လူ့ဘဝ ရုန်းကန်ကြတဲ့ နေရာမှာ ပြဿနာတွေ အခက်အခဲတွေ ကြုံကြရတာပဲ။ ငွေကြေး ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဘဝပြဿနာတွေ ရှိတာပဲ။ ဘဝအခက်အခဲတွေ တွေ့ရတာပဲ။ လူ့သဘာဝ . . . လောကဓမ္မတာ . . .။ ရှုမြင်သုံးသပ်ပုံ . . . အမြင်မတော်ဘူး အမြင်မကြည်ဘူး၊ သင့်တော်တဲ့ ရှုထောင့်က မကြည့်တတ်ဘူး မကြည့်နိုင်ဘူးဆိုရင် ပြဿနာတွေ တစ်ခုက နှစ်ခု တိုးလာမယ်၊ အခက်အခဲတွေ ခက်သည်ထက် ခက်လာမယ်၊ အကြပ်အတည်းတွေ ကြပ်သည်ထက် ကြပ်လာမယ်။ လောကထဲမှာ ကြင်လည်တော့ ကြုံရတဲ့ ပြဿနာတွေ အခက်အခဲတွေဟာ . . . သင့်တော်တဲ့ အမြင် ရှိမယ်ဆိုရင်တော့ . . . ပြဿနာတွေ လျော့မယ်၊ အခက်အခဲတွေ လွယ်သွားမယ်။
ဘဝမှာ စီးပွားရေးတွေ လုပ်ကြရမယ်။ လူမှုရေးတွေ ဆောင်ရွက်ကြရမယ်။ သူ့ဘက်ကိုယ့်ဘက်၊ သူ့ဆွေးမျိုး ကိုယ့်ဆွေမျိုး . . . သူ့မိတ် ကိုယ့်မိတ် . . . ဆက်စပ်ပတ်သက်ပြီး လူရေးလူရာတွေမှာ ပါဝင်ဆင်နွှဲကြရမယ်။ အဲ့ဒီအခါမှာ သင့်တော်တဲ့ အမြင် ရှိဖို့ အရေးကြီးတယ်။
ဆိုကြပါစို့ . . .။ အခု . . . မင်္ဂလာဦး အိမ်ထောင်ဦး . . . ကုသိုလ်ပြုကြတယ်။ သံဃာတော်တွေကို ပင့်ဖိတ်ပြီး . . . အိမ်ထောင်ဦး သင်္ကန်းကပ်တယ်။ ဆွမ်းကပ်တယ်။ ခဲဘွယ်ဘောဇဉ်တွေ ဆက်ကပ်တယ်။ တတ်စွမ်းသမျှ လှူဒါန်းကြတယ်။ ဒီနေ့ ကြိုတင်ပြီး ကုသိုလ်လုပ်ကြတယ်။ မင်္ဂလာဆောင်မှာက မနက်ဖြန်မှ။ မနက်ဖြန်ကျရင် ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ . . . ကျွေးကြမွေးကြ ဧည့်ခံကြမယ်။ အဲ့ဒီတော့ . . . မနက်ဖြန်ကျရင် အလုပ်ရှုပ်မှာမို့ ဒီနေ့ ဘုန်းကြီးတွေကို ကြိုရှင်းထားတာလား။
မနက်ဖြန်ကျရင် မင်္ဂလာ ဧည့်ခံပွဲနဲ့ အလုပ်ရှုပ်မှာမို့ ဒီနေ့ . . . ဘုန်းကြီးတွေကို ကြိုရှင်းထားလိုက်တယ်ဆိုရင် ရိုင်းသွားပြီ။ ပြောရတဲ့သူလည်း မကောင်းဘူး။ ကြားရတဲ့သူလည်း မကောင်းဘူး။ လုပ်ရကိုင်ရတဲ့သူတွေ အဆင်မပြေတော့ဘူး။ မနက်ဖြန် လူတွေကို ကျွေးမှာ . . .။ ဒီနေ့ ဘုန်းကြီးတွေကို အရင်ကပ်တာ။ လူတွေကို မကျွေးခင်း ဦးဦးဖျားဖျား ဆက်ကပ်တာ။ သံဃာတော်တွေကို ဦးစားပေးတာ။ ရတနာသုံးပါးကို ဦးထိပ်ထားတဲ့ အနေနဲ့ မင်္ဂလာပွဲ မတိုင်ခင် ကုသိုလ်လုပ်တာပါ ဆိုရင်တော့ . . . ယဉ်ကျေးသွားတာပေါ့။ အဲ့ဒီလို မြင်ရမယ်။ အဲ့ဒီလို စိတ်ထားရမယ်။
ဘုန်းကြီးတွေ ဘက်ကလည်း . . . ဒီဒကာဒကာမတွေက ငါတို့ကို ကြိုရှင်းထားတာလို့ မြင်လိုက်မယ်ဆိုရင် သံဃာတော်တွေအတွက် မကောင်းတော့ဘူး။ ငါတို့ကို အရင် . . . ငါတို့ကို ဦးထိပ်တင်တာလို့ မြင်မှ အဆင်ပြေမယ်။
အခု . . . အိမ်ထောင်ဦး သင်္ကန်းကပ် မင်္ဂလာဆွမ်း ကပ်တာကိုပဲ နှစ်မျိုးမြင်လို့ ရတဲ့နေရာမှာ သင့်တော်တဲ့ဘက်က အမြင်တော်အောင် ကြည့်သလို . . . ဘဝတစ်လျှောက်လုံး ကြုံရတဲ့ အရေးကိစ္စတွေကိုလည်း တော်တဲ့ဘက်က ကြည့်နိုင်အောင် ကြိုးစားကြဖို့ သတိပေးပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှု အစုစုဟာ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်တဲ့ အထောက်အပံ့ ဖြစ်ပါစေ။ ဘဝမှာ ကြုံရတဲ့ ပြဿနာတွေ အခက်အခဲတွေကို ကျော်လွန်နိုင်အောင် ထောက်ပံ့ပေးနိုင်တဲ့ အထောက်အပံ့ကောင်း ဖြစ်စေ။ ကိုယ့်ကုသိုလ်ကို ကြားနိုင် သိနိုင် မြင်နိုင်သူတွေ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေ။ ရေစက်သွန်ချ အမျှပေးဝေမယ်။”
:)
ရှင်အာစာရ
No comments:
Post a Comment