေမှာပါကွယ် . . .။ ဒီမှာပဲ . . . ဒီတိုင်းနေ။ ဒီကျောင်းကလည်း . . . သူ့ကို လွှဲထားပြီးပြီ ကွယ့်။”

“ဟို . . . တိုးမောင်ရဲ့သား . . . ဦးကိတ္တိဗလ . . . ပထမကြီးတန်း အောင်ထားတယ် မဟုတ်လား။ ဦးဂုဏသာရထက်လည်း ငါးဝါလောက် ကြီးတာ . . .။ သူ့ကို ကျောင်းလွှဲရမှာ မဟုတ်လား ဘုရား။”

“အင်း . . . ဒါတော့ ဒါပေါ့ကွယ် . . .။”

“မှန်ပါ။ ဒါနဲ့ ကျောင်းသစ်ကျောင်းဘုန်းကြီး ပျံတော်မူတော့ ကျောင်းခံမယ့် တပည့်မရှိလို့ အရှင်ဘုရားတို့ပဲ . . . အဲ့ဒီကျောင်းကို တာဝန်ယူထားရတယ်ဆို . . . ဟုတ်လား ဘုရား။”

“ဒါပေါ့ကွယ်။ ခုတော့ ကျောင်းဘုန်းကြီး ရှိပါပြီ။ ပခုက္ကူမှာ ကျမ်းကြီးဖောက်ခဲ့တဲ့ ငါ့တပည့် န္ဒ၀ံသကို ကျောင်းအပ်ထားတယ်ကွယ့်။ ဒကာတွေကတော့ မန္တလေးက ဓမ္မာစရိယ ကျမ်းပြီးတစ်ပါး အဆက်သွယ်ရှိတယ်ဆိုပြီး . . . အဲ့ဒီကိုယ်တော်ကို ကျောင်းအပ်ချင်ကြတာ။ အဲ့ဒီလိုတော့ ဘယ်ဖြစ်ပါ့မလဲကွယ် . . .။”

“မှန်ပါ။ ရွှေစည်းခုံကျောင်းလည်း အရှင်ဘုရားတို့ ပိုင်တာပဲလား။”

“ရွှေစည်းခုံကျောင်းက ဟိုတုန်းကတော့ . . . ငါနဲ့ ဦးမာမက နှစ်ပါးဆိုင်။ ဒွိသန္ထက ပေါ့ကွယ်။ ဦးမာမက ပျံတော်မူတော့ ငါတို့ ကျန်ခဲ့တာပေါ့။ အခု ရွှေစည်းခုံကျောင်းက . . . ငါ့တပည့် သကျဝံသ ကျောင်းထိုင်နေတာ။ သူလည်း . . . စာသင်တိုက်မှာ ပထမငယ်တန်း မအောင်နိုင်တာနဲ့ ကျောင်းထိုင်ဖို့ပဲ ပြန်ခေါ်ထားလိုက်တော့တယ် . . .။”

“မှန်လှပါ ဘုရား။ ဆိုးလှကြောင်းပါ ဘုရား။ မလွယ်ကြောင်းပါ ဘုရား။ သံဝေဂ ယူစရာပါ ဘုရား။ အကုသိုလ်တွေပါ ဘုရား။ ပြန်ပါဦးမယ် ဘုရား။ ကျန်းမာရေး ဂရုစိုက်တော်မူပါ ဘုရား။”

“ဟဲ့ ဟဲ့။ ဟဲ့ ဒကာ . . . . .”

:)
ရှင်အာစာရ
(ခေတ္တ မန္တလေး)

No comments:

Post a Comment