Monday, December 30, 2013

သိမ်မွေ့သောလမ်း (၂၁)

(. . . . .မှ အဆက်)


(စင်္ကြံကမ္မဋ္ဌာန်း အလုပ်ပေး အဆက်)

ဘာပဲလုပ်လုပ် ဖြည်းဖြည်း လုပ်ကြပါ။ အသိနဲ့ သတိနဲ့ လုပ်ကြပါ။

သတိနဲ့ ဖြည်းဖြည်း လျှောက်ကြပါ။ ခြေဖဝါးက အတွေ့အထိကို ခံစားရင်း လျှောက်ပါ။ လမ်းလျှောက်တာကို အသုံးပြုပြီး ပစ္စုပ္ပန် အခိုက်အတန့်ကို တွေ့ကြုံခံစားပါ။

လက်တွေ့ကို ရှေ့မှာ ထားပါ။ စင်္ကြံလျှောက်နေတုန်းမှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာကိုယ်ထဲက လှုပ်ရှားမှုတွေ၊ အတွေ့အထိတွေ အားလုံးကို သတိထားနိုင်အောင် ဖြည်းဖြည်းပဲ လျှောက်ကြပါ။ အတွေးတွေကို လွှတ်ပေးလိုက်ပြီး လမ်းလျှောက်ခြင်းရဲ့ အကူအညီနဲ့ ပစ္စုပ္ပန် အခိုက်အတန့်ဆီ ပြန်လာပါ။ အေးအေးဆေးဆေး လျှောက်လှမ်းပါ။ ရိုးရှင်းတဲ့ လမ်းလျှောက်မှုကို သိမြင်ခံစားနိုင်အောင် လေ့ကျင့်ပါ။ ဘေးဘီကို မကြည့်ပါနဲ့။ ကိုယ့်ရှေ့က လျှောက်နေတဲ့သူရဲ့ ခြေဖဝါးကို ကြည့်ပါ။ ခြေတောက်ကို မလိုက်ရင် မတယ်လို့ သိပါ။ မြေကြီးနဲ့ ခြေဖဝါး ထိတာကို ခံစားမိပါစေ။ သက်တောင့်သက်သာ လျှောက်လှမ်းနိုင်အောင် လေ့ကျင့်ပါတယ်။ သတိနဲ့ လျှောက်လှမ်းတတ်အောင် လေ့ကျင့်နေပါတယ်။ ခြေလှမ်းတိုင်းကို သိမှတ်နေပြီး သိမ်သိမ်မွေ့မွေ့ ညင်ညင်သာသာနဲ့ ကြာပန်းတွေပေါ်မှာ လျှောက်လှမ်းနေရသလို ခံစားနိုင်ပါရဲ့လား။

[ခေါင်းလောင်းတီးသည်။]

ကိုယ်ရောက်တဲ့ နေရာမှာ ရပ်နေလိုက်ပါ။ မျက်လုံးမှိတ်ပြီး ငြိမ်ငြိမ်သက်သက် ရပ်နေလိုက်ပါ။ ကြားရတဲ့ အသံတွေကို သိမှတ်ပြီး ပစ္စုပ္ပန်ကို တွေ့ကြုံခံစားပါ။ အသံတွေကို ကြားတဲ့အခါမှာ ခုမှ ပထမဆုံး ကြားဖူးတဲ့ အသံလို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ကြားနိုင်ပါရဲ့လား။

[ခေါင်းလောင်းတီးသည်။]

ကာယာနုပဿနာ ဆွေးနွေးချက်

ဆရာကြီး။  ။ ယောဂ လေ့ကျင့်ချိန်တုန်းက ဘာတွေ ဖြစ်ခဲ့သလဲ သိချင်ပါတယ်။

ယောဂီ။  ။ တစ်ချို့ အနေအထားတွေ လုပ်ရတာ ခက်ပါတယ်။ ဒါပေမယ့် အရင်က လုပ်ဖူးတဲ့အတွက် အဆင်ပြေပါတယ်။ ယောဂ လေ့ကျင့်ချိန်မှာ လူတိုင်းပါဝင်ဖို့ နေရာမလောက်ငတာကို တွေ့ရပါတယ်။ ဒီ အခန်းထဲမှာ လူတွေ အများကြီးပါပဲ။ ကျွန်တော့်စိတ်ထဲ ဒေါသဖြစ်သွားတာကို သတိထားမိပါတယ်။ ဥပမာ . . . နောက်ကလူကို ခြေကို တအား ဆန့်ထုတ်လိုက်တဲ့ အခါမှာ ဘာဖြစ်လို့ ခြေကို တအား ဆန့်ထုတ်လိုက်ရတာလဲလို့ ကိုယ်ဟာကိုယ် စိတ်ထဲမှာ မေးမိပါတယ်။

ဆရာကြီး။  ။ ဒါကြောင့် ကြုံရသမျှ အားလုံးနဲ့ ပွင့်ပွင့်လင်း ဖြစ်နေရမယ်လို့ ကျွန်တော်ပြောတာပေါ့။ အားလုံးကို လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် ရှုမြင်နိုင်အောင် လေ့ကျင့်နေပါတယ်။ စိတ်ဆိုးတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ မကျေနပ်တာပဲ ဖြစ်ဖြစ် ကိုယ်က တုံ့ပြန်တဲ့ အခါမှာ လေ့လာရုံပဲ လေ့လာပါ။ သူတစ်ပါးရဲ့ အပြုအမူကို အကြောင်းပြုပြီး ဘယ်လိုမျိုး ကိုယ့်ဒုက္ခကိုယ် ဖန်းတီးမိတယ် ဆိုတာကို မြင်အောင် ကြည့်ပါ။ အဲဒီလို အခြေအနေမျိုးမှာ ဒေါသဟာ ကမ္မဋ္ဌာန်းအာရုံ ဖြစ်ပါတယ်။ ဒေါသကို ကမ္မဋ္ဌာန်းအာရုံ လုပ်တတ်အောင် လေ့ကျင့်ပါ။ ဒေါသကို ဘယ်လောက်ထိ လွှတ်ပေးလိုက်နိုင်သလဲ မြင်အောင်ကြည့်ပါ။

စောစောက ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကိုယ်မှာရော စိတ်မှာပါ မနှစ်သက်စရာ အတွေ့အကြုံတွေ ရှိပါတယ်။ ယောဂ လေ့ကျင့်တဲ့ အခါမှာမှ မဟုတ်ပါဘူး။ တစ်ခြား အခြေအနေတွေမှာလည်း ကြုံတွေ့ရပါတယ်။ သူတို့ကို သိရုံသိပြီး သူတို့နဲ့ အသားကျနေဖို့ဟာ ကျင့်စဉ်ရဲ့ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဒီလို ကျင့်နိုင်တယ်ဆိုရင် အရာရာဟာ လေ့လာစရာ အတွေ့အကြုံပါပဲ။ အရာရာဟာ ဘာဝနာ ဖြစ်နိုင်ပါတယ်။ ဒီလို ပွင့်လင်းနိုင်တယ်ဆိုရင် ကိုယ့်ရဲ့ အနီးအနားက လူကို စိတ်မဆိုးဘဲ ကျေးဇူးတောင် တင်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဒေါသကို ရှုမှတ်ခွင့်ရအောင် လုပ်ပေးလို့ပါပဲ။ အဲဒီလို အခါမျိုးမှာ ကိုယ့်ကို နှောင့်ယှက်တဲ့သူ၊ ကိုယ့်ကို ဒေါသဖြစ်အောင် လုပ်တဲ့သူဟာ ကိုယ့်ဆရာ ဖြစ်လာပါတယ်။ လှပတဲ့ ဘဝနေနည်းပါပဲ။ ဒီနေ့ညနေ ဟောပြောတဲ့ အခါကျရင် ဒီအကြောင်း ပြောပါမယ်။

ဘာရှိပါသေးလဲ။ ယောဂနဲ့ ပတ်သက်လို့ ပြောစရာ ရှိပါလိမ့်ဦးမယ်။ နောက်ထပ် ယောဂ အတွေ့အကြုံ ရှိပသေးလား။ အခု ယောဂဆရာလည်း ရှိနေပါသေးတယ်။

ယောဂီ။  ။ အာနာပါန အားထုတ်တာပဲဖြစ်ဖြစ်၊ ယောဂ လေ့ကျင့်တာပဲ ဖြစ်ဖြစ် အာရုံစူးစိုက်တဲ့ အခါမှာ အဆုပ်က အသက်ရှူတာကို အာရုံစိုက်ရမှာလား၊ ဝမ်းဗိုက် အသက်ရှူတာကို အာရုံစိုက်ရမှာလား။

ဆရာကြီး။  ။ ခန္ဓာကိုယ်ကို သဘာဝအတိုင်း အသက်ရှူခွင့် ပေးလိုက်ဖို့ ကျွန်တော် ပြောခဲ့ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုနဲ့ အသက်ရှူဖို့ ကြိုးစားတယ်ဆိုရင် ခန္ဓာကိုယ်ကို သဘာဝအတိုင်း အသက်ရှူခွင့် ပေးထားတာ မဟုတ်တော့ပါဘူး။ ခန္ဓာကိုယ်ကို သဘာဝအတိုင်း အသက်ရှူခွင့် ပေးနိုင်အောင် လေ့ကျင့်ဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ် သဘာဝအတိုင်း အသက်ရှူနေတဲ့ အခါမှာ အသက်ရှူတာကို သိရုံလေး သိနေဖို့ပါပဲ။ ဒါပါပဲ။ စင်္ကြံကမ္မဋ္ဌာန်း အားထုတ်တုန်းကလိုပါပဲ။ ခန္ဓာကိုယ်ကို လမ်းလျှောက်ခွင့် ပေးထားပြီး လမ်းလျှောက်တာကိုပဲ သိမှတ်တယ်။ ပုံစံ အမျိုးမျိုးနဲ့ လမ်းလျှောက်ဖို့ မကြိုးစားပါဘူး။ ဘာဝနာ လုပ်ငန်းမှာ သဘာဝကျအောင် လေ့ကျင့်ဖို့ အရေးကြီးပါတယ်။ စင်္ကြံကမ္မဋ္ဌာန်းပဲ ဖြစ်ဖြစ်၊ အာနာပါနပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဖြစ်ပေါ်နေတဲ့ သဘာ၀ ဖြစ်စဉ်ကို ဝင်ရောက်စွက်ဖက်တာ မလုပ်ရပါဘူး။

တစ်ခြား ရှိပါသေးလား။ တစ်ခြား မေးစရာ ရှိပါသေးလား။

ယောဂီ။  ။ လွန်ခဲ့တဲ့ ခုနစ်နှစ် ရှစ်နှစ်လောက်တုန်းက အဆုပ် နာခဲ့ဖူးပါတယ်။ နာတာ ပျောက်သွားပြီးသားပါ။ ဒါပေမယ့် ဒီမှာ တရား လာအားထုတ်တော့ . . . မနေ့ညက အဆုပ် ပြန်နာလာတာကို သတိထားမိပါတယ်။ ဒီနေ့ မနက်လည်း နာပါတယ်။ ဘာဖြစ်လို့ ပြန်နာလာတာလဲ သိချင်ပါတယ်။ မှားယွင်းတဲ့ နည်းကို ကျင့်သုံးမိလို့လား။ တရားထိုင်တဲ့ ဣရိယာပုထ် အချိုးမကျလို့လား။

ဆရာကြီး။  ။ ခင်ဗျား အားထုတ်တာ ပြင်းထန်လွန်းနေတယ် ထင်ပါတယ်။ ပုံမှန် အသက်မရှူတာလည်း ဖြစ်နိုင်ပါတယ်။ သဘာဝအတိုင်း အသက်ရှူတာ မဟုတ်ဘဲ တစ်မျိုးတစ်ဖုံ အသက်ရှူတယ်ဆိုရင် အဆုပ်မှာ . . . ဝန်ပိတတ်ပါတယ်။ တရားအားထုတ်တဲ့ အခါမှာ သက်တောင့်သက်သာ ရှိဖို့၊ အပြင်းအထန် မလုပ်မိဖို့ အလွန် အရေးကြီးပါတယ်။ ပြင်းထန်လွန်းရင် ကိုယ်ရောစိတ်ပါ ပင်ပန်းတတ်ပါတယ်။ ဒါကြောင့် နောက်တစ်ခါကျရင် သက်တောင့်သက်သာ ထိုင်ပါ။ ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်ကိုမှ အနေခက်အောင် မလုပ်မိပါစေနဲ့။ ဘာပဲဖြစ်ဖြစ် . . . အနာ ပြန်ပေါ်လာတယ်ဆိုရင် အသက်ရှူတာကို အာရုံမစိုက်ပါနဲ့။ အဆုပ်ဆီကို မေတ္တာဓာတ်တွေ ပို့လွှတ်ပါ။ ရင်းနှီးကျွမ်းဝင်မှုတွေ၊ သိမ်မွေ့မှုတွေ ပို့လွှတ်ပါ။

တစ်ခြား ရှိပါသေးလား။

ယောဂီ။  ။ အဆုပ်နာတဲ့အကြောင်း ပြောတဲ့ အမျိုးသမီးနဲ့ ဆက်စပ်ပြီး ပြောချင်ပါတယ်။ ဒီတစ်ပတ်ထဲမှာ ကျွန်တော်လည်း အဲဒီလို နာကျင်တာ ကြုံခဲ့ရပါတယ်။ ကျွန်တော့် အတွေ့အကြုံကို ပြောရရင် . . . ကျွန်တော်ကတော့ နာတာကို တစ်ရက် နှစ်ရက်လောက် သည်းခံလိုက်ပါတယ်။ အခု မနာတော့ပါဘူး။ ဒါဟာ ဒဏ်ရာဟောင်းပဲ၊ ဘာဝနာနဲ့ ဘာမှ မဆိုင်ဘူးလို့ ထင်မိပါတယ်။

ဆရာကြီး။  ။ အတွေ့အကြုံကို မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်။  ဒါဟာ အရေးကြီးတဲ့ အချက်ကို ပြောပြနေတာပါ။ မကောင်းတာတွေ ဖြစ်ပေါ်လာရင် မကောင်းတာတွေကို ရင်ဆိုင်ရမယ်၊ ပွင့်လင်းရမယ့်လို့ ပြောပြနေတာပါ။ မကောင်းတာတွေ အလိုအလျောက် ပျောက်သွားနိုင်ပါတယ်။ ခင်ဗျား မျှဝေလိုက်တဲ့ အတွေ့အကြုံက တော်တော် တန်ဖိုးရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

ယောဂီ။  ။ ကျွန်တော် တရားထိုင်တော့ ကျွန်တော့် ခန္ဓာကိုယ်က ရှေ့၊ နောက်၊ ဘယ်၊ ညာ၊ လေးမျက်နှာလုံး ယိမ်းထိုးရွေ့ရှားနေပါတယ်။ သူများတွေကို ဘာလုပ်ရမလဲ မေးကြည့်တော့ ရွေ့ရှားတာတွေကို အာရုံမစိုက်ဖို့ အကြံပေးကြပါတယ်။ ဒါကြောင့် လှုပ်နေတဲ့ အတိုင်းပဲ ဆက်ပြီး ထိုင်ပါတယ်။ မှားသလား မှန်သလား မသိပါဘူး။ ဒါက ပထမ မေးခွန်းပါ။

ဒုတိယ မေးခွန်းက . . . ကျွန်တော် ထိုင်တဲ့အခါ ခါးက မဖြောင့်ပါဘူး။ ခါးရိုးကို ဖြောင့်အောင် ကြိုးစားတော့ ယိမ်းယိုင်လှုပ်ရှားတာက ပိုပြီး ပြင်းထန်လာပါတယ်။ ဒါကို ဘယ်လို လုပ်ရမလဲ မသိလို့ပါ။

ဆရာကြီး။  ။ ကျွန်တော် ပြောခဲ့တဲ့ အတိုင်းပေါ့။ ခန္ဓာကိုယ် စပြီး လှုပ်ရှားတယ်ဆိုရင် ခန္ဓာကိုယ် လှုပ်ရှားတယ်လို့သာ သိဖို့ပါပဲ။ နောက်ပြီး . . .ကျွန်တော် အကြံပေးချင်တာက . . .။ လှုပ်ရွေ့တာကို ထိန်းချုပ်ကြည့်နိုင်ပါတယ်။ ရွေ့ရှားတာကို ကိုယ့်ဟာကိုယ် ရပ်တံ့နိုင်သလား သိရအောင်လို့ပါ။ စောစောက ပြောခဲ့သလို ဒါတွေဟာ ဘာဝနာ ကျင့်စဉ်မှာ ဖြတ်သန်းရတဲ့ အဆင့်တွေပါ။ သူတို့ကို ပြဿနာလို့ မြင်လိုက်ရင် ကိုယ်က သူတို့နဲ့ ငြိသွားပါတယ်။ နောက်တစ်ဆင့် ရောက်ဖို့အတွက် . . . စောစောက ယောဂီ တစ်ယောက် ပြောခဲ့သလို . . . အဆင်ပြေပါတယ်လို့ သဘောထားနိုင်အောင် လေ့ကျင့်ရပါမယ်။ မှားများ မှားသလား၊ ပုံမှန်မှ ဟုတ်ရဲ့လား၊ မူ မမှန်ဘူးလားလို့ မေးခွန်းထုတ် မနေဘဲ ကြုံရတာတွေနဲ့ ရင်နှီးကျွမ်းဝင်နိုင်အောင် လေ့ကျင့်ရပါမယ်။ မေးခွန်းတွေ ထုတ်နေရင် ကိုယ်က အဖြစ်အပျက်ထဲ ဝင်ပါမိသွားပါတယ်။ ငြိသွားပါတယ်။ ဒါက ကျွန်တော် ပေးချင်တဲ့ အကြံ တစ်ခု . . .။




:)

ရှင်အာစာရ

-----

Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။


Ref:

"The GENTLE WAY of Buddhist Meditation", Godwin Samararatne

A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997

Revised Edition, Jeanne Mynett, 2005

Inward Path Publisher, Penang, Malaysia, 2007

for Free Distribution Only and NOT for sale

No comments:

Post a Comment