Friday, March 18, 2016

Acknowledgement

စာအုပ်၌ “ကျေးဇူးစကား” မဆိုခဲ့ရသော “တရားမင်းသခင်” (Portrait of the Buddha ၏ မြန်မာဘာသာပြန်)ကို ရှာနေသည့် တတိယနှစ် ဦးဇင်းတစ်ပါးထံ စာအုပ်လက်ဆောင် ပေးရင်း ရက်စွဲတိုက်ဆိုင်မှုကို သတိထားမိခဲ့သည်။ မတ်လ (၁၈)ရက်၊ ၂၀၁၂ခုနှစ်မှာ ဘာသာပြန် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။ လေးနှစ် ရှိခဲ့ပြီ။

ဘာသာပြန်ကို လက်စသတ်စဉ်က အပြောင်းအလဲကာလ ဖြစ်ခဲ့သည်ကို သတိရမိပြန်သည်။ အိုးမဲ့အိမ်မဲ့ဟု ဆိုရမည့် ခေတ်သစ် အနာဂါရိက ဖြစ်ခဲ့သည်ကို သတိရမိပြီး ထိုကာလက နားခိုခွင့် နားခိုရာ ပေးခဲ့သော သီတရံသီ (မုံရွာ၊ မြို့မရွှေဂူ) ဆရာတော် ဒေါက်တာ အရှင်စန္ဒာဝရကို ကျေးဇူးတင်မိသည်။

ဒီဇင်ဘာ (၉)ရက် ၂၀၁၀ခုနှစ်က စတင်၍ ဘာသာပြန်ခဲ့ခြင်း ဖြစ်သည်။ စင်္ကာပူ မင်္ဂလ၀ိဟာရကျောင်းတိုက်၌ ရှိနေစဉ် စတင်၍ ဘာသာပြန်ခဲ့ခြင်းဖြစ်ရာ ထိုကျောင်းတိုက် အစုအဖွဲ့၏ ကျေးဇူးကိုလည်း အောက်မေ့မိသည်။ ထိုကျောင်းတိုက်သို့ ဖိတ်ခေါ်ခဲ့သည့် ကျောင်းထိုင်ဆရာတော် ဦးစိတ္တရနှင့် ဒကာဒကာမများကို ကျေးဇူးတင်မိသည်။ ကျောင်းထိုင်ဆရာတော်၏ ၀ိုင်ဖိုင်အင်တာနက်ကြောင့် blogပိုးထပြီး စာပိုးရွခဲ့သည်ဖြစ်ရာ ထိုကျောင်းမှာသာ မဟုတ်လျှင် အလုပ် စဖြစ်မည် မဟုတ်ဟု သုံးသပ်မိသည်။

အခန်းဆက် ဘာသာပြန်များ ရေးအားရှိအောင် အားပေးခဲ့ကြသည့် အင်တာနက် စာပေမိတ်ဆွေများကိုလည်း ကျေးဇူးတင်ရသည်။

Blogစာများကို စာအုပ်ဖြစ်လာအောင် ကျေးဇူးပြုခဲ့သူများမှာ ကံ့ကော်ဝတ်ရည်၊ ဓမ္မဘေရီဆရာတော်နှင့် ဓမ္မဂင်္ဂါဆရာတော်တို့ ဖြစ်ကြသည်။

စာအုပ်အဖြစ် ထုတ်ဝေပြီးနောက် ယနေ့အထိ စာအုပ်လက်ဆောင် ပေးသင့်သူများကို ပေးဖြစ်အောင် အလျဉ်းမသင့်နိုင်သေးပေ။ နားလည်သည်းခံနိုင်ကြသော ထိုသူများကိုလည်း ကျေးဇူးအထူး တင်ရှိပါကြောင်း။

:)
ရှင်အာစာရ

No comments:

Post a Comment