(. . . . .မှ အဆက်)
(အမေးအဖြေ အဆက်)
ယောဂီ။
။ ဆရာ . . . ကျွန်တော့်မေးခွန်းကို မဖြေရသေးပါဘူး။ ကျွန်တော်တို့ ကတဲ့
ကမ္မဋ္ဌာန်း ကျင့်သုံးနိုင်ပါသလား။
ဆရာကြီး။ ။ အိုး . . . ကခုန်တာ။ မေးခွန်းကို ကျွန်တော်
ကောင်းကောင်း မကြားခဲ့တာပါ။
ကိုယ့်ဟာကိုယ် တစ်ယောက်တည်း အပြင်မှာ အားထုတ်ရင်း
လွတ်လွတ်လပ်လပ် ကခုန်နိုင်ပါတယ်။ တစ်ခုပဲ
ရှိပါတယ်။ ဖိအားမပေးပါနဲ့။ သဘာဝ အလျောက် နှလုံးသားထဲက ပါပြီး ကခုန်တာ ဖြစ်ပါစေ။
အဲဒီလိုမှ မဟုတ်ရင် ကခုန်ခြင်းဟာ အစစ်အမှန် မဟုတ်တော့ပါဘူး။ ကသင့်တယ်ထင်လို့ ကချင်တာသာ ဖြစ်ပါတယ်။ နှစ်သက်ပျော်ရွှင်မှု ရှိတယ်၊ လွတ်လပ်ပေါ့ပါးမှု ရှိတယ်၊ ချစ်ခင်
ကြင်နာမှု ရှိတယ်ဆိုရင် ကက မကက ဘာမှ ပြဿနာ မရှိဘူး ထင်ပါတယ်။ ဒါဟာ အလှတရား
ဖြစ်ပါတယ်။
တစ်ခြား
ရှိပါသေးလား။
ယောဂီ။ ။ စိတ်စွမ်းအင်ဟာ ကျောက်သားလို မာကျောဖို့
ခိုင်မြဲဖို့ လိုပါသလား။
ဆရာကြီး။
။ စိတ်စွမ်းအင်ကို ကျောက်တုံးနဲ့ မနှိုင်းယှဉ်ချင်ပါဘူး။ ကျောက်တုံးကျောက်သားလို
မမြင်ဘဲ နွေးထွေးတဲ့အရာ၊ နူးညံ့တဲ့အရာ၊ သိမ်မွေ့တဲ့အရာလို့ မြင်သင့်ပါတယ်။ ဒါတွေဟာ
အကျင့်ကနေ ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ စိတ်ခံစားမှု မရှိတဲ့ ကျောက်တုံးကျောက်သားနဲ့
လုံးဝ မတူပါဘူး။ လူသားတွေရဲ့ ထူးခြားတဲ့ အလှတရားဟာ ခံစားနိုင်စွမ်း ဖြစ်ပါတယ်။ ဒီ
ခံစားမှုကို ဖြစ်ပေါ်ခွင့် ပေးသင့်ပါတယ်။ ခံစားမှုနဲ့ ဆက်ဆံလုပ်ကိုင်သင့်ပါတယ်။ ဒါကို
နားလည်ပြီးသားပါ။
ပုံရိပ်များ
ယောဂီ။
။ ပုံရိပ်တွေ မဖန်တီးဖို့ စောစောက ဆရာကြီး ပြောခဲ့ပါတယ်။ ဒါပေမယ့်
မေတ္တာဘာဝနာ ပွားတဲ့အခါ ကိုယ့်သန္တာန်မှာ ချစ်ခြင်းမေတ္တာတွေ အပြည့်ရှိနေတယ်ဆိုပြီး
ပုံရိပ် ဖန်တီးရပါတယ်။ ဒီနှစ်ခု ဆန့်ကျင်မနေဘူးလား။
ဆရာကြီး။
။ သိပ်ကောင်းတဲ့ မေးခွန်းပဲ။ တော်တော် ကောင်းပါတယ်။ ဒီတော့ . . . တစ်နည်းတစ်ဖုံအားဖြင့်
ကျွန်တော်တို့ ပုံရိပ်တွေ ဖန်တီးဖို့ လိုပါတယ်။ မျှော်လင့်ချက်လည်း ရှိရပါတယ်။
ကျွန်တော်တို့ နားလည်ထားဖို့ လိုတာက . . . ပုံရိပ်တွေကို ဘယ်လိုမကောင်းတဲ့ နည်းနဲ့
အသုံးပြုနေသလဲ ဆိုတာပါပဲ။
ကျွန်တော်တို့ သန္တာန်မှာ ဒီ အရည်အသွေးတွေ မရှိဘူးဆိုရင်၊ မေတ္တာတရားရဲ့
နေရာမှာ ကိုယ့်ကိုယ်ကိုယ် မုန်းတီးခြင်း သူတစ်ပါးကို မုန်းတီးခြင်းဆိုတဲ့
အမုန်းတရား ရှိနေမယ်ဆိုရင် ကျွန်တော်တို့ အဇ္ဈတ္တမှာ အပြောင်းအလဲကို ဖော်ဆောင်ဖို့
လိုပါတယ်။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်အောင်၊ သူတစ်ပါးရဲ့
အကောင်းဆုံးမိတ်ဆွေဖြစ်အောင် လေ့ကျင့်သင်ယူပြီး အပြောင်းအလဲဖြစ်အောင်
လုပ်ဖို့လိုပါတယ်။ ဒီလို ပုံရိပ်မျိုး ရှိနေလို့ ဘာမှ မထိခိုက်ပါဘူး။ ငါ ဖော်ရွေသူတစ်ယောက်
ဖြစ်ချင်တယ်ဆိုပြီး ဖြစ်အောင်ကြိုးစားတာဟာ ပြဿနာ မဟုတ်ပါဘူး။ ဒါမှမဟုတ် ပုံရိပ်မပါဘဲလည်း
ကျင့်လို့ ရတာပါပဲ။ အရည်အသွေးတွေသာ ဖွံ့ဖြိုးအောင်လုပ်ပြီး အရည်အသွေးတွေကနေ
အပြုအမူ ဖြစ်ပေါ်လာအောင် လုပ်နိုင်ပါတယ်။
ဒါကြောင့်
အဆင့်နှစ်မျိုးထားပြီး ကျင့်သုံးနိုင်ပါတယ်။ ပုံရိပ် ဖော်ချင်တယ်ဆိုရင်
ဖော်နိုင်ပါတယ်။ ဒါမှမဟုတ် ပုံရိပ်မပါဘဲ ကျင့်သုံးပြီး ဖွံ့ဖြိုးလာတဲ့
အရည်အသွေးတွေကနေ အပြုအမူ ပေါ်ပေါက်လာအောင် လုပ်နိုင်ပါတယ်။ အရေးကြီးတာက . . .
ပုံရိပ်ဟာ အရှိအမှန်တရားနဲ့ သက်ဆိုင်မှု ရှိမရှိ သိဖို့ပါ။ ကျွန်တော်တို့
လုပ်ဆောင်ရမှာ ဒါပါပဲ။ ပုံရိပ်တွေဟာ အစစ်အမှန် မဟုတ်ရင် တစ်ခါတစ်ခါမှာ ပြဿနာ
တက်တတ်ပါတယ်။ ဘယ်လို ဖြစ်သင့်တယ်ဆိုပြီး ဖော်ဆောင်ထားတဲ့ ပုံရိပ်က တကယ်
ဖြစ်နေတာနဲ့ တစ်ခြားစီ ဖြစ်နေရင် ဆင်းရဲရတတ်ပါတယ်။ ဒီမေးခွန်းအတွက် အဖြေ
အမျိုးမျိုး ရှိပါတယ်။ မေးခွန်းကောင်းတွေ မေးတဲ့အတွက် ၀မ်းသာပါတယ်။
သိပ်ကောင်းပါတယ်။
ယောဂီ။ ။ ဉာဏ်အလင်း ပေါက်မြောက်သွားရင် အတွေးတွေ
မရှိတော့ဘူးလား။
ဆရာကြီး။
။ အတွေးတွေက ဘာမှ အပြစ်မဟုတ်ပါဘူး။ ဒါကို ခင်ဗျားတို့ သဘောပေါက်အောင်
ကျွန်တော် ကြိုးစားနေတာပါ။ အတွေးတွေကို ဘယ်လို ဆိုးဆိုးရွားရွား အသုံးပြုနေသလဲ . .
. ဆိုတာကို ခင်ဗျားတို့ နားလည်နိုင်ဖို့ ကြိုးစားနေတာပါ။ အတွေးတွေကို
ဆိုးဆိုးရွားရွား အသုံးပြုတဲ့ အခါမှာ ဆင်းရဲဒုက္ခကို ဖန်တီးမိပါတယ်။ နေစဉ်ဘ၀မှာ
ဒါကို သိမြင်ဖို့ပါ။ အတွေးတွေကို တီထွင်ဆန်းသစ်တဲ့နည်းနဲ့ အသုံးပြုနိုင်တယ်
ဆိုတာကိုလည်း ကျွန်တော် ပြောခဲ့ပါတယ်။ ဒါကြောင့် အတွေးတွေဟာ အကောင်းဘက်မှာ
အသုံးဝင်ပါတယ်။ ဉာဏ်အလင်း ပေါက်မြောက်ပြီးသူမှာ အတွေးတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့်
အတွေးတွေကို ဆိုးဆိုးရွားရွား အသုံးပြုမှာ မဟုတ်ပါဘူး။
ဘုရားရှင်ရဲ့ အတွေးတွေးနဲ့ ပတ်သက်လို့ ဘုရားရှင် ကိုယ်တော်တိုင်
မိန့်တော်မူထားတာ ရှိပါတယ်။ အသေးစိတ် ပြောပြချင်ပါတယ်။ တပည့်သာဝက တစ်ယောက်က
ဘုရားရှင်ကို လျှောက်ထားပါတယ်။ အရှင်ဘုရားမှာ စွမ်းအင်တွေ အများကြီးရှိပါတယ်၊
အရှင်ဘုရားဟာ တန်ခိုးအာနုဘော် ကြီးမားတော်မူပါတယ်လို့ လျှောက်ထားပါတယ်။ ဘုရားရှင်
ပြန်လည် မိန့်ကြားတော်မူတာက . . . ငါ့ရဲ့ အကြီးမြတ်ဆုံး တန်ခိုးဟာ . . .
အတွေးအကြံတစ်ခု ပေါ်လာရင် ပေါ်လာတာကို ငါ သိတယ်၊ အတွေးအကြံ ဆက်ဖြစ်နေရင်
ဆက်ဖြစ်နေတာကို ငါ သိတယ်၊ အတွေးအကြံ ပျောက်ပျက်သွားရင် ပျောက်ပျက်သွားတာကို ငါ သိတယ်။
ဘုရားရှင်က ဒီလို မိန့်ကြားတော်မူပါတယ်။
အတွေး
မရှိတာက အရေးမကြီးဘူး ဆိုတာကို ဒီအချက်က ပြသနေပါတယ်။ အဲဒါကို ကျွန်တော်
တော်တော်လေး သဘောကျပါတယ်။ တတိယ အချက်ဖြစ်တဲ့ အတွေးတစ်ခု ပျက်သုဉ်းသွားတာကို
ကျွန်တော်တို့ ကြိုးစားပြီး ကြည့်နိုင်ပါတယ်။ အဲဒီလို စိတ်မျိုး ရှိဖို့ဆိုရင် တည်ငြိမ်တဲ့စိတ်၊
နိုးကြားတဲ့စိတ် ရှိရပါမယ်။ အတွေးတစ်ခု ပျက်သုဉ်းသွားတာကို ကြည့်ဖို့ပါပဲ။
ဒါဟာ ဉာဏ်အလင်း ပေါက်မြောက်ပြီးသူရဲ့ စိတ်နဲ့ ပတ်သက်တာပါပဲ။ ဉာဏ်အလင်း
ပေါက်မြောက်ပြီးသူနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာမှ ပူပန်စရာ မလိုဘူး ထင်ပါတယ်။
ယောဂီ။
။ တကယ်တော့ . . . ကျွန်တော့် မေးခွန်းက . . . နှံကောင်တစ်ကောင်ကို
တွေ့ခဲ့လို့ ဖြစ်ပေါ်လာတာပါ။ နှံကောင်ကို တော်တော်ကြာအောင် ကြည်ခဲ့ပါတယ်။ နှံကောင်က
တော်တော် ငြိမ်သက်တာပဲ။ တော်တော် တည်ငြိမ်တယ်။ နှံကောင်ဟာ တရားထိုင်နေသလိုပဲ။ ကျွန်တော် စဉ်းစားမိခဲ့တယ်။ နှံကောင်ရဲ့
ဘာဝနာနဲ့ ကျွန်တော်တို့ရဲ့ ဘာဝနာ ဘာထူးသလဲ။ အတွေးနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့
မေးခွန်းပါ။
ဆရာကြီး။ ။ ဟုတ်ပြီ . . . နှံကောင်အကြောင်း
စဉ်းစားနိုင်ပါတယ်။ ဉာဏ်အလင်း ပေါက်မြောက်သူကို ထားလိုက်ပါဦး။ ဉာဏ်အလင်း
မပေါက်သေးတဲ့ စိတ်နဲ့တင်ပဲ ပြဿနာတွေ လုံလောက်နေပါပြီ။
တစ်ခြား
မေးစရာ ရှိပါသေးလား။
စိတ်ကို နားလည်ခြင်း
ယောဂီ။
။ ဒီနေ့ ဘာဝနာ အားထုတ်ရင်း အတွေးတွေကို စောင့်ကြည့်ဖို့
အားပိုစိုက်ခဲ့ပါတယ်။ အားစိုက်ပြီး စောင့်ကြည့်လိုက်တော့ အတွေးတွေ နည်းသွားတာကို
တွေ့ရှိခဲ့ရပါတယ်။
စိတ်ခံစားမှုတွေကို ဖိတ်ခေါ်ရင် စိတ်ခံစားမှုတွေ ပေါ်မလာတော့ဘူး၊ အတွေးတွေကို
ဖိတ်ခေါ်ရင် အတွေးတွေ ပေါ်မလာတော့ပါဘူးလို့ ဆရာကြီး ပြောတဲ့အတိုင်းပါပဲ။
စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဆရာကြီး။ ။ သိပ် အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုပါပဲ။ ကျွန်တော်တို့က
အတွေးတွေကို မလိုချင်ရင် အတွေးတွေက ပေါ်လာတတ်ပါတယ်။ ကျွန်တော်တို့က လိုချင်ရင်
သူတို့က ပေါ်မလာတော့ပါဘူး။ ကျွန်တော်တို့က စိတ်ခံစားမှုတွေကို မလိုချင်ရင်
စိတ်ခံစားမှုတွေက ပေါ်လာတတ်ပါတယ်။ ကျွန်တော်တို့က လိုချင်ရင် သူတို့က
ပေါ်မလာတော့ပါဘူး။ ဘာဖြစ်လို့ စိတ်က
ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက် လုပ်နေတာလဲ။ ဒါဟာ စဉ်းစားသုံးသပ်ရမယ့် မေးခွန်းပါ။
ဒါဟာ စိတ်ရဲ့ သဘာဝလား။ ကျွန်တော်တို့က စိတ်ကို ဒီလိုဖြစ်အောင် လုပ်လိုက်တာလား။
မတွေးနဲ့၊
တွေးပါလို့ စိတ်ကို အမိန့်မပေးနိုင်ဘူး ဆိုတာကို ပြသနေတယ် ထင်ပါတယ်။ အဲဒီလို
လုပ်လို့ မရပါဘူး။ ဒါလုပ်၊ ဒါမလုပ်နဲ့လို့ ကလေးကို ပြောနေတာနဲ့ တူပါတယ်။ ကိုယ်
မလုပ်စေချင်တာကို ကလေးက လုပ်ချင်ပါတယ်။ ဒါကြောင့် ဖော်ရွေမှုကို ကျွန်တော်
အလေးပေးတာ ဖြစ်ပါတယ်။ ကလေးကို နားလည်ချင်တယ်ဆိုရင် ကလေးနဲ့
ရင်းရင်းနှီးနှီးဖြစ်ဖို့ လိုပါတယ်။ ကလေး ဘာလိုချင်တယ် ဆိုတာကို ကြည့်ရပါမယ်။
အလားတူပါပဲ။ စိတ်ကို နားလည်ချင်တယ်ဆိုရင် ဒါလုပ်ပါ၊ ဒါမလုပ်ပါနဲ့လို့ စိတ်ကို
ပြောလို့ မရပါဘူး။ ဖော်ဖော်ရွေရွေနဲ့ စိတ်ကို နားလည်နိုင်အောင် ကြိုးစားရပါမယ်။
ဖော်ရွေရင်းနှီးမှု ရှိတဲ့အခါ၊ သိမ်မွေ့မှု ရှိတဲ့အခါ၊ ပွင့်လင်းမှု
ရှိတဲ့အခါ ကျွန်တော်တို့ ခိုင်းတာကို စိတ်က ဆောင်ရွက်လာနိုင်ပါတယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့ ဖြစ်စေချင်တာက တစ်ခြား
စိတ်ရဲ့ ပြုမူပုံက တစ်ခြား ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တို့ မကျေမနပ် ဖြစ်ရမှာပေါ့
ဒီလိုနဲ့ တိုက်ပွဲ ဖြစ်လာပါတယ်။ နောက်ပြီးတော့ တိုက်ပွဲက ပိုကြီးလာပါတယ်။ ဘာဝနာဟာ
လူများစုအတွက် တိုက်ခိုက်ရခြင်းပါပဲ။ စိတ်နဲ့ တိုက်ခိုက်တာပါ။ ဘ၀မှာ တိုက်ပွဲတွေ
လုံလောက်ပါပြီ၊ ဘာဝနာကို တိုက်ပွဲဖြစ်အောင် မလုပ်ပါနဲ့လို့ ယောဂီတွေကို ကျွန်တော်
မကြာမကြာ ပြောလေ့ရှိပါတယ်။ ဖော်ဖော်ရွေရွေနဲ့ပဲ စိတ်ရဲ့ အလုပ်လုပ်ပုံ၊
ခန္ဓာကိုယ်ရဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့ လိုပါတယ်။ အဲဒီလို နားလည်ပြီးတော့ . . . လွှမ်းမိုးထိန်းချုပ်နိုင်စွမ်းကို
ဖွံ့ဖြိုးအောင် လုပ်တာက နောက်တစ်ခု ဖြစ်ပါတယ်။ မေတ္တာအကြောင်း ပြောခဲ့တုန်းက
ဖော်ပြခဲ့တဲ့ မေတ္တာအကျိုး တစ်ခုက . . . မေတ္တာတရား ရှိတဲ့အခါမှာ စိတ်ဟာ အလိုလိုပဲ
တည်ကြည်ငြိမ်သက်လာခြင်း ဖြစ်ပါတယ်။
တစ်ခြား
မေးစရာ ရှိပါသေးလား။
:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို
နားလည်သလို
ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment