“သားသမီးတွေအိမ်ထောင်ရေးနဲ့
ပတ်သက်ပြီး၊ သဘောမတူသူနဲ့ ယူတာ ဘာညာပေါ့။ မိဘတွေ စိတ်ဆင်းရဲနေရင် ဘယ်လိုတရားနှလုံးသွင်းရင်
ပိုကောင်းတယ်ထင်လဲဘုရား။”
“အရှိတရားကို
လက်ခံလိုက်ရမှာပါ့။ ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခံ။ သဘောမတူလည်း အသိအမှတ်ပြု။
ဒါပဲ
ရှိတာပေါ့။ သဘောမတူတဲ့သူနဲ့ ယူသွားတဲ့ သားသမီးကို လက်ခံရမယ် ဆိုတာက သားမက်တို့ ချွေးမတို့ကို
ဟက်ဟက်ပက်ပက် ကြည်ကြည်ဖြူဖြူ လက်ခံရမယ်လို့ ပြောတာတော့ မဟုတ်ဘူးနော်။ အဲ့ဒီလို ဖြစ်မှ
မဖြစ်နိုင်တာ။ မဖြစ်သင့်လို့ မဖြစ်စေချင်ဘူးဆိုရင် မဖြစ်ခင်က မဖြစ်အောင် လုပ်ပေါ့။
မတတ်နိုင်တော့ဘူး ဖြစ်သွားပြီဆိုရင်တော့ လက်ခံလိုက်၊ အသိအမှတ်ပြုလိုက်။ အဲ့ဒီလို ဆိုလိုတာ။
သဘောမတူလို့
တင်းခံပြီး ဆန့်ကျင်နေရင် စိတ်ဆင်းရဲရမှာပဲ။ သဘောမတူဘူးဆိုပြီး အမွေပြတ် စွန့်လွှတ်တာမျိုး၊
သေခန်းဖြတ်တာမျိုးတွေဟာ . . . မြင်မကောင်း၊ ကြားမကောင်း. . . ရိုင်းစိုင်းမှုတွေပဲ။
လူယဉ်ကျေးအလုပ် မဟုတ်ဘူး။ ကိုယ့်ဆန္ဒနဲ့ မကိုက်ညီလို့ ဆန့်ကျင်နေရင် . . . စိတ်ဆင်းရဲရတယ်
. . . ဆိုတာထက် စိတ်ဒဏ်ရာ ရတာပဲ။ မကြိုက်တာမို့ လက်မခံနိုင်တာဟာ အခြေအနေ တင်းမာမှုပဲ။
လက်မခံနိုင်မှု ကြီးမားလေ စိတ်ဒဏ်ရာ ပြင်းထန်လေပဲ။ ပတ်ဝန်းကျင် ငြိမ်းချမ်းရေးလည်း ပျက်တာပဲ။
လျှော့သင့်သလောက် လျှော့ပြီး အလိုက်သင့် လက်ခံနိုင်မှ စိတ်ဒဏ်ရာ သက်သာမယ်။ ပတ်ဝန်းကျင်လည်း
ခံသာမယ်။ မကြိုက်ရင် ကင်းကင်းနေလို့ ရတယ်။ အရှိအမှန်ကိုတော့ လက်မခံလို့ မရဘူး။
ဒီလိုကိစ္စမှာတင်
မဟုတ်ဘူး။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး အထိပဲ။ မကြိုက်ဘဲနဲ့ လက်ခံရတာတွေ
အများကြီး ရှိတယ်။ ကိုယ်ဖြစ်ချင်တာ ကိုယ်ရချင်တာက တရားမျှတတယ်ဆိုရင် . . . လောကနည်း
ဓမ္မနည်းနဲ့အညီ၊ တရားနည်းလမ်းကျကျ ဖြစ်အောင်လုပ်ရမှာပဲ။ ရအောင်ယူရမှာပဲ။ လူ့လုံ့လ လူ့ဝီရိယ
လူ့ပယောက စိုက်ထုတ်ရမှာပဲ။ ဒါပေမယ့် အရာရာဟာ ကိုယ့်ဆန္ဒအတိုင်း ဘယ်ဖြစ်နိုင်မှာလဲ။ အဲ့ဒါကို
. . . ကိုယ်စိတ်တိုင်းမကျတာကို လက်မခံနိုင်ဘူးဆိုရင် . . . သူလည်း အကျိုးမရှိဘူး။ ကိုယ်လည်း
အကျိုးမရှိဘူး။ အရိုင်းစိတ်နဲ့ . . . ခေါင်းမာမာနဲ့ ခုခံဆန့်ကျင်နေရင် စိတ်ဒဏ်ရာရပြီး
. . . ဒဏ်ရာက ကြာလေဆိုးလေ ဖြစ်မှာပဲ။ ပတ်ဝန်းကျင်ကိုလည်း ဒုက္ခပေးတာပဲ။ တရားနှလုံးသွင်းတယ်
ဆိုတာထက် . . . စိတ်နေသဘောထားပေါ့။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရှိတရားကို လက်ခံနိုင်
အသိအမှတ်ပြုနိုင်တဲ့ ပြေပြစ်တဲ့ စိတ်ထား။ အဲ့ဒီစိတ်ထား မရှိဘူးဆိုရင် . . . ပုထုဇ္ဇနော
ဥမ္မတ္တကော . . . အရူးကြီးပဲ။ လုပ်သမျှလည်း အရူးချေးပမ်း ပရမ်းပတာ။
ဘုရားဟောတဲ့
တရားဓမ္မကတော့ . . . ၀င်လေကိုသိတာ၊ ထွက်လေကို သိတာတို့။ ဒေါသဖြစ်ရင် ဒေါသဖြစ်တယ်လို့
သိတာမျိုး။ စိတ္တာနုပဿနာ . . . ဆိုတာမျိုး။ သားသမီးကြောင့် စိတ်ဆင်းရဲရတယ် ဆိုတာဟာ ဒေါသပဲ။
ဒေါသစိတ် . . . ဒေါသအခြေအနေကို သိတယ် မှတ်တယ်ဆိုရင် ဒေါသကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာ သက်သာမှာပဲ။
ဒေါသကို မသိမှတ်နိုင်ရင်တော့ . . . ပိုဆိုးမှာပဲ။ သိမှတ်မှုဟာ ဖြေဆေးပဲ။ ဒါက တရားသဘော။
လောကသဘောမှာလည်း . . . မကျော်လွန်နိုင်တဲ့ အခြေအနေကို ကြိုက်ကြိုက် မကြိုက်ကြိုက် ပြေပြစ်တဲ့
စိတ်ထားနဲ့ အလိုက်သင့် လက်ခံဖို့ပဲ။ မကြိုက်တာကို လက်ခံတယ်ဆိုတာ . . . စောစောက ပြောသလို
ကြည်ကြည်ဖြူဖြူ ဟက်ဟက်ပက်ပက်တော့ မဟုတ်ဘူးပေါ့လေ။ တင်းမာမှုတွေ ပြေလျော့တဲ့ အဆင့်လောက်ထိတော့
လက်ခံရမှာပဲ။ အဲ့ဒါမှ ပြေပြေလည်လည် ငြိမ်းချမ်းမှာ။”
:)
ရှင်အာစာရ
No comments:
Post a Comment