ကျောရိုး ဖြောင့်အောင် ကြိုးစားတာနဲ့ ပတ်သက်လို့ . . . ကျောရိုး ဖြောင့်အောင်လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် သက်တောင့်သက်သာတော့ ဖြစ်နေသင့်ပါတယ်။ တင်းတင်းကြပ်ကြပ်ကြီး ဖြစ်မနေပါစေနဲ့။ တောင့်တောင့်တင်းတင်း မသက်မသာ ဖြစ်နေမယ့် ဣရိယာပုထ်ထက် . . . သဘာဝအတိုင်း သက်တောင့်သက်သာ ဖြစ်မယ့် ဣရိယာပုထ်ကို တွေ့အောင်ကြိုးစားပါ။ ဣရိယာပုထ် အမျိုးမျိုးနဲ့ စမ်းသပ်ကြည့်ဖို့ လိုပါတယ်။ အမျိုးမျိုး လုပ်ကြည့်ပါ။
ယောဂီ။ ။ ဒီတစ်ပတ်အတွင်း သင်ပြခဲ့တဲ့ ဘာဝနာ ကမ္မဋ္ဌာန်းနဲ့ ကျင့်နည်း အမျိုးမျိုးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် မေးချင်တာက . . . မနှစ်သက်စရာ စိတ်ခံစားမှုတွေကနေ လေ့လာသင်ယူသင့်တယ်၊ သူတို့ကို လေ့လာစရာ အတွေ့အကြုံ လုပ်လိုက်ရမယ်လို့ ခင်ဗျား ပြောခဲ့ပါတယ်။ မနှစ်သက်စရာ စိတ်ခံစားမှုတွေဆီက လေ့လာသင်ယူခဲ့တာဟာ မှန်သလား မှားသလား ဆိုတာကို ဘယ်လိုလုပ် သိမှာလဲ။
ရိုးရိုးရှင်းရှင်း ဖြေရရင် . . . ခုခံ တုံ့ပြန်တာ မဟုတ်ဘဲ အဆင်ပြေပါတယ်လို့ သဘောထားနိုင်တယ်၊ စိတ်ခံစားမှုတွေနဲ့ အသားတကျ နေနိုင်တယ်ဆိုရင် မှန်ကန်ပါတယ်။ တစ်နည်း ပြောရရင် . . . မနှစ်သက်စရာ စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာတဲ့ အခါမှာ . . . ပုံမှန်အားဖြင့် မနှစ်သက်စရာ စိတ်ခံစားမှုကြောင့် ဆင်းရဲရပါတယ်။ ဒါပေမယ့် အခုတော့ . . . စိတ်ခံစားမှုတွေကို လေ့လာစရာ အတွေ့အကြုံတွေကို ယူဆပြီးတော့ . . . မဆင်းရဲရအောင် လေ့ကျင့်ပါတယ်။ စိတ်ခံစားမှုတွေကို ကိုယ့်ဆရာလို့ ရှုမြင်ပါတယ်။ သူတို့ကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ . . .။ သူတို့ မရှိရင် ကျွန်တော်တို့ ဘယ်လိုလုပ် လေ့လာသင်ယူနိုင်မှာလဲ။
တစ်ခြား ရှိပါသေးလား။
ယောဂီ။ ။ ကျွန်တော် ဘာဝနာတရား ပွားများအားထုတ်တာ ဒါ ပထမဆုံးပါ။ တစ်ခါတစ်ခါ ခြေဖဝါးတွေ ထုံနေပါတယ်။ အဲဒီလို ဖြစ်လာရင် တရားအားထုတ်တာ ရပ်လိုက်သင့်သလား။ ဆက်ပြီးတော့ အားထုတ်သင့်သလား။ ကျွန်တော် တရားထိုင်တဲ့ အခါမှာ ရိုးရာအစဉ်အလာအတိုင်း ခြေချင်းချိန်ယှက်ပြီး တင်ပလ္လင်ခွေ ထိုင်ပါတယ်။ ဒါပေမယ့် . . . ဣရိယာပုထ်ဟာ သဘာဝအတိုင်း ဖြစ်ရမယ်လို့ ခင်ဗျား ပြောခဲ့ပါတယ်။ ဒါက တစ်ခုပါ။ နောက်တစ်ခုက . . . ဘယ်လောက်ကြာအောင် တရားထိုင်သင့်ပါသလဲ။ ဘယ်လောက်ကြာအောင် ထိုင်တယ်ဆိုရင် လုံလောက်ပါသလဲ။
ဆရာကြီး။ ။ ပထမမေးခွန်းနဲ့ ပတ်သက်လို့ . . . ခန္ဓာကိုယ်မှာ ထုံတာကို ခံစားရရင် ကျွန်တော် ခဏခဏ ပြောခဲ့သလိုပေါ့။ ထုံတာကိုပဲ ခံစားသိမှတ်ပါ။ ထုံနေလည်း ရပါတယ်လို့ သဘောထားပါ။ ထုံတာက မခံမရပ်နိုင်အောင် ဖြစ်လာရင် ဣရိယာပုထ် ပြောင်းနိုင်ပါတယ်။
ထုံတာက ပြဿနာ မဟုတ်ပါဘူး။ ထုံတာကို နားလည်လက်ခံပုံက ပြဿနာပါ။ ထုံတာကို တုံ့ပြန်ပုံက ပြဿနာပါ။ ထုံတာကို ကျေးဇူးတင်သင့်ပါတယ်။ ထုံတာ ဖြစ်ပေါ်နေချိန်မှာ ထုံတာကို မတုံ့ပြန်မိအောင် လေ့ကျင့်နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် . . . ဒီ မနှစ်သက်စရာ အတွေ့အကြုံတွေဟာ ဆရာကောင်းတွေပါ။ မထုံဘူးဆိုရင် ထုံတာကို ကိုင်တွယ်ဖြေရှင်းနည်း၊ ထုံတာနဲ့ အလုပ်လုပ်နည်းတွေ မသင်ယူနိုင်ပါဘူး။
ဒုတိယ မေးခွန်းနဲ့ ပတ်သက်လို့ . . . တကယ်တော့ ဘာဝနာ အလုပ်ဟာ ဘဝနေနည်း ဖြစ်ရပါမယ်။ ဟောပြောတဲ့ အခါကျရင် ဒီအကြောင်း ပြောပါမယ်။ ဘာဝနာ အလုပ်ရဲ့ အစ၊ ဘာဝနာ အလုပ်ရဲ့ အဆုံးရယ်လို့ မရှိပါဘူး။ ဘာဝနာ အလုပ်ကို ဣရိယာပုထ်တွေ၊ အချိန်တွေနဲ့ ကန့်သတ်မထားသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ . . . အိပ်ယာထတာကနေ အိပ်ယာဝင်တဲ့ အထိ ကျွန်တော်တို့စိတ်က အလုပ်လုပ်နေတာ၊ ကျွန်တော်တို့မှာ အတွေးတွေ ရှိနေတာ၊ စိတ်အခြေအနေတွေ ရှိနေတာကြောင့်မို့ပါ။ အကောင်းဆုံးက . . . အမြဲမပြတ် သတိရှိနေသင့်ပါတယ်။ နိုးကြားနေသင့်ပါတယ်။ စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို တစ်နေတာလုံး စစ်ဆေးနေသင့်ပါတယ်။ အဲဒါဆိုရင် ဘာဝနာဟာ ဘဝနေနည်း ဖြစ်လာပါလိမ့်မယ်။ ဘဝနဲ့ ဘာဝနာဟာ နှစ်ခု မကွဲပါဘူး။ တစ်ခုတည်းသာ ဖြစ်ပါတယ်။
ယောဂီ။ ။ မနှစ်သက်စရာ စိတ်ခံစားမှုတွေကို ပြန်ခေါ်ရမယ်၊ သူတို့နဲ့ မိတ်ဆွေဖွဲ့ရမယ်၊ သူတို့ဆီက လေ့လာသင်ယူရမယ်လို့ ခင်ဗျား ပြောခဲ့ပါတယ်။ တရားထိုင်တော့ ဒါကို ကျွန်တော် စမ်းကြည့်ပါတယ်။ ဒေါသကို အာရုံစိုက်ကြည့်ပါတယ်။ ကျွန်တော် တော်တော်လေး မုန်းတဲ့လူအကြောင်း စဉ်းစားပါတယ်။ စိတ်ဆိုးအောင် ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ဒေါသ ထွက်မလာပါဘူး။ ဒါကို လက်တွေ့ ဘဝမှာ အသုံးချနိုင်ပါသလား။ ဘာဝနာတရား ဆက်လက် ပွားများနေမယ်ဆိုရင် ဒါကို ဘဝထဲမှာ အသုံးချလို့ ရနိုင်ပါသလား။ အကျိုးဆက် အနေနဲ့ ကျွန်တော်မုန်းတဲ့သူ အပေါ်မှာ မုန်းတီးတာ လျော့သွားနိုင်ပါသလား။
ဆရာကြီး။ ။ ဒီ အတွေ့အကြုံကို မျှဝေတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဒါဟာ စိတ်ခံစားမှုတွေအကြောင်း ပြောတုန်းက ကျွန်တော် တင်ပြခဲ့တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ မနှစ်သက်စရာ စိတ်ခံစားမှုတွေဟာ ကိုယ်က သူတို့ကို ဖိတ်ခေါ်လိုက်ရင် ပေါ်မလာတော့ပါဘူး။ မလိုအပ်ချင်ရင် ရောက်လာပါတယ်။ တကယ့်ကို စိတ်ဝင်စားစရာပါပဲ။ ပွင့်လင်းမှုရဲ့ အရေးပါပုံကို ဒီအချက်က ပြသနေပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ အဲဒီ စိတ်ခံစားမှုတွေကို စောင့်မျှော်နေတော့ သူတို့က ပေါ်မလာတော့ပါဘူး။ အရေးကြီးတဲ့ ဒီသဘောကို ခင်ဗျား သိလိုက်တဲ့အတွက် တကယ့်ကို ကျေနပ်ပျော်ရွှင်မိပါတယ်။
အတွေးတွေနဲ့ ပတ်သက်လို့လည်း ဒီနည်းကိုပဲ အသုံးပြုနိုင်ပါတယ်။ အတွေးတွေကို မလာစေချင်ရင် သူတို့က ပေါ်လာတယ်။ သူတို့ကို ဖိတ်ခေါ်လိုက်တယ်၊ အတွေး အားလုံးကို လာခွင့်ပေးလိုက်တယ်ဆိုရင် ပေါ်မလာကြတော့ဘူး။ ဒီသဘာဝကို ကိုယ်တွေ့ ကြုံရပါလိမ့်မယ်။ ဒီလို ကျင့်သုံးခြင်းအားဖြင့် . . . ခင်ဗျားပြောသလို . . . ခင်ဗျား မုန်းတီးသူ အပေါ်မှာ ဖြစ်နေတဲ့ ဒေါသလည်း လျော့ပါ့သွားမှာ သေချာပါတယ်။
မေတ္တာ ဘာဝနာနဲ့ စပ်လျဉ်းပြီး ကျွန်တော် ပြောခဲ့သလို . . . အဲဒီ ပုဂ္ဂိုလ်အကြောင်း စဉ်းစားလိုက်ပါ။ သူရဲ့ လူ့သဘာဝကို လက်ခံပြီး သူကို ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ မဟုတ်ရင်တော့ ခင်ဗျားအပေါ် သူလုပ်ခဲ့တာနဲ့ ဆက်စပ်ပြီး ရရှိခဲ့တဲ့ ဒဏ်ရာကို မေးမြူထားတုန်းပဲ ရှိပါသေးတယ်။ အရေးကြီးတဲ့ ဒီ ခွင့်လွှတ်နိုင်စွမ်းကို လေကျင့်ထားသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ခြင်းနဲ့ သူတစ်ပါးကို ခွင့်လွှတ်ခြင်း။ ဖြစ်ခဲ့တာတွေက အတိတ်မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြုပြင်ပြောင်းလဲလို့ မရပါဘူး။ အတိတ် ဝန်ထုတ်တွေကို ဘာဖြစ်လို့ သယ်ပိုးထားရမှာလဲ။ ဆင်းရဲဒုက္ခ ဖန်တီးတဲ့၊ မလိုအပ်တဲ့ ဝန်ထုတ်ပါ။
ရပ်ကမ္မဋ္ဌာန်း အလုပ်ပေး
ခဏလောက် ရပ်နေရင်း ဘာဝနာ ပွားကြရအောင်။
မတ်တတ်ရပ်တော့မယ်ဆိုတဲ့ အသိနဲ့ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ကြပါ။ မတ်တတ်ရပ်ချင်စိတ်ကို သိမှတ်ပါ။
မတ်တတ်ရပ်နေတာကိုသာ သိရှိခံစားပါ။ ခန္ဓာကိုယ်ထဲက အတွေ့အထိ မျိုးစုံ၊ လှုပ်ရှားမှု မျိုးစုံကို ခံစားသိမှတ်ပါ။
ခန္ဓာကိုယ်ထဲမှာ မနှစ်သက်စရာ အတွေ့အထိတွေ၊ နာကျင်တဲ့ အတွေ့အထိတွေ ကြုံရရင် အတွေ့အကြုံကို သိရုံပဲ သိပါ။ သူတို့အပေါ် ပွင့်လင်းပါ။ သူတို့နဲ့ အဆင်ပြေတယ်လို့ သဘောထားပါ။ ကောင်းတဲ့ အတွေ့အထိတွေ ကြုံရရင် ကောင်းတာတွေလို့ပဲ သိပါ။
ခန္ဓာကို အစိတ်အပိုင်း အားလုံးကို ခံစားနိုင်အောင် ကြိုးစားပါ။ ခန္ဓာကိုယ်ထဲက အတွေ့အထိ အမျိုးမျိုး၊ လှုပ်ရှားမှု အမျိုးမျိုးကို ခံစားနိုင်အောင် ကြိုးစားပါ။ ခန္ဓာကိုယ်ကို ဖော်ဖော်ရွေရွေ၊ သိမ်သိမ်မွေ့မွေ့၊ ကြင်ကြင်နာနာနဲ့ ခံစားနိုင်အောင် ကြိုးစားပါ။
အတွေးတွေ ပေါ်လာရင် လွှတ်ပေးလိုက်ပြီး ခန္ဓာကိုယ်ဆီ ပြန်လာပါ။ ခန္ဓာကိုယ်ကို အသုံးပြုပြီး ပစ္စုပ္ပန် အခိုက်အတန့်ကို ခံစားသိမှတ်ပါ။
ခန္ဓာကိုယ်အကြောင်း မတွေးဘဲ ခန္ဓာကိုယ်ကို ခံစားသိမှတ်ပါ။ မတူတာကို သိပါ။ ငြိမ်ငြိမ်သက်သက် ရပ်နေတာကိုသာ ခံစားသိမှတ်ပါ။
အတွေးစိတ်ကူးကို သိမ်သိမ်မွေ့မွေ့ လွှတ်ပေးပြီး ခန္ဓာကိုယ်ဆီ ပြန်လာပါ။ ခံစားမှု အမျိုးမျိုး၊ အတွေ့အထိ အမျိုးမျိုး၊ လှုပ်ရှားမှု အမျိုးမျိုးကို သိပါ။ ခန္ဓာကိုယ်ရဲ့ အကူအညီနဲ့ ပစ္စုပ္ပန်မှာ ရှိနေပါ။ ခန္ဓာကိုယ်ထဲက အတွေ့အထိတွေ၊ ခံစားမှုတွေကို ရှာဖွေရတာဟာ တွေးတောရတာထက် ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။
[ခေါင်းလောင်းသံ]
:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ထားပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment