Saturday, June 22, 2013

သိမ်မွေ့သောလမ်း (၁၃)

(. . . . .မှ အဆက်)


သူတစ်ပါး၏ အမြတ်ထုတ်မှု

မေတ္တာတရား ကျင့်သုံးတယ် ဆိုတာဟာ သူတစ်ပါး အမြတ်ထုတ်တာ ခံဖို့တော့ မဟုတ်ပါဘူး။ သူတစ်ပါး ကိုယ့်ကို လုပ်ချင်သလို လုပ်လို့ ခွင့်ပေးလိုက်တာ မဟုတ်ပါဘူး။ ကိုယ့်ကို သူတစ်ပါး လေးစားခန့်ငြားအောင် လုပ်ရတဲ့ အခါတွေ ရှိပါတယ်။ သူတစ်ပါးနဲ့ ဆက်ဆံရာမှာ ပြတ်ပြတ်သားသားနဲ့ ခပ်တင်းတင်း လုပ်ရတာတွေ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော် သဘောကျမိတဲ့ ပုံပြင်တစ်ပုဒ် ရှိပါတယ်။ ဒီပုံပြင်လေး ပြောပြီးရင် ဟောခန်းပြောခန်း နိဂုံးချုပ်ပါ့မယ်။

ပုံပြင်က မေတ္တာတရား ကျင့်သုံးတဲ့ မြွေဟောက် တစ်ကောင်အကြောင်း ဖြစ်ပါတယ်။ တောထဲမှာ မေတ္တာတရား ကျင့်သုံးနေတဲ့ မြွေဟောက်တစ်ကောင် ရှိပါတယ်။ သတ္တဝါအားလုံး ကျန်းမာကြပါစေ၊ သတ္တဝါအားလုံး ချမ်းသာကြပါစေ၊ သတ္တဝါအားလုံး ဆင်းရဲခြင်း ကင်းကြပါစေလို့ မေတ္တာပွားတာပေါ့။ မျက်စိမွဲတဲ့ အဖွားကြီးတစ်ယောက် တောထဲမှာ ထင်းခွေတယ်။ ထင်းခွေနေရင်း မြွေဟောက်ကို မြင်တော့ ကြိုးတစ်ချောင်းပါလားလို့ ထင်သွားတယ်။ ကြိုးကိုယူပြီး စုပုံထားတဲ့ ထင်းတွေကို ကြိုးနဲ့ စည်းတယ်။ မြွေဟောက်က မေတ္တာတရား ကျင့်သုံးနေတာဆိုတော့ အဖွားအို စိတ်တိုင်းကျ လုပ်နိုင်တာပေါ့။ အဖွားအို ထင်းစည်းရွက်ပြီး အိမ်ပြန်သွားတယ်။ အိမ်ရောက်တော့ မြွေဟောက် လွတ်တော့ လွတ်သွားတယ်။ မသေဘူး။ ဒါပေယ့် သေလုမျောပါး ဒဏ်ရာတွေ ရတာပေါ့။ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ပေါ့။ ဒါနဲ့ မြွေဟောက်က သူ့ရဲ့ ကမ္မဋ္ဌာန်းဆရာနဲ့ သွားတွေ့ပြီး ပြောတယ်။ မေတ္တာတရား ကျင့်သုံးမိပါတယ် . . .။ ကြည့်စမ်းပါဦးဗျာ။ ကျုပ်ဒဏ်ရာတွေ ကြည့်ပါဦး။ တစ်ကိုယ်လုံး ရစရာကို မရှိတော့ဘူး။ နာလိုက်တာ . . .လို့ ပြောတာပေါ့။ ကမ္မဋ္ဌာန်းဆရာက အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့နဲ့ မှတ်ချက်ချလိုက်တယ်။ မေတ္တာတရား ကျင့်သုံးတာမှ မဟုတ်ဘဲ၊ ရိုးရိုးမေတ္တာ မဟုတ်ဘူး အရူးမေတ္တာပဲ၊ မြွေမှန်းသိအောင် ရှူးရှူးသံတော့ ပေးလိုက်သင်တာပေါ့လို့ မှတ်ချက်ချလိုက်တယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ မြွေဟောက် ရခဲ့တဲ့ သင်္ခန်းစာကို ယူသင့်တာပေါ့။

ကဲ အခု မေးခွန်းမေးချိန် ရောက်ပါပြီ။ မေတ္တာနဲ့ ပတ်သက်လို့၊ အထူးသဖြင့် နေ့စဉ်ဘ၀ အတွေ့အကြုံနဲ့ ပတ်သက်လို့ မေးချင်တာ မေးကြပါ။ ကြုံရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို တင်ပြကြပါ။

အမေးအဖြေ

ယောဂီ။  ။ ဆရာ . . . ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အပေါင်းလက္ခဏာတွေ ပေးတယ်၊ တစ်ချိန်လုံး ကိုယ့်ရဲ့ ကောင်းကွက်တွေကို ကြည့်တယ်ဆိုရင် ကောင်းမကောင်း ဘယ်လို ခွဲခြားရမှာလဲ။

ဆရာကြီး။  ။ အနှုတ်လက္ခဏာတွေ ပေးနေကျ ဖြစ်နေတဲ့အခါ၊ ကိုယ့်ရဲ့ မကောင်းကွက်တွေကို မြင်တာ အသားကျနေတဲ့အခါ၊ ကိုယ့်ကိုယ်ကို ရန်သူလို ဆက်ဆံနေတဲ့အခါ . . . ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲ။ ဒါဟာ အရေးကြီးပါတယ်။  ဒီလို အခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် နားလည်လိုက်ဖို့ လိုပါတယ်။ ငါ့ကိုယ်ငါ အနှုတ်လက္ခဏာတွေချည်းပဲ ပေးနေတာပါလား၊ ငါလုပ်တာတွေ အကောင်းမပါဘူးလားလို့ သုံးသပ်ဖို့ လိုပါတယ်။ အချက်ကျကျ၊ ဓမ္မဓိဋ္ဌာန်ကျကျ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ မဟုတ်ဘဲ ရိုးရိုးသားသားနဲ့ ကောင်းကွက်တွေကို မြင်တတ်အောင် လေ့ကျင့်နေကြတာပါ။ အကောင်းမြင်တတ်အောင်၊ ကောင်းတဲ့ဘက်က ကြည့်တတ်အောင် လေ့ကျင့်နေကြတာပါ။ ဘုရားရှင် ဟောတော်မူတဲ့အတိုင်း အရှိကို အရှိအတိုင်း မြင်တတ်အောင် လေ့ကျင့်နေကြတာပါ။ ဒါ . . . အရေးကြီးပါတယ်။ သူတစ်ပါးကို တန်ဖိုးထားတတ်အောင် သူတစ်ပါးရဲ့ ကောင်းကွက်တွေကို မြင်တတ်အောင်လည်း လေ့ကျင့်ကြပါတယ်။ သူတစ်ပါးရဲ့ ကောင်းကွက်ကို မြင်တတ်အောင် လေ့ကျင့်တဲ့ အခါမှာ သူတစ်တစ်ရဲ့ ကောင်းမြတ်မှုကို ကျေနပ်ဝမ်းမြောက်နိုင်အောင် လေ့ကျင့်ရာလည်း ရောက်ပါတယ်။ ဒီနည်းနဲ့ပဲ ကိုယ့်ရဲ့ ဘာဝနာ လုပ်ငန်းကို အထောက်အကူပြုတဲ့ အရည်အသွေးတွေ ဆည်းပူးစုဆောင်းပါတယ်။ မေးခွန်းတစ်ခု မေးချင်ပါတယ်။ ပြည်ပ သွားတဲ့အခါတိုင်း မေးနေကျ မေးခွန်းပ့ါ။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ရတာနဲ့ သူတစ်ပါးကို ခွင့်လွှတ်ရတာ ဘယ်ဟာက ပိုလွယ်သလဲ။ စဉ်းစားသုံးသပ်ပြီး နားလည်ခံစားမိတဲ့အတိုင်း ဖြေပါ။

ယောဂီ။  ။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့ မလွယ်ပါဘူး။

ဆရာကြီး။  ။ အားလုံး သဘောတူကြပါသလား။

ယောဂီ။  ။ သဘောမတူပါဘူး။

(ကိုယ့်ကိုယ်ကိုယ် ခွင့်လွတ်ရန် ပို၍ လွယ်ကူသည်ဟု ယူဆသူများ လက်မြှောက်ပြကြသည်။)

ဆရာကြီး။  ။ ကျေးဇူးတင်ပါတယ်။ ဒါ . . . ဘယ်လိုအဓိပ္ပာယ် သက်ရောက်ပါသလဲ။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့ အခက်တွေ့နေသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်တာ ပြင်းထန်လွန်းနေတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ကိုယ့်နှလုံးသားက ကိုယ့်အတွက် မာကြောလွန်း နေတာပါ။ ငါဟာ ခွင့်မလွှတ်သင့်တဲ့လူလို့ ထင်နေတာပါ။ သူတစ်ပါးကို ခွင့်လွှတ်ဖို့ အခက်တွေ့နေသူတွေကတော့  သူတစ်ပါးကို ဝေဖန်တာ ပြင်းထန်လွန်းနေပါတယ်။ နူးညံ့သိမ်မွေ့မှုကို ဖွံ့ဖြိုးအောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာ သဘောပေါက်ပါ။ သိမ်မွေ့ညင်သာဖို့ လိုပါတယ်။ မိမိ သူတစ်ပါး နှစ်ဦးသား အပေါ်မှာ အကြင်နာတရား ခံစားနိုင်ဖို့ အရေးကြီးပါတယ်။ ဒီအရည်အချင်းတွေ စုဆောင်းနိုင်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အလိုအလျောက် ခွင့်လွှတ်နိုင်ပါတယ်။ သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ လူ့သဘာဝကို လက်ခံနိုင်အောင် လေ့ကျင့်ဖို့ တကယ့်ကို အရေးကြီးတယ် ထင်ပါတယ်။ အပြစ်မကင်းတဲ့ လူသဘာဝကို လက်ခံနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့မှာ အပြစ်အနာအဆာတွေ ရှိနေပါတယ်။ အလားတူပဲ . . . ကျွန်တော်တို့ဟာ အပြစ်မကင်းတဲ့ လူသားတွေ ကြားထဲမှာ နေနေရတယ်ဆိုတာကို နားလည်းထားရပါတယ်။ သူတစ်တွေလည်း လူသားတွေပါပဲ။ ဒီတော့ အပြစ်အနာဆာတွေ၊ လူ့အားနည်းချက်တွေကို တွေ့ကြရပါတယ်။ ကိုယ့်အပြစ် ကိုယ့်အားနည်းချက်၊ သူ့အပြစ် သူ့အားနည်းချက်တွေ ရှိပါတယ်။ ဗုဒ္ဓတရားတော် အလိုအရ ကျွန်တော်တို့ သန္တာန်မှာရော သူတစ်ပါးသန္တာန်မှာပါ လောဘ၊ ဒေါသ၊ မောဟတွေ ရှိပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ကျွန်တော်တို့ရော သူများတွေပါ အပြစ်တွေ ရှိကြပါတယ်။ အမှားတွေ ပြုကြပါတယ်။ ရဟတ္တဖိုလ် ဆိုက်ရောက်မှပဲ ဒီအပြစ်တွေ ကင်းပါလိမ့်မယ်။ အရဟတ္တဖိုလ် မဆိုက်သေးတဲ့ သာမန်လူသားတွေကတော့ အပြစ်မကင်းကြပါဘူး။ ဒါကို လက်ခံဖို့၊ ကိုယ့်ကိုယ်ကိုယ်ရော သူတစ်ပါးကိုပါ ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ဖို့ တကယ့်ကို အရေးကြီးပါလားလို့ နားလည် ခံစားထားပါ။ ဒါကို သဘောပေါက်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်နိုင်ပါလိမ့်မယ်။ သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်ပါလိမ့်မယ်။ မေးစရာ ရှိပါသေးလား။

ယောဂီ။  ။ ဘဝရဲ့ အနိစ္စ သဘာဝကြောင့် ဒုက္ခမျိုးစုံ ရှိနေတာပါ။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာလုပ်နိုင်ပါသလဲ။

ဆရာကြီး။  ။ လောလောဆယ် ဆွေးနွေးနေတဲ့ အကြောင်းအရာက မေတ္တာတရား ဖြစ်တဲ့အတွက်ကြောင့် မေတ္တာအကြောင်းပဲ ကျွန်တော် ပြောချင်တာပါ။ အနိစ္စနဲ့ ပတ်သက်နေတဲ့ ဒီမေးခွန်းကို အကျဉ်းပဲ ဖြေပါ့မယ်။ ကျွန်တော်တို့ အနိစ္စသဘောကို လက်မခံကြပါဘူး။ ဖြစ်ပျက်ပြောင်းလဲမှုကို လက်မခံကြပါဘူး။ ဒီတော့ အနိစ္စကြောင့် ဆင်းရဲကြရပါတယ်။ ဥပမာတစ်ခု ပြောမယ်။ ကျွန်တော်တို့ ကျန်းမာကြတယ်။ အနိစ္စ သဘာဝကြောင့်၊ ဖြစ်ပျက်ပြောင်းလဲတတ်တဲ့ သဘာဝကြောင့် နာမကျန်း ဖြစ်ကြရပြန်တယ်။ ငါ မဖျားနာရဘူးလို့ မျှော်လင်တဲ့အတွက် ဆင်းရဲဒုက္ခ ရောက်ရပါတယ်။ ဒီလိုနဲ့ပဲ . . . ဖြစ်ပျက်ပြောင်းလဲမှုကို ခုခံရင်၊ အနိစ္စကို အံတုရင် ဆင်းရဲကြရမှာပါ။ မဆင်းရဲရအောင် . . . ဖြစ်ပျက်ပြောင်းလဲမှုကို လက်ခံဖို့၊ အနိစ္စကို လက်ခံဖို့ လိုပါတယ်။ ဘာ ဖြစ်သင့်တယ်၊ ဘယ်လို မဖြစ်သင့်ဘူး ဆိုတာမျိုး သဘောမထားပဲ အရှိကို အရှိအတိုင်း လက်ခံဖို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တာပါပဲ။

ယောဂီ။  ။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆွေသူငယ်ချင်းလို သဘောထားနိုင်အောင် လေ့ကျင့်ရမယ်လို့ ခင်ဗျား ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သန္တာန်မှာ အတွေးဆိုးတွေ၊ ဆန္ဒဆိုးတွေ ရှိနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလုပ်ပြီး ချစ်ခင်နိုင်မှာလဲ။ မိတ်ဆွေက ဆိုးသွမ်းနေတာပဲ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာ မရောက်ဘူးလား။

ဆရာကြီး။  ။ သိပ်ကောင်းတဲ့ မေးခွန်းပဲ။ လက်တွေ့ကျတဲ့ နမူနာတစ်ချို့ ကြည့်ကြမယ်။ ဥပမာ . . . ဒေါသ ဆိုပါစို့။ စိတ်ဆိုးတဲ့အခါ ဘာ ဖြစ်သလဲ။ ဒေါသကြောင့် ဒေါသဖြစ်ရပြန်ပါတယ်။ စိတ်ဆိုးမိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ ဒေါသဖြစ်မိတဲ့ အပြစ်ကြောင့် ဆင်းရဲရတယ်။ ဒီဒေါသကြောင့်၊ ဒေါသကို ဒီလို တုံ့ပြန်ဆက်ဆံမိတဲ့ အတွက်ကြောင့် နေ့ရက်တွေ တော်တော်ကြာအောင် ဆင်းရဲဒုက္ခ ရောက်ရပါတယ်။

:)
ရှင်အာစာရ

-----
Godwin Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။

Ref:
"The GENTLE WAY of Buddhist Meditation", Godwin Samararatne
A re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott, 1997
Revised Edition, Jeanne Mynett, 2005
Inward Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale

No comments:

Post a Comment