Friday, February 12, 2016

ဗိုလ်ချုပ်မွေးနေ့ နှင့် ဗိုလ်ချုပ်လူ

“တပည့်တော်တို့က ဗိုလ်ချုပ်ထောက်ခံသူတွေ ဗိုလ်ချုပ်အဖွဲ့တွေဆိုတော့ ဗိုလ်ချုပ်မွေးနေ့ကို တပည့်တော်တို့ပဲ ဦးဆောင်းကျင်းပကြတာပေါ့ ဘုရား။ တပည့်တော်တို့က ဗိုလ်ချုပ်လူတွေလေ . . .။”

“မင်းတို့က ဗိုလ်ချုပ်လူတွေ ဆိုတော့ ကျန်တဲ့လူတွေက ဗိုလ်ချုပ်နဲ့ မဆိုင်သလိုပဲ . . .။ တို့ရွာမှာ ဗိုလ်ချုပ်ကို မကြိုက်တဲ့သူ ရှိလို့လား။”

“ကြိုက်တော့ ကြိုက်ကြတာပေါ့ ဘုရား။ ဒါပေမယ့် . . .။”

“ဒါပေမယ့် ဘာဖြစ်လဲ။”

“ဒါပေမယ့် တပည့်တော်တို့လို မဟုတ်ဘူးလေ။ အရှင်ဘုရားကလည်း . . .။”

“မင်းတို့က သူများတွေထက် ဗိုလ်ချုပ်ကို ပိုချစ်တယ်။ ဗိုလ်ချုပ်ကို ပိုလေးစားတယ် ဆိုတဲ့ သဘောလား။”

“ဘယ်လို ပြောရမလဲ . . . . .။”

“မင်းတို့က ဗိုလ်ချုပ်ကို ပိုချစ်တယ် ပိုလေးစားတယ်လို့ ဖွင့်မပြောပေမယ့် . . . အဲ့ဒီ အဓိပ္ပာယ်ဆိုတာ ငါသိပါတယ်။ ဗိုလ်ချုပ်ကို ချစ်တာ၊ ဗိုလ်ချုပ်ကို လေးစားတာ . . . ကောင်းပါတယ်။ ချစ်ကြပါ။ လေးစားကြပါ။ ငါတို့လည်း ချစ်တာပဲ။ လေးစားတာပါပဲ။ လူတိုင်းလည်း ဒီလိုပါပဲ။ ချစ်ပုံ၊ လေးစားပုံတော့ ကွဲမှာပေါ့။”

“မှန်ပါ။”

“ဗိုလ်ချုပ်ကို ချစ်လို့၊ ဗိုလ်ချုပ်ကို လေးစားလို့ဆိုပြီး ဗိုလ်ချုပ်မွေးနေ့ပွဲ ကျဉ်းပလိုက်ရုံနဲ့ မပြီးသေးဘူး ဆိုတာကိုတော့ နားလည်ထားသင့်တယ်။ ဗိုလ်ချုပ်ကို တကယ်ချစ်တယ်၊ တကယ်လေးစားတယ်ဆိုရင် ဗိုလ်ချုပ်ကို အတုယူနိုင်ဖို့ အရေးကြီးတယ် ကွ။ အထူးသဖြင့် မင်းတို့လို နိုင်ငံရေးသမားတွေ ဗိုလ်ချုပ်ကို အတုယူနိုင်ဖို့ လိုတယ်။

သာမာန်လူတွေ . . . ဈေးသည်တွေ၊ ကုန်သည်တွေ၊ တောင်သူတွေ . . . ဗိုလ်ချုပ်ကို အတုမယူနိုင်ဘူးဆိုရင် သူတို့အလုပ်၊ သူတို့နယ်မှာပဲ သက်ရောက်မှု ရှိမယ်။ မင်းတို့ နိုင်ငံရေးသမားတွေကျတော့ . . . နယ်က ပိုကျယ်သွားပြီ။

ဥပမာကွာ . . . ဈေးထဲမှာဆိုရင် ဈေးသည်နဲ့ ဈေးဝယ် . . .။ သူတို့နယ်က ကျဉ်းတယ်။ ဈေးသည်က ဈေးဝယ်သူကို ညစ်တယ် ဆိုပါစို့။ ဈေးဝယ်သူက ဈေးရောင်းသူကို ညစ်တယ် ဆိုပါစို့။ ရောင်းသူနဲ့ဝယ်သူတို့ရဲ့ ဆက်ဆံရေးနယ်မှာပဲ အကျိုးသက်ရောက်မှု ရှိမယ်။ သူတို့က . . . ဗိုလ်ချုပ်ကို အတုမယူနိုင်ကြတဲ့အတွက် . . . သက်ဆိုင်ရာ သူတို့နယ်ပယ်မှာ ဆိုးကျိုးအပြစ် သက်ရောက်မှာပေါ့။

ဗိုလ်ချုပ်က သူ့လုပ်ဖော်ကိုင်ဘက်တွေအပေါ်၊ သူ့လက်အောက်ငယ်သားတွေအပေါ်၊ တိုင်းရင်းသားတွေအပေါ် ညစ်ပတ်တာမျိုး မလုပ်ခဲ့ဘူးလေ။ သူ့ကို ဆန့်ကျင်သူတွေကိုတောင် မညစ်ခဲ့ဘူး။ အောက်တန်း မကျခဲ့ဘူး။

မင်းတို့ နိုင်ငံရေးသမားတွေ ညစ်ပတ်ရင်တော့ ဆိုးကျိုးသက်ရောက်မှုက နယ်ကျယ်သွားမယ်နော်။ ဈေးရောင်းနဲ့ဈေးဝယ်လို . . . နယ်မကျဉ်းတော့ဘူး။ မင်းတို့မှားရင် . . . အနည်းဆုံး တို့တစ်ရွာလုံး ခံရမယ်။ ဒီထက် နယ်ကျယ်ရင်ကွာ . . . တစ်မြို့နယ်လုံး၊ တစ်တိုင်းလုံး၊ တစ်နိုင်ငံလုံး . . . သက်ရောက်မှု ကျယ်သွားနိုင်တယ်။

နောက်ပြီး . . . ဗိုလ်ချုပ် နိုင်ငံရေး လုပ်တုန်းက . . . သူ့ကို ထောက်ခံတဲ့သူတွေကို သူ့လူလို့ သတ်မှတ်မြှောက်စားပြီး သူ့ကို မထောက်ခံသူတွေကျတော့ နှိပ်စက်တာမျိုး ရှိခဲ့သလား။ မင်းတို့ စဉ်းစားဖို့ . . .။”

“ဗိုလ်ချုပ်က အားလုံးအတွက် မျှတပါတယ် ဘုရား။”

“အေး . . . ဗိုလ်ချုပ်က အားလုံးအတွက် မျှတလို့ . . . အားလုံးက ဗိုလ်ချုပ်ကို ချစ်ကြတာပေါ့ ကွ။ မင်းတို့လည်း ဗိုလ်ချုပ်လို . . . အားလုံးချစ်တာ ခံရအောင် ကြိုးစားကြ။ မင်းတို့က ဗိုလ်ချုပ် မဟုတ်တဲ့အတွက် အားလုံးကတော့ မင်းတို့ကို ချစ်နိုင်ကြမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် . . . မျှတဖို့က မင်းတို့ တာဝန်ပဲ။ ဗိုလ်ချုပ်ကို အတုယူကြ။ ဒါမှ ဗိုလ်ချုပ်လိုလူ . . . ဗိုလ်ချုပ်လူ ဖြစ်မှာ။”

:)
ရှင်အာစာရ

No comments:

Post a Comment