မုန်တိုင်းမိုးနှင့် မုတ်သုန်မိုးတို့ ချန်ထားခဲ့သည့် လက်ကျန်ပြဿနာ စိုထိုင်းဆ များခြင်းကို သီတင်းကျွတ်နေက ရှင်းပေးနေသည်။ ရာသီဥတုက အေးဖို့ ဟန်ပြင်နေသည်။ အေးမှုကြောင့် သွေးလည်ပတ်မှု နှေးတတ်သည်။ ထို့မှ စ၍ ဦးနှောက်သို့ သွေးမရောက်လျှင် သွပ်တတ်သည် ဖြစ်သဖြင့် ကာယလေ့ကျင့်ခန်း လိုက်စားသင့်ပြီ ထင်၏။
ငါ့ရှင်တို့နှင့်
အသင့်တော်ဆုံးသော ကာယလေ့ကျင့်ခန်းများကား လမ်းလျှောက်ခြင်းနှင့် တံမြက်လှဲခြင်း စသည်တို့သာ
ဖြစ်ချေမည်။ ထို့ပြင် “ရဟန်းအဆင်း ကျောင်းတလင်း”ဟူသော ဆိုစကားနောက် လိုက်လျက် အဆောင်ဘေးက
အမှိုက်သရိုက် ဒိုက်တို့ကို လှဲထုတ်နေစဉ် ဥပဓိသန့်သန့် ငဒကာ တစ်ဦးက ၀တ်တွားသမှု ပြုလာပြီး
ဘာသာရေး အသုံးအနှုန်း တိတိပပဖြင့် အတည်ပေါက်ကြီး လာရောက်၍ လျှောက်ထား၏။
“ဘုန်းဘုန်း
ဘုရား။ တပည့်တော် လျှောက်စရာ ရှိပါသည် ဘုရား။ စားမေးချင်ပါသည် ဘုရား။”
“အင်း”ဟုသာ
စိတ်ထဲက ဖြေမိသည်။
“ဆရာလုပ်တယ်တော့
မထင်ပါနဲ့ ဘုန်းဘုန်းရယ်။ ဘုန်းဘုန်း ဂါထာရွတ်တတ်လား။”
သူ့လေသံ
ပြောင်းသွားသကဲ့သို့ အကြောင်းအရာဟု ဆိုအပ်သော subject matterလည်း သူချီခဲ့သော နိဒါန်းမှ
သွေခွာသွားသည်။
“ဂါထာက
တကယ်စွမ်းတာ ဘုန်းဘုန်းရဲ့။ ဘုန်းဘုန်းမှာ အတိုက်အခိုက် အနှောင့်အယှက်တွေ ရှိရင် အေးဆေး။”
ဤဒကာ
လိပ်စာမှားခဲ့ဟန် တူ၏။ ထွေထွေထူးထူး ရှုံးရန် နိုင်ရန်မရှိသူကို ပိုင်နည်းနိုင်နည်းများ
အားထုတ်ရန် လျှောက်ထားလိုပုံရ၏။ ပစ္စက္ခ အခြေအနေအရ နိုင်လိုသူ အမတ်လောင်းများ ထံသို့သာ
သွားပါလေဟု ပြောလိုစိတ် ဖြစ်မိသည်။
“တပည့်တော်
ကိုယ်တွေ့မို့ပါ ဘုရား။ ဒီဂါထာ ရွတ်လိုက်တာနဲ့ အိမ်သာတက်ချင်သလိုလို ဖြစ်လာတာ ဘုန်းဘုန်းရေ။
အပူတွေ အပုပ်တွေ အကုန်ထွက်သွားတယ် ဘုရား။ ဟား ဟား ဟား။”
ရယ်ချင်သလိုလို၊
စိတ်တိုချင်သလိုလို ဖြစ်လာသည်။ ငေါက်ထုတ်လိုက်ရမှာလည်း ခက်နေသည်။ သူယူလာသည့် စာအုပ်ကို ဖွင့်ရင်း ဆက်ပြောသည်။
“ဒီဂါထာပဲ
ဘုန်းဘုန်းရေ . . .
ဇယစက္ကော
ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ
ဇယေသီနံ၊ ဇယံ ဒေတု ဇယုတ္တရော။
ယော ဇယစက္ကော၊ ပါရမီတော်ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။
ဇယာသနေ၊
အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌။
ဇယိတဗ္ဗေ၊
အောင်အပ်သည့်တရား မာရ်ငါးပါး အပေါင်းတို့ကို။
ဇယန္တော၊
ပါရမီတော်စက် ဘုန်းလက်နက်ဖြင့် အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး
အောင်တော်မူခဲ့လေပြီ။
အောင်တော်မူခဲ့လေပြီ။
ဇယေသီနံ၊
မြတ်နိဗ္ဗာန်အောင်ခန်းနဲ့  အောင်ဘိသိက် ပန်းမဂ်ဖိုလ်ကို များထိုထိုဝဋ်အတွင်းမှ လွတ်ကင်းအောင်
အာသာကြီးဖြင့် ရှာမှီးကာနေကြကုန်သော သူတို့အား။
ဇယာပေသိ၊
ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွတ်
အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ်တော် မူစေ၍ အောင်စေတော်မူလေပြီ။
အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ်တော် မူစေ၍ အောင်စေတော်မူလေပြီ။
ဇယုတ္တရော၊
အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး
အောင်ပွဲဝင်ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော။
သော
ဇယစက္ကော၊ ထိုအောင်စက်သခင် ဘုရားရှင်သည်။
မေ၊
အောင်ဆုလိုငြား တပည့်တော်အား။
ဇယံ၊
အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို။
ဒေတု၊
ကရာဏာရှေ့ထား၍ ပေးသနားတော်မူပါ့ အရှင်ဘုရား။
တပည့်တော်
သာသနာပြုတာပါ ဘုရား။ တပည့်တော်က ဘေးရန်တွေ အတိုက်အခိုက်တွေ အပူအပုပ်တွေကို ဒီဂါထာနဲ့
ရှင်းခဲ့တာ!”
ဘုရားဘုရား
. . .။ သူ့ကို ငေါက်ထုတ်ဖို့ နေနေသာသာ ဒေါတွေမာန်တွေ ပါလာပြီဖြစ်၍ သူ့ကို ပြန်ကြောက်ရမလို ဖြစ်လာသည်။ ပြေးလမ်းကို အကဲခတ်မိပြန်သည်။
“တပည့်တော်
အာသဝေါကုန်ပြီး ရဟန္တာ ဖြစ်ခဲ့တာလည်း ဒီဂါထာပါပဲ။ လူဝတ်ကြောင်နဲ့ ရဟန္တာဖြစ်ရင် ခုနစ်ရက်ပဲ
အသက်ရှင်တယ် ဆိုပေမယ့် တပည့်တော်ကျတော့ ဒီဂါထာနဲ့ အသက်ရှင်ရတာပေါ့။ ကြိုးစားပါ ဘုန်းဘုန်းရယ်။
တပည့်တော်လည်း သာသနာပြုနေရတာဆိုတော့ ခွင့်ပြုပါအုံး ဘုရား။”
ဟင်း
. . .။ ကံကောင်းလေစွ။ မြန်မြန်သွားဟု စိတ်ထဲကသာ ပြောရဲသည်။ အော် . . . ဘ၀ . . . ဘ၀။
ဒကာတော်လေး ရဟန္တာဘ၀က အမြန်ဆုံး ကျွတ်လွတ်ပါစေ . . . . .။
မေတ္တာဖြင့်
ဒေါက်တာ
ဘဒ္ဒန္တ အာစာရ
No comments:
Post a Comment