ကြောင်တို့သည် အဟိတ် တိရစ္ဆာန်များ ဖြစ်ကြသည်။ အရှက်လုံအောင် မ၀တ်တတ်ကြဘဲ ကိုယ်လုံးတီးသာ ရှင်သန်ကြသည်။ သို့သော် အတိုင်းအတာ တစ်ခုအထိ သိတတ်သည်။ ခံစားတတ်ကြ၏။ ချစ်တတ်သူတို့က ၎င်းတို့ကို ပူစီဟု ခေါ်ကြသည်။
ပူစီသည်
ငါးကြော်ကို အလွန်ကြိုက်ကြောင်း ကျက်မှတ်ခဲ့ကြဖူး၏။ ယခုကြုံရသည့် ပူစီတို့ကား ပဲခွေ
(မုံ့သြဇာ၊ စာကလေးခွေ)ကိုလည်း အလွန် ကြိုက်ကြ၏။ “မိန်မိန် မိန်၊ မြိန်မြန် မြိန်”ဟု
ခေါ်လိုက်သည်နှင့် ပူစီတို့သည် ကြားရာအရပ်မှ အရောက်ပြေးလာတတ်ကြ၏။ “မိန်မိန် မိန်”ဟု
ဆိုသော်လည်း “ငါး”မဟုတ်ဘဲ ပဲခွေ ဖြစ်နေတတ်၏။ “မိန”ဟူသော ပါဠိစကားမှာ မြန်မာလို “ငါး”ဟု
အဓိပ္ပာယ်ရ၏။ ပူစီတို့ ကြိုက်နှစ်သက်သော “မိန (ငါး)” မှ “မိန်မိန် မိန်၊ မြိန်မြိန်
မြိန်”ဟူသော ကြောင်ခေါ် ဝေါဟာရ ဖြစ်ပေါ်လာသည်ဟု ယူဆနိုင်ပေသည်။ ငါးအရသာနှင့် ပဲခွေအရသာ
နီးစပ်မှု၊ ဆက်စပ်မှု ရှိမရှိ သေချတပ်အပ် မပြောတတ်ပေ။ ပူစီတို့အတွက်ကား အနည်းဆုံးအားဖြင့်
ပဲခွေ ဖြစ်ပေမည်။ ရံခါ၌ ငါးလည်း ဖြစ်နိုင်သည်။ ပဲခွေဖြစ်စေ၊ ငါးဖြစ်စေ၊ အခြားတစ်ခုခုဖြစ်စေ
စားစရာရလျှင် ပူစီတို့ ခေါင်းမဖော်နိုင်ကြတော့ပေ။ ပူစီတို့ပေတည်း။
ယခုတစ်ကြိမ်၌ . . . ရှေးဦးစွာ သူ့ကျောကို
ကုန်းကွကွ တောင့်တင်းလိုက်သည်။ သူ့အမြီးကို တောင့်တောင့်ကွေး၍ ထောင်ထားသည်။ နားရွက်များလည်း
စွင့်စွင့်ထောင်လာသည်။ ၀ှက်ထားသည့် လက်သည်းများ ကား၍ ကြွတက်လာသည်။ မျက်မှောင်ကြုတ်ထားသည်။
မျက်လုံးများ၏ ပင်ကိုယ် တောက်ပမှု၌ ဒေါသရောင် ထပ်ဖြည့်လိုက်သေးသည်။ တခွီးခွီး တဖြီးဖြီးနှင့်
မာန်ဖီသည်။ ပူစီတစ်ကောင် ပဲခွေစားနေစဉ် အခြားပူစီတစ်ကောင် ရောက်လာသောကြောင့် မူလပူစီက
ဒုတိယပူစီကို ငြူစူနေခြင်းဖြစ်သည်။ ပူစီတို့ပေတည်း။
ကြောင်စာပဲခွေ နှစ်ပုံခွဲပေးလိုက်မှ
မူလပူစီ ငြိမ်သွားသည်။ ငြိမ်သွားသည် ဆိုသော်လည်း ရံခါရံခါ၌ တစ်ဘက်သို့ လှမ်း၍လှမ်း၍
မာန်ဖီတတ်သေးသည်။ ဒုတိယပူစီကား အသာတကြည်သာ လွေးနေလေ၏။ ပူစီတို့ပေတည်း။
လေ့လာ သုံးသပ်တတ်သူတို့ကား သဟိတ် လူသားများ
ဖြစ်ကြချေ၏။ ဘုရားသားတော်များလည်း ဖြစ်နိုင်၏။ အရှက်လုံအောင် အ၀တ်မျိုးစုံ ၀တ်ဆင်ကြရသည်။
အစာမျိုးစုံ သုံးဆောင်ကြရသည်။ ဘုဉ်းပေးကြရ၏။ အတိုင်းအတာ ပမာဏ မျိုးစုံဖြင့် သိတတ်ကြသည်။
ခံစားတတ်ကြ၏။ ပူစီတို့ မဟုတ်ကြပါချေ တကား။
:)
ရှင်အာစာရ
(ခေတ္တ
စိုင်ပြင်ရွာ)
No comments:
Post a Comment