“သူတို့ကိုတော့ မဲပေးလို့ မဖြစ်ဘူး။
ဘုန်းကြီး စဉ်းစားကြည့် ဘုရား . . .။ သူတို့သာ နိုင်ရင်တော့ ဗုဒ္ဓဘာသာ
ပျက်မှာပဲ။ သူတို့က မျိုးစောင့်ဥပဒေကိုတောင် ကန့်ကွက်ခဲ့သေးတာ။
အတည်ပြုထားတဲ့ ဥပဒေကိုတောင် ဖျက်ချင်ဖျက်ပစ်မှာ သူတို့သာ အာဏာရရင် . . .။”
မအူမလည် တပည့်လေးက ဆရာကြီးလေသံဖြင့် ဆွယ်တရား လာဟောရာ မဲပေးခွင့် မရသူ
ရဟန်းသံဃာ ဖြစ်နေသောကြောင့် သူ စိတ်ဝင်စားသည့် မဲပေးခြင်း မပေးခြင်း ကိစ္စ၊
မည်သူမည်ဝါ အာဏာရခြင်း မရခြင်း ကိစ္စတို့ထက် သာသာသနာ ပျက်ခြင်း
မပျက်ခြင်းကိစ္စက ပို၍ စိတ်ဝင်စားစရာ ကောင်းခဲ့သည်။
အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ . . . ထိုဥပဒေကို မထောက်ခံခဲ့ခြင်းအတွက် အခြေအနေ အရပ်ရပ်ကို မျက်ကွယ်ပြုကာ တစ်ဘက်က တစ်ဘက်ကို ဇွတ်ရောအတင်းရော ကန့်လန့်တိုက်နေခြင်းမှာ ပယောဂ မကင်းသည့် အငြိုးအတေး ဖြစ်နေပြီလားဟု ရှေးဦးစွာ စဉ်းစားမိသည်။ မည်သို့ဆိုစေကာမူ ကာလကြာမြင့်စွာ ပူးပေါင်းစုစည်းခဲ့သော အတိုက်အခံ အင်းအားတစ်စကား ထိုမှစ၍ ပဲ့ထွက်ခဲ့သည်ဟု ထင်မိသည်။
တစ်ဖန် စဉ်းစားရန် ရှိပြန်သေးသည်။ အဆိုပါဥပဒေ မရှိလျှင် သာသနာ ကွယ်ရမည်လော။ အပြန်အားဖြင့် အဆိုပါ ဥပဒေ စာရွက်ပေါ် ရှိနေသည်နှင့် သာသနာ တည်တံ့ရေး အထောက်အကူကြီး ဖြစ်နေပြီလော။
သာသနာ့ဒါယကာတို့ အတည်ပြုခဲ့သော အဆိုပါ သာသနာပြု ဥပဒေ အပါအ၀င် ဥပဒေအရပ်ရပ်ကို ထိန်းကြောင်းမည့် ခေါင်းဆောင်ကို ရွေးခြယ်ရာ၌ သာသနာရေး ကိစ္စကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလသုံးရပ်တို့၌ သာသနာနှင့် ဘာသာဝင်တို့အပေါ် မည်သူမည်ဝါက မည်သို့မည်ပုံ စေတနာထားသည်၊ မည်သို့မည်ပုံ ထိုးနှက်ချေဖျက်၍ မည်သို့မည်ပုံ ချီးပင့်ထောက်မသည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ဇ၊ ဇစ်မြစ်၊ အစဉ်အလာနှင့် အလားအလာတို့ကို မျက်ကွယ်မပြုအပ်ပေ။ ကျယ်ပြန့် မှန်ကန်စွာ သုံးသပ်နိုင်သင့်သည်။
ဥပဒေကို ထိန်းကြောင်းသူတို့က သာသနာနှင့် ဘာသာဝင်တို့၏ အကျိုးစီးပွားထက် ကိုယ်ကျိုးစီးပွားကိုသာ ကြည့်ကြမည်ဆိုလျှင် စာရွက်ပေါ်က သာသနာပြုဥပဒေသည် ဘာသာသာသနာကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ဆိုပါစို့ . . . ဟိုနိုင်ငံမှ ရေနံသူဌေးကြီးများက အလုံးအဖန်ထွားသည့် ငွေများကို အရင်အနှီးပြု၍ ဤနိုင်ငံ အတွင်း၌ သူတို့ဘာသာ သူတို့သာသနာ တိုးတက်ပြန့်ပွားရေး ဆောင်ရွက်ကြမည်ဆိုလျှင် ကိုယ်ကျိုးစီးပွားကိုသာ လိုလားသူတို့က သာသနာနှင့် ဘာသာဝင်တို့ကို မေ့ထား၍ ငွေနောက်လိုက်ကာ ဤသာသနာကို ဖျက်ကြပေလိမ့်မည်။
စင်စစ်အားဖြင့် ဥပဒေ မည်သို့ ရှိသည်ဖြစ်စေ၊ မည်သည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ နိုင်ငံကို မည်သူ အုပ်ချုပ်သည်ဖြစ်စေ သဒ္ဓါစစ် သဒ္ဓါမှန် ရှိသူတို့သည်သာ သာသာနာကို ကာကွယ် စောင့်ရှောက်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်သင့်ပါကြောင်း။
ဒေါက်တာ ဘဒ္ဒန္တ အာစာရ
October2, 2015

No comments:
Post a Comment