Saturday, April 16, 2016

သိမ်မွေ့သောလမ်း (၄၃)

(. . . . .မှ အဆက်)

(အာရုံခံနိုင်စွမ်း ဖွံ့ဖြိုးစေခြင်း အဆက်)

ကျွန်တော်တို့ ဒီအရည်အသွေးကို ဖွံ့ဖြိုးအောင် လုပ်လာနိုင်တဲ့ အခါမှာ သေးငယ် မှုန်းမွားတဲ့ အရာတွေကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်လာပါတယ်။ သာမန်အရာတွေကို ထူးထူးခြားခြား မြင်တတ်လာပါတယ်။ တောရဆောက်တည်တဲ့ ရဟန်းတော်တွေ၊ ဘိက္ခုနီတွေ . . . သူတို့ မြင်ရ ကြားရတာတွေကို အသေးစိတ် ဖော်ပြထားတာတဲ့ အထောက်အထားကောင်းတွေ ဗုဒ္ဓစာပေ ကျမ်းဂန်တွေမှာ ရှိပါတယ်။

တစ်နည်း ပြောရရင် . . . မြင်ခြင်း၊ ကြားခြင်း၊ အနံ့ခံခြင်း၊ တွေ့ထိခံစားခြင်းတွေ အပေါ်မှာ အပြုသဘောဆောင်တဲ့ အာရုံခံနိုင်စွမ်းကို ဖွံ့ဖြိုးအောင်လုပ်တာ ဖြစ်ပါတယ်။ ဒါမှ . . . ဘဝရှင်သန်မှုဟာ အသက်ဝင်မှာ၊ လန်းဆန်းမှာ၊ အပြစ်ကင်းမှာ ဖြစ်ပါတယ်။ ဓမ္မပဒထဲမှာ . . .၊ အလွန်အရေးပါတဲ့ ကျမ်းစာဖြစ်တဲ့ ဓမ္မပဒထဲမှာ ဆိုထားတာ ရှိပါတယ်။ ဒီ သတိ၊ ဒီ နိုးကြားမှုကို မထူထောင်ဘူးဆိုရင် ကျွန်တော်တို့ဟာ လူသေနဲ့ တူပါတယ်တဲ့။ ဒါကြောင့် ဒီအရည်အသွေးနဲ့ဆိုရင် ကျွန်တော်တို့ အသက်ဝင်လာပါတယ်။

ခင်ဗျားတို့ ကြုံဖူးမယ် ထင်ပါတယ်။ ဝတ်ရွတ်စဉ် မစခင်မှာ အသံတွေ ကြားရပါတယ်။ အသံတွေကို ဘယ်လိုမျိုး ကမ္မဋ္ဌာန်းအာရုံဖြစ်အောင် လုပ်နိုင်မလဲ။ အသံတွေကို ပထမဆုံး ကြားလိုက်ရသလို . . . ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ကြားနိုင်တယ်ဆိုရင် ကျွန်တော်တို့ စိတ်ထဲမှာ အသံတွေ အတွက်ပဲ လွတ်ကင်းမှုကို ဖန်တီးနိုင်ပါတယ်။ နောက်ပြီး ဘာပဲလုပ်လုပ် အလားတူ ဘဝရှင်သန်မှု အရည်အသွေး ရှိလာနိုင်ပါတယ်။ စားတဲ့အခါမှာ တကယ့်ကို အသက်ဝင်ပါလိမ့်မယ်။ တကယ်ပဲ အသိရှိပါလိမ့်မယ်။ စားနေတဲ့ အခိုက်အတန့်မှာပဲ ရှိနေပါလိမ့်မယ်။ ဒါကြောင့် ဒီအချက်ကို ကျွန်တော် ကြိုးကြိုးစားစား အလေးပေး ပြောကြားနေတာပါ။

ယောဂီ။  ။ တစ်ခါတစ်ခါ ကျွန်တော်တို့ တရားအားထုတ်နေတုန်းမှာ တုန်ခါမှု၊ ဒါမှမဟုတ် ရွေ့လျားမှု ကြုံဖူးပါသလား။ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။

ဆရာကြီး။  ။ တစ်ခါတစ်ခါ ခန္ဓာကိုယ်ကို ရွေ့လျားခွင့်သာ ပေးလိုက်ပါ။ တစ်ခါတစ်ခါ ထိန်းချုပ်လိုက်ဖို့ လိုပါတယ်။ အခုရပ်လို့ အမိန့်ပေးလိုက်ပါ။ တစ်ခါတစ်ခါ ခွင့်ပြုဖို့၊ တစ်ခါတစ်ခါ ထိန်းချုပ်ဖို့၊ ရပ်တံ့ပစ်လိုက်ဖို့ ဖြစ်ပါတယ်။ မတုံ့ပြန်ဖို့ တစ်ခုပဲ ရှိပါတယ်။ ရယ်စရာကောင်းတဲ့ ခံစားမှုပဲ၊ ထူးဆန်းတယ်၊ ငါလုပ်နေတာ မှန်ရဲ့လားလို့ . . . မတုံ့ပြန်သင့်ပါဘူး။ အဲဒါ မလိုအပ်ပါဘူး။ တရား အားထုတ်တဲ့အခါ စိတ်ထဲ ကိုယ်ထဲမှာ ဖြစ်ပေါ်တာတွေ အများကြီး ရှိပါတယ်။ ဘာပဲ ဖြစ်ပေါ်သည်ဖြစ်စေ သတိပြုမိနိုင်အောင်သာ လေ့ကျင့်ပါ။ အဆင်ပြေတယ်လို့ သဘောထားနိုင်အောင် လေ့ကျင့်ပါ။ ဝတ်ရွတ်စဉ်အကြောင်း တစ်ခုခု ကြားချင်ပါတယ်။ ခင်ဗျားတို့ရဲ့ ဝတ်ရွတ်စဉ် အတွေ့အကြုံက ဘယ်လိုလဲ။

ယောဂီ။  ။ ခေါင်းလောင်းသံကို တကယ်ပဲ မကျေမချမ်း ခံစားရပါတယ်။ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ရွတ်တာဖတ်တာကို အာရုံစိုက်တဲ့ အခါမှာ ခေါင်းလောင်းမြည်သံဟာ အဝေးကြီးကလို့ ခံစားရပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ . . .။ ဘယ်အချိန် ဆိုတာတော့ မသိပါဘူး။ စိတ်ကို မမှတ်မိ ပါဘူး။ တစ်ခါတစ်ခါ ခေါင်းလောင်းမြည်သံဟာ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ လူကို ရိုက်နေသလိုပါပဲ။ ဒါကို ကျွန်တော် သဘောမကျပါဘူး။

ဆရာကြီး။  ။ အတွေ့အကြုံ တော်တော်များများမှာ အနှုတ်ရော အပေါင်းပါ ရှိပါတယ်။ ဒါကြောင့် အပေါင်း၊ အနှုတ်၊ နှစ်သက်စရာ၊ မနှစ်သက်စရာလို့ သိမှတ်ရုံပါပဲ။ ဟုတ်ပါပြီ။ ဒါဟာ ဘဝပါ။ ဘ၀ ဘာလဲဆိုတာကို ဝတ်ရွတ်စဉ်က ပြောပြနေပါတယ်။ တစ်လမ်းသွား မဟုတ်ပါဘူး။ အလှအပတွေချည်းပဲ မဟုတ်ပါဘူး။ အရာရာတိုင်းကနေ ဘယ်လို လေ့လာသင်ယူနိုင်တယ်ဆိုတာ ကြည့်ပါ။ ဒါဟာ ဘဝပါပဲ။ နှစ်သက်စရာတွေ လာတယ်။ မနှစ်သက်စရာတွေ လာတယ်။ နှစ်မျိုးလုံး အပေါ်မှာ ပွင့်လင်းနိုင်ပါရဲ့လား။ ဝတ်ရွတ်စဉ်နဲ့ ပတ်သက်လို့ ကျွန်တော် စဉ်းစားမိတာကို မျှဝေချင်ပါတယ်။ တရုတ်လို ရွတ်တာကို ကျွန်တော် ကြိုက်ပါတယ်။ ဝတ်ရွတ်စဉ်ဟာ တကယ်ပဲ . . . ဘယ်လို ပြောရမလဲ . . .။ တကယ်ပဲ ပစ္စုပ္ပန်ကို ခံစားရပါတယ်။ တစ်ခါတစ်ခါ ကျွန်တော် မသိလိုက်ဘဲ ခန္ဓာကိုယ်က ရွေ့လျားပါတယ်။ အံ့သြစရာပဲ။ ခေါင်းလောင်းကို ကျွန်တော် ကြိုက်ပါတယ်။ သီရိလင်္ကာမှာ ခေါင်းလောင်း မသုံးကြပါဘူး။ ကျွန်တော့်အတွက် အံ့သြစရာ ဖြစ်နေပါတယ်။

ယောဂီ။  ။ တကယ်တော့ ခေါင်းလောင်းဟာလည်း သတိကောင်းစေတဲ့ ပစ္စည်းပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ခေါင်းလောင်းသံဟာ တော်တော် ရှင်းလင်းပြတ်သားလို့ပါ။ ဒုတိယအနေနဲ့ . . . ဖြည်းဖြည်းချင်း တုန်ခါပါတယ်။ ဆုံးတဲ့အထိ အသံ တိုးလျော့သွားပါတယ်။ ဒီတော့ ခေါင်းလောင်းကို ထိုးလိုက်တဲ့ အချိန်ကနေ အဆုံးအထိ၊ နောက်ဆုံး အသံပျောက်သွားတဲ့အထိ သိမှတ်မှုက လိုက်နေနိုင်တာပေါ့။

ဆရာကြီး။  ။ သိပ်ကောင်းတဲ့ အချက်ပဲ။ မေးစရာ ရှိပါသေးလား။

ယောဂီ။  ။ ကျွန်တော် မေးစရာ တစ်ခု ရှိပါသေးတယ်။ သတိအကြောင်း ပြောတော့ . . . ကျွန်တော် သိချင်ပါတယ်။ တရားထိုင်နေရင်း စိတ်ကူးပုံရိပ်တွေ အများကြီး ပေါ်ပါတယ်။ ဆက်တိုက်ပေါ်နေတာပဲ။ ဒါဟာ သတိရဲ့ သဘာဝလား။

ဆရာကြီး။  ။ စိတ်ကူးပုံရိပ်တွေဆိုတော့ . . . ဘယ်လိုဟာကို ဆိုလိုတာလဲ ဥပမာ ပေးနိုင်ပါသလား။ ပျော်စရာ တစ်ခုပေါ့။

ယောဂီ။  ။ ဥပမာ . . . မြက်ပင်ကို ကြည့်တဲအခါ၊ အပင်ငယ်လေးတွေကို ကြည့်တဲ့အခါမှာ သူတို့ ရွေ့လျားတော့ ကျွန်တော်လည်း သူတို့နဲ့အတူ လိုက်ကနေမိသလို ခံစားရပါတယ်။ ဒါက စိတ်ကူးပုံရိပ် တစ်မျိုးပါ။ အတွေး ဟုတ်သလား မဟုတ်ဘူးလားတော့ ကျွန်တော် မသိပါဘူး။

ဆရာကြီး။  ။ ကိစ္စမရှိပါဘူး။ ကနိုင်တယ်ဆိုရင် ကသာ ကပါ။ ပျော်လိုက်ပါ။ အဲဒါ ဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး။

ယောဂီ။  ။ နောက်ပြီး တိမ်တွေကို ကြည့်တဲ့အခါမှာတောင်မှ မြင်ရတာတွေ အများကြီးပါ။ စိတ်ကူးပုံရိပ်ဟာ အတွေးတစ်မျိုးလား သိချင်ပါတယ်။

ဆရာကြီး။  ။ ကိုယ့်ဟာကိုယ် အဖြေရှာပါ။ ဆိုလိုတာက . . . ဒါဟာ ယောဂီတွေကို ကျွန်တော် အားပေးနေကျပါ။ စိတ်ကူးပုံဖော်မိတဲ့ အခါမှာ အဖြေရှာကြည့်ပါ။ အခု ငါ တွေးတောနေသလား၊ ဘာတွေ ဖြစ်နေတာလဲ။ ဒီလို စိစစ်ကြည့်ပေါ့။ မနက်ဖြန်ကျရင် စမ်းသပ်မှု ပြုလုပ်ကြည့်စေချင်ပါတယ်။ ခင်ဗျားရဲ့ တွေ့ရှိချက်ကို ကျွန်တော်တို့နဲ့ . . . လာပြီး မျှဝေပါ။ ကျွန်တော် အားပေးတိုက်တွန်းတာ ဒါပါပဲ။

နောက်ဆုံး ရက်တွေဟာ ခင်ဗျားတို့ ရှာဖွေဖော်ထုတ်ရမယ့် နေ့တွေပါ။ တစ်ခါတုန်းက ကျွန်တော်ပြောဖူးပါတယ်။ ကိုယ်တိုင် ရှာဖွေ ဖော်ထုတ်နိုင်တယ်ဆိုရင် ဒီကနေ ပြန်သွားတဲ့အခါမှာ ဘဝနဲ့ ပတ်သက်လို့၊ အရာရာနဲ့ ပတ်သက်လို့ ဖော်ထုတ်မှုတွေ ဆက်လက်ပြီး ပြုလုပ်နိုင်ပါလိမ့်မယ်။

စိတ်ကူးနဲ့ ပတ်သက်လို့ တစ်ခု အန္တရာယ် ရှိတာက . . . စိတ်ကူးနဲ့ အစစ် မခွဲခြားနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ စိတ်ကူးနဲ့အစစ် မခွဲခြားနိုင်ကြတဲ့ အတွက်ကြောင့် တစ်ချို့လူတွေ မအောင်မမြင် ဖြစ်သွားကြတာကို ကျွန်တော် သိပါတယ်။

ယောဂီ။  ။ မနေ့ညက ကျွန်တော် နှံကောင်အကြောင်း ပြောခဲ့ပါတယ်။ နှံကောင်တွေ တရားအားထုတ်နေကြတာလား၊ သူတို့ တရားထိုင်နေကြတယ်လို့ ကျွန်တော် စိတ်ကူးကြည့်မိတာလား မသိပါဘူး။ ဒါဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဆရာကြီး။  ။ ဒါကြောင့် ကျွန်တော် ပြောတာပေါ့။ စိတ်ကူးနဲ့ အစစ် ခွဲခြားမသိနိုင်တော့တဲ့ အခြေအနေ ရောက်သွားနိုင်တယ်လို့ ကျွန်တော် ပြောတာပေါ့။ ဒီကနေပြီး ပြဿနာ ကြီးမားလာနိုင်ပါတယ်။ ဆိုလိုတာက . . . ဒါဟာ ဘာဝနာ ကျင့်သုံးနည်းနဲ့ဆိုင်တဲ့ အလှတရား ဖြစ်ပါတယ်။ စိတ်ကူးနဲ့ ပုံဖော်စရာ မလိုပါဘူး။ အစစ်ပါ။ ဓမ္မဓိဋ္ဌာန်ကျတဲ့ အရာပါ။ မစစ်မှန်တာ ရှိနေရင်၊ စိတ်ကူးပုံရိပ်တွေ ရှိနေရင် အရှိအမှန်ဆီ ပြန်လာပါ။ အသံတွေ ဆိုပါစို့။ နှစ်သက်စရာပေါ့။ လူတိုင်း ကြားနိုင်ပါတယ်။ ဒါမှမဟုတ် အတွေ့အထိတွေပေါ့။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိသူတွေနဲ့ တွေ့တဲ့အခါမှာ သူတို့ကို ကျွန်တော် ပေးလေ့ရှိတဲ့ အကျင့်နည်း ဖြစ်ပါတယ်။ ပထမဆုံး အကြိမ်မှာ စစ်မှန်တာနဲ့ မစစ်မှန်တာကို သူတို့ ခွဲခြားနိုင်ကြပါတယ်။

နောက်တစ်နေ့ ကျင့်ကြံဖွယ်

သိကြတဲ့အတိုင်း . . . မနက်ဖြန်ကျရင် အစီအစဉ် တစ်မျိုးပြောင်းပါလိမ့်မယ်။ လုပ်ငန်းခွင် ကမ္မဋ္ဌာန်း အများကြီး ရှိပါတယ်။ သန့်ရှင်းရေးပေါ့။ ကျွန်တော် သိပါတယ်။ ခင်ဗျားတို့ ဝစီပိတ် ကျင့်နေကြတာ မဟုတ်ပါဘူး။ မနက် ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်။ ဒါပေမယ့် အကြံပြုချင်ပါတယ်။ နေ့စဉ် ဘဝမှာ အလွန် အရေးကြီးပါတယ်။ စကားပြောတဲ့အခါမှာ ကိုယ့်စကားကိုယ် ဘယ်လောက်ထိ အာရုံစိုက်နိုင်သလဲ။ မြင်အောင် ကြည့်ပါ။ နေ့စဉ်ဘဝမှာ ပြောမှားဆိုမှား ရှိခဲ့ရင် ပြဿနာတွေ၊ အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေ ဖြစ်လာတတ်လို့ပါ။

ဒါကြောင့် မနက်ဖြန်ကျရင် အားစိုက်ထုတ်ကြည့်ပါ။ နေ့စဉ်ဘဝအတွက် အလွန်ကောင်းတဲ့ လေ့ကျင့်မှု ဖြစ်ပါလိမ့်မယ်။ မနက်ဖြန် . . . စကားပြောတဲ့ အခါမှာ စကားပြောနေတယ်လို့သာ သိပါ။ ကိုယ့်ရဲ့ အသံနေ အသံထားကို သတိထားကြည့်ပါ။ သူတစ်ပါး စကားပြောတဲ့ အခါမှာ တကယ် အာရုံစိုက်ပြီး နားထောင်နိုင်ရဲ့လား သတိထားကြည့်ပါ။ မနက်ဖြန် လုပ်ငန်းဆောင်တာ လုပ်ကိုင်နေချိန်မှာလည်း . . . ကျွန်တော်တို့ လေ့ကျင့်နေကျ အတိုင်းပေါ့ . . . အလုပ်ကို ကမ္မဋ္ဌာန်းနဲ့ ခွဲခြား မမြင်ဘဲ အလုပ်ကို ကမ္မဋ္ဌာန်းအဖြစ် ရှုမြင်နိုင်ပါသလား . . . ကြည့်ပါ။ အဲဒီနောက် . . . နောက်ဆုံး အစီအစဉ်၊ နိဂုံးချုပ် ကဏ္ဍတစ်ခု ရှိပါလိမ့်မယ်။ ဒီတော့ နေ့စဉ်ဘ၀ ဘာဝနာနဲ့ ပတ်သက်လို့ ပြောဖို့ အချိန် ရနိုင်ပါတယ်။ လိုအပ်တယ် ဆိုရင်ပေါ့။

ဘာဝနာ အလုပ်က ပြဿနာတွေ၊ အခက်အခဲတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ မေးခွန်းတွေ တင်ပြကြတဲ့အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်။ အခု ဆေးဝါးအကြောင်း အမြင်ရှင်းကြပြီလို့ မျှော်လင့်ပါတယ်။ နေ့စဉ်ဘဝမှာ ဆေးကို အသုံးချမယ်လို့ . . . ခိုင်မာပြတ်သားဖို့ အရေးကြီးပါတယ်။ ဆေးကို တကယ် အသုံးချကြဖို့ တိုက်တွန်းချင်ပါတယ်။ ဆေးက တကယ် စွမ်းပါတယ်။ တကယ် အကူအညီ ပေးနိုင်ပါတယ်။ ခင်ဗျားတို့ ကိုယ်တိုင် ဖန်းတီးတဲ့ ရောဂါတွေနဲ့ ပတ်သက်လို့ . . . ဆေးရဲ့ အထောက်အပံ့ကို သိမြင်နိုင်ကြပါလိမ့်မယ်။ တိုက်တွန်းချင်တာ တစ်ခု ရှိပါသေးတယ်။ ဆေးကို ကိုယ်တိုင် အသုံးပြုရင်း သူတစ်ပါးနဲ့လည်း ကြိုးစားပြီး မျှဝေကြပါ။ ဒီကမ္ဘာ ဆင်းရဲဒုက္ခ ရောက်နေသူတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဆေးကို ကိုယ်တိုင် အသုံးပြုရင် သူတစ်ပါးနဲ့လည်း မျှဝေဖို့ အရေးကြီးပါတယ်။

ဟုတ်ပါပြီ . . .။ အခု ဝတ်ရွတ်စဉ် ရွတ်ကြမယ်။



:)
ရှင်အာစာရ
-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment