(အမေးအဖြေ အဆက်)
မေတ္တာကို
အသုံးပြုပြီးတော့ ဒေါသကို လုံးဝထူးခြားတဲ့ နည်းမျိုးစုံနဲ့ တုံ့ပြန်ဆက်ဆံနိုင်ပါတယ်။
ကျွန်တော် ခဏခဏ ပြောနေကျ အတိုင်းပါပဲ။ ကိုယ့်ကိုယ်ကို ဖိနှိပ်တာမျိုး မဟုတ်ဘဲ၊
ကိုယ့်ကိုယ်ကိုယ် အနှုတ်လက္ခဏာတွေ မပေးဘဲ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့
အပြစ်ရှိတယ်လို့ မခံစားဘဲ ဖော်ဖော်ရွေရွေ သိမ်သိမ်မွေ့မွေ့နဲ့ အဖြေရှာရပါမယ်။ ငါ
ဘယ်လို စိတ်ဆိုးမိခဲ့တာလဲလို့ စူးစမ်း အဖြေရှာရပါမယ်။ ဒေါသကနေ ဒီလို သင်္ခန်းစာ
ယူပြီးတော့ ဘာသာရေး အကျင့်ကို တိုးတက်အောင် လုပ်နိုင်ပါတယ်။ မိတ်ဆွေဖြစ်တယ်ဆိုတာ
ဒါမျိုးကို ပြောတာပါ။ ဒေါသကို ငြင်းပယ်တာ မဟုတ်ဘဲ မတူတဲ့နည်းနဲ့ ဆက်ဆံတာပါ။
အဆင်ပြေပါတယ်။ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တာ မဟုတ်ပါဘူး။ ဒေါသရဲ့ ရလဒ်ဆိုး အနေနဲ့
အလွန်အမင်း ဆင်းရဲဒုက္ခ ရောက်မနေဘဲ ပိုပြီး ထိရောက်တဲ့ နည်းလမ်း၊ မတူတဲ့
နည်းလမ်းနဲ့ ဒေါသကို တုံ့ပြန်တတ်အောင် လေ့ကျင့်တာပါ။
နောက်တစ်ခုက
ကိုယ့်ကိုယ်ကိုယ် ဖော်ရွေနိုင်တယ်၊ ပွင့်လင်းနိုင်တယ်ဆိုရင် ဒေါသမဖြစ်တဲ့
အခါမှာလည်း နားလည်မှု ရှိနိုင်ပါတယ်။ ဒါလည်း အရေးကြီးပါတယ်။ ဒါဆိုရင် စိတ်ဆိုးတဲ့ အခါမှာ
ဒေါသကို ဘယ်လို တုံ့ပြန်ရမယ်ဆိုတာ နားလည်လာပါတယ်။ စိတ်မဆိုးတဲ့ အခါမှာလည်း
အခြေနေမှန်ကို နားလည်နိုင်ပါတယ်။
မေးစရာ
ရှိပါသေးလား။
ယောဂီ။ ။ ခွင့်လွှတ်တတ်အောင် လေ့ကျင့်ရာမှာ အလုပ်ထက် အပြောက
လွယ်ပါတယ်။ အထူးသဖြင့် မိဘတွေ၊ ညီအစ်ကို မောင်နှစ်မတွေ၊ မိတ်တွေကောင်းတွေလိုမျိုး
နီးစပ်သူတွေနဲ့ ပတ်သက်လာရင် ခက်ပါတယ်။ သူတို့ကို ခွင့်လွှတ်ဖို့ တော်တော် ခက်ပါတယ်။
သိပ်မရင်းနှီးတဲ့၊ သိပ်မနီးစပ်တဲ့ မိတ်ဆွေတွေကို ခွင့်လွှတ်ရတာက လွယ်ပါတယ်။ ဘယ်လို
လုပ်ရမလဲ။
ဆရာကြီး။
။ တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းပဲ။ အားလုံးနဲ့ သက်ဆိုင်တယ်
ထင်ပါတယ်။ ဘာဖြစ်လို့ ကျွန်တော်တို့နဲ့ နီးစပ်သူတွေက အဲဒီလို ဒဏ်ရာတွေ
ဖန်းတီးပေးနိုင်တာလဲ စဉ်းစားစရာ ကောင်းပါတယ်။ အကြောင်းပြချက်က ရှင်းပါတယ်။ သူတို့က
ကျွန်တော်တို့နဲ့ နီးစပ်နေလို့ပါ။ မိတ်ဆွေ ဖြစ်ချင်ဖြစ်မယ်။ ဆွေမျိုး
ဖြစ်ချင်ဖြစ်မယ်။ သူတို့ ဘယ်လိုဘယ်ပုံ ပြုမူသင့်တယ်ရယ်လို့ ကျွန်တော်တို့က သတ်မှတ်
ပုံဖော်ထားတာ၊ ကြိုတင် မျှော်လင့်ထားတာ ရှိပါတယ်။
နားလည်အောင်
ပြောရရင် . . . ပထမဆုံး သူက ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းလို့ အထူးတလည် သတ်မှတ်လိုက်ပါတယ်။
နောက်ပြီးတော့ ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်ဟာ ဘယ်လိုဘယ်ပုံ ဖြစ်ရမယ်လို့
မျှော်လင့်လိုက်ပါတယ်။ တစ်နည်းအားဖြင့် . . . သူက ငါ့အမေ . . . အမေဆိုတာ . . .
ဒီလိုဖြစ်ရမယ်လို့ စဉ်းစားပါတယ်။ နီးစပ်သူရယ် ဆက်စပ်သူရယ်လို့ အထူးတလည်
သတ်မှတ်ပြီး အထူးတလည် တောင်းဆိုမျှော်လင့်ပါတယ်။ သနားစရာ ကောင်းတာက . . . အထူးတလည်
သတ်မှတ်ခံရသူတွေဟာ သီးသန့်သတ်မှတ်ထားတဲ့ နေရာက လျှောကျရပြန်ပါတယ်။ အဲဒီလို
အခါမျိုးမှာ ကျွန်တော်တို့ ပထမ ဦးစားပေးပြီး နေရာချထား ပေးခဲ့သူတွေ ဆိုတာကို
သတိမထားနိုင်တော့ပါဘူး။ ကျွန်တော်တို့ပဲ မကျေမနပ်ဖြစ်ပြီး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ
ဖြစ်ရပါတော့တယ်။ ဒီလို ဒဏ်ရာတွေကို တစ်သက်လုံး မွေးမြူထားမိတတ်ပါတယ်။ သူတစ်ပါး
ဘယ်လို ပြုမူသင့်တယ်လို့ မျှော်လင့်မိတဲ့ အတွက်ကြောင့် ဘာတွေ ဖြစ်လာတတ်တယ် ဆိုတာကို
သဘောပေါက်သင့်ပါတယ်။ သူတို့လည်း လူသားတွေ ဖြစ်တယ်ဆိုတာ မေ့ထားပြီး အမှားမှား
အယွင်းယွင်းတွေ ဖြစ်ကုန်ပါတယ်။
နောက်ထပ်
မေးခွန်းတစ်ခုလောက် မေးဖို့ အချိန်ရှိပါသေးတယ်။
ယောဂီ။ ။ သူတစ်ပါးဆီက ဘာမှ မမျှော်လင့်သင့်ဘူးလို့
ဆိုလိုတာလား။ ဒါမှမဟုတ် လူတွေအပေါ် သံယောဇဉ် မတွယ်သင့်ဘူးလို့ ဆိုလိုတာလား။
ဆရာကြီး။
။ မျှော်လင့်တတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် . . . ကျွန်တော်တို့
မျှော်လင့်ချက်တွေ ဘယ်လောက် သဘ၀ကျတယ်၊ ဘယ်လောက် ဖြစ်နိုင်ချေရှိတယ် ဆိုတာကို
မေ့နေကြပါတယ်။ မျှော်လင့်ချက်အတွက် ကိုယ့်ဘက်က ဘယ်လောက် ပြင်ဆင်ထားပါသလဲ။ ကိုယ့်မျှော်လင့်ချက်ကို
သူတစ်ပါးက ဘယ်လောက် ဖြည့်ဆည်းပေးနိုင်မှာလဲ။ ကိုယ့်မျှော်လင့်ချက်က ဘယ်လောက်
သဘာဝကျသလဲ။ ဒါ . . . ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုပါတယ်။ တစ်ချို့လူတွေ
သိပ်ပြီး စိတ်ကူးယဉ် ဆန်ကြတာကို ကျွန်တော် သိပါတယ်။ တစ်ယောက်တည်းလည်း
စိတ်ကူးယဉ်ဆန်ပါတယ်။ သူတစ်ပါးနဲ့ ပတ်သက်လို့လည်း စိတ်ကူးယဉ်ဆန်ပါတယ်။
စိတ်ကူးကမ္ဘာထဲမှာ နေကြပါတယ်။ စိတ်ကူးယဉ် ကမ္ဘာက တစ်ခြား၊ လက်တွေ့ကမ္ဘာက တစ်ခြား။
တစ်ခြားစီ ဖြစ်နေကြပါတယ်။ ပြီးပြည့်စုံတဲ့ စိတ်ကူးယဉ်ကမ္ဘာကို ဖက်တွယ်ထားသမျှ
ကာလပတ်လုံး ကိုယ့်ရဲ့ အပြုအမူနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ သူတစ်ပါးရဲ့ အပြုအမူနဲ့
ပတ်သက်လို့ပဲဖြစ်ဖြစ် ဒဏ်ရာတွေ ရကြအုံးမှာပါပဲ။
အရဟတ္တဖိုလ်
မဆိုက်သေးသမျှ ကျွန်တော်တို့အားလုံး အရူးတွေပါလို့ မြတ်စွာဘုရား
ဟောကြားတော်မူပါတယ်။ အရှိကို အရှိအတိုင်း မမြင်နိုင်တော့ အရူးပေါ့။ ဒီ အရူးကမ္ဘာကို
အဟုတ်မှတ်နေကြတော့ ခက်တာပေါ့။ စိတ်ဝင်စားရာကောင်းတဲ့ တိဗက်ဗုဒ္ဓဘာသာ
ဆိုစကားတစ်ခုနဲ့ သတိပေးချင်ပါတယ်။ ဉာဏ်အလင်း ပေါက်ပြီးသူတွေက သာမာန်လူတွေလို
ပြုမူနေထိုင်ကြတယ်၊ သာမန်လူတွေက ဉာဏ်အလင်း ပေါက်ပြီးသူတွေလို ဖြစ်နေကြတယ်တဲ့။
မေတ္တာတရားနဲ့
ပတ်သက်လို့ လက်တွေ့အသုံးဝင်တဲ့ မေးခွန်းကောင်းတွေ မေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့
ခဏ နားကြမယ်။ နားပြီးရင် မေတ္တာဘာဝနာ ပွားများကြမယ်။ နားနေချိန်မှာ ခဏလောက် ကိုယ်ကိုယ်တိုင်
ကိုယ့်အတွက် ဖော်ဖော်ရွေရွေဖြစ်အောင် နေကြည့်ပါ။
အလုပ်ပေးတရား
ကိုယ့်နှလုံးသား
ပန်းလိုပွင့်နေအောင် ကြိုးစားကြည့်ပါ။
ကိုယ်ကိုယ်တိုင်
ကိုယ့်ရဲ့ အကောင်းဆုံး မိတ်ဆွေတစ်ယောက် ဖြစ်နေတယ်လို့ ခံစားရပါသလား။
ကိုယ့်
တစ်ကိုယ်လုံး၊ ကိုယ့်ဖြစ်တည်မှု အားလုံးမှာ ခံစားမိပါရဲ့လား။
ကိုယ်ကိုယ်တိုင်
ကိုယ့်ရဲ့ အကောင်းဆုံး မိတ်ဆွေတစ်ယောက်လို ခံစားပြီး ငါ ကျန်းမာပါစေ၊ ငါ ပျော်ရွှင်ပါစေလို့
အောက်မေ့ကြည့်ပါ။
ကိုယ်ကိုယ်တိုင်
စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာဖို့ စိတ်လိုလက်ရ ဆန္ဒပြုပါ။ ငါ ပျော်ရွှင်ပါရစေ။
မေတ္တာဘာဝနာ ပွားများနည်း လေ့လာဆည်းပူးနေပါလားလို့ ကျေနပ်ပျော်ရွှင်ပါ။ ငါ
ငြိမ်းချမ်းပါရစေ။ ဒီ ခန်းမထဲမှာ ငြိမ်းချမ်းမှု၊ ကင်းဆိတ်မှုကို အမှန်တကယ်
ခံစားနိုင်ပါရဲ့လား။ ဒီ ငြိမ်းချမ်းကို တစ်ကိုယ်လုံး အနှံ့ ခံစားနိုင်ပါစေ။
ကျွန်တော်တို့ရဲ့
ဒဏ်ရာတွေကို ကြည့်လိုက်ကြရအောင်။ သူတစ်ပါးအပေါ် ပြုမူမိရင်း ရခဲ့တဲ့ ဒဏ်ရာတွေကို
ကြည့်ပါ။ ကိုယ်ဟာ ကိုယ့်ရဲ့ အကောင်းဆုံး သူငယ်ချင်းဖြစ်တယ်၊ ကိုယ်ဟာ သာမန်လူသားပဲ
ဖြစ်တယ်လို့ လက်ခံလိုက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။
အဲဒီလို ဒဏ်ရာ မရှိတဲ့သူတွေကတော့ ဒဏ်ရာမရှိပါလားလို့ ကျေကျေနပ်နပ် ၀မ်းမြောက်ပါ။
နှလုံးသား
ရှိမယ့်နေရာကို အာရုံပြုပြီးတော့ ငါ့ကိုယ်ငါ ခွင့်လွှတ်တယ်၊ ငါ့ကိုယ်ငါ
ခွတ်လွှတ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်ပါ။
သူတစ်ပါးကြောင့်
ဒဏ်ရာရခဲ့သူတွေက ဒဏ်ရာပေးခဲ့တဲ့ သူတွေကို အာရုံပြုပြီး ခွင့်လွှတ်လိုက်ကြပါ။
အဲဒီလို ဒဏ်ရာ မရှိတဲ့သူတွေကတော့ ဒဏ်ရာမရှိပါလားလို့ ကျေကျေနပ်နပ် ၀မ်းမြောက်ပါ။
ငါ မင့်ကို ခွင့်လွှတ်တယ်၊ မင်း ကျန်းမာပါစေ၊ မင်း ပျော်ရွှင်ပါစေ၊ မင်း ဆင်းရဲဒုက္ခ
ကင်းဝေးပါစေလို့ လှိုက်လှိုက်လှဲလှဲ ပြောနိုင်ပါရဲ့လား။
ဒဏ်ရာတွေကို
စွန့်လွှတ်ပြီးတဲ့ အခါမှာ ပိုပြီးတော့ ပျော်ရွှင်နိုင်ပါတယ်။ ပိုပြီးတော့
ပေါ့ပါးလာပါတယ်။ ပိုပြီးတော့ ခင်ခင်မင်မင် ဖော်ဖော်ရွေရွေ ဖြစ်လာပါတယ်။
ဒီနေ့
တရုတ်ရိုးရာ အစဉ်အလာအရ ဘိုးဘွားမိဘတွေကို အောက်မေ့သတိရတဲ့နေ့ ဖြစ်ပါတယ်။ ဒီတော့
ဘိုးဘွားမိဘတွေ၊ အထူးသဖြင့် မိဘတွေကို အောက်မေ့ သတိရလိုက်ကြရအောင်။ ကွယ်လွန်သူတွေ၊
အသက်ရှင်နေသေးသူတွေ အားလုံးကို အောက်မေ့လိုက်ကြရအောင်။
မိဘတွေ
အပေါ်မှာ မေတ္တာစိတ် မွေးမြူနိုင်ကြပါရဲ့လား။
မိဘကျေးဇူးကို
သိကြပါရဲ့လား။
ကဲ
. . . ရွတ်ဖတ်ကြပါစို့။ ပါဠိလို ရွတ်တာရော၊ တရုတ်လို ရွတ်တာပါ တစ်နေ့ထက်တစ်နေ့ တိုးတက်
ကောင်းမွန်လာတဲ့အတွက် ၀မ်းသာပါတယ်။
:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို
နားလည်သလို
ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment