အဖွဲ့အစည်းများကို
ပုံဖော်ရန် တစ်ဦးချင်းစွမ်းရည်
အရှေ့အလယ်ပိုင်း
ပြဿနာ၊ အရှေ့တောင်အာရှ ပြဿနာ၊ အရှေ့အနောက်ပြဿနာ အစရှိတဲ့ လက်ရှိ အကြပ်အတည်းတွေမှာ
ဒေါသရဲ့ အခန်းကဏ္ဍဟာ မသေးလှပါဘူး။ တစ်ယောက်နဲ့တစ်ယောက် လူကိုလူလို
မရှုမြင်နိုင်ကြလို့ ဒီလို အကြပ်အတည်းတွေ ပေါ်ပေါက်လာတာပါ။ စစ်အင်အား ကြီးထွားတာ၊
စစ်အင်အား အသုံးပြုတာတွေဟာ ပြဿနာရဲ့ အဖြေ မဟုတ်ပါဘူး။ လက်နက်တွေ
ယှဉ်ပြိုင်နေလို့လည်း မပြီးပါဘူး။ နိုင်ငံရေးသက်သက်၊ နည်းပညာသက်သက်နဲ့လည်း ပြဿနာ
ပြေလည်မှာ မဟုတ်ပါဘူး။ အခြေခံအားဖြင့် ဘာသာရေးနဲ့ ဆိုင်ပါတယ်။ အားလုံးနဲ့
သက်ဆိုင်တဲ့ လူမှုဘ၀ အခြေအနေကို နားလည်ခံစားနိုင်ဖို့ လိုပါတယ်။ မုန်းတရားတွေ၊
ထိုးနှက်တိုက်မှုတွေဟာ ပျော်ရွှင်ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းမပေးနိုင်ပါဘူး။
စစ်နိုင်သူတွေတောင် မပျော်ရွှင် မငြိမ်းချမ်းနိုင်ပါဘူး။ အကြမ်းဖက်မှုဟာ
ဆင်းရဲဒုက္ခကိုသာ ဖြစ်ပေါ်စေပါတယ်။ ရည်ရွယ်ချက် မပြီးမြောက်စေနိုင်ပါဘူး။ ဒါ့ကြောင့်
. . . ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ လူမျိုးအကန့်အသတ်၊ ယဉ်ကျေးမှု အကန့်အသတ်၊
အတွေးအမြင် အကန့်အသတ်တွေကို ကျော်လွန်ကြဖို့ အချိန်တန်ပါပြီ။ အချင်းချင်း
လူကိုလူလိုမြင်ပြီး လူလိုဆက်ဆံကြဖို့ အချိန်တန်ပါပြီ။ အဲဒီလို လုပ်နိုင်ရင်
တစ်ဦးစီ အတွက်ရော၊ အစုအဖွဲ့တွေ အတွက်ရော၊ နိုင်ငံတွေ အတွက်ပါ
အကျိုးရှိပါလိမ့်မယ်။ ကမ္ဘာနဲ့အ၀ှန်း ကျယ်ကျယ်ပြန့်ပြန့် အကျိုးရှိပါလိမ့်မယ်။
လက်ရှိ
ကမ္ဘာ့အကြပ်အတည်းရဲ့ အကြီးမားဆုံး အပိုင်းဟာ ဒုတိယ ကမ္ဘာစစ် ကတည်းက ရှိလာခဲ့တဲ့
အရှေ့နဲ့အနောက် အုပ်စုနှစ်ခု ကွဲရာကနေ ပေါက်ဖွားလာတာ ဖြစ်ပုံရပါတယ်။ ဒီအုပ်စု
နှစ်ခုဟာ အချင်းချင်း အကောင်းမြင်ကြပုံ အကောင်းပြောကြပုံ မရပါဘူး။ တည်ရှိနေတဲ့
ဒီအကြပ်အတည်းဟာ အချင်းချင်း အပြန်အလှန် မေတ္တာမထားနိုင်ကြလို့၊ လူသား
အပေါင်းအဖော်တွေအဖြစ် အချင်းချင်း မလေးစားနိုင်ကြလို့ ဖြစ်ပေါ်လာတာပါ။ အရှေ့အုပ်စုက အနောက်အုပ်စု အပေါ်မှာထားတဲ့
မုန်းတီးမှုကို လျှော့ချသင့်ပါတယ်။ အနောက်အုပ်စု ဆိုတာဟာ မိန်းမ ယောက်ျား
ကလေးသူငယ်တွေ ပါဝင်တဲ့ လူသားအစုအဖွဲ့ပါ။ အလားတူပဲ . . . အနောက်အုပ်စုကလည်း အရှေ့အုပ်စု
အပေါ်မှာထားတဲ့ မုန်းတီးမှုကို လျှော့ချသင့်ပါတယ်။ အရှေ့အုပ်စုလည်း လူတွေပါပဲ။
အပြန်အလှန် မုန်းတီးမှုတွေကို လျှော့ချလိုက်ကြမယ်ဆိုရင် နှစ်ဘက်အုပ်စုက
ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးတော့ သြဇာကြီးမားလာပါလိမ့်မယ်။ ဒါပေမယ့် . . .
ပထမဆုံး အနေနဲ့ . . . ခေါင်းဆောင်တွေဟာ သူတို့ရဲ့ လူ့ဖြစ်တည်မှုနဲ့ သူတစ်ပါးရဲ့
လူ့ဖြစ်တည်မှုကို သဘောပေါက်ထားကြရပါမယ်။
အခြေခံကျတဲ့
ဒီနာလည်မှု မပါဘူးဆိုရင်တော့ . . . စုဖွဲ့မိနေတဲ့ အမုန်းတရားထုကို အနည်းငယ်လောက်ပဲ
လျှော့ချနိုင်ပါလိမ့်မယ်။ ဥပမာ . . . အမေရိကန်နိုင်ငံ ခေါင်းဆောင်နဲ့ ဆိုဗီယက်
ဆိုရှယ်လစ် သမ္မတနိုင်ငံ ခေါင်းဆောင်တို့ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းမှာ
မမျှော်လင့်ဘဲ တစ်ယောက်နဲ့တစ်ယောက် တွေ့လိုက်ကြတယ်ဆိုရင် အလိုအလျောက်ပဲ
သူတို့အချင်းချင်း လူသားအဖြစ်နဲ့ တုံ့ပြန် ဆက်ဆံကြမှာ သေချာပါတယ်။ ဒါပေမယ့်
“အမေရိကန် သမ္မတ” နဲ့ “ဆိုဗီယက် သမ္မတ”ရယ်လို့ သတ်မှတ်ထားတဲ့ အခါမှာတော့ အပြန်အလှန်
သံသယတွေဝင်၊ အပြန်အလှန် နားလည်မှုတွေလွဲပြီး သူတို့ချင်း ခြားနားနေကြပါတယ်။
ကြိုတင်စီမံမထားဘဲ အလွတ်သဘော တွေ့ဆုံမှုတွေ ကျယ်ပြန့်များပြားလာပြီး လူသားချင်း
တွေ့ဆုံမှုတွေ များလာရာကနေ အပြန်အလှန် နားလည်မှုတွေ တိုးပွားလာပါလိမ့်မယ်။
အချင်းချင်း လူသား အဖြစ်နဲ့ ဆက်ဆံတတ်အောင် လေ့လာသင်ယူကြပါလိမ့်မယ်။ ဒီ နားလည်မှုကို
အခြေခံပြီး ကမ္ဘာ့ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းကြပါလိမ့်မယ်။ အပြန်အလှန်
သံသယပွားပြီး နာကြည်းမုန်းနေတဲ့ ပတ်ဝန်းကျင်မှာ အုပ်စုနှစ်ခုတို့ အကျိုးရှိရှိ
တွေ့ဆုံဆွေးနွေးတာမျိုး မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အစဉ်တစိုက် ဆန့်ကျင်လာတဲ့
အုပ်စုနှစ်ခု တွေ့ဆုံဆွေးနွေးတာမျိုး မဖြစ်နိုင်ပါဘူး။
ကမ္ဘာ့ခေါင်းဆောင်တွေ
အနေနဲ့ ဘာကိစ္စမှ မပါဘဲ အေးအေးချမ်းချမ်းရှိမယ့် တစ်နေရာမှာ တစ်နှစ် တစ်ခါလောက်
တွေ့ဆုံကြဖို့ အကြံပြုပါတယ်။ အချင်းချင်း လူသားအဖြစ် အသိအမှတ်ပြုရုံ အတွက်ပဲ
တွေ့ဆုံကြပါ။ အဲ့ဒီနောက်မှာတော့ နှစ်ဘက် ပြဿနာတွေ၊ ကမ္ဘာ့ပြဿနာတွေကို
ဆွေးနွေးနိုင်ကြပါတယ်။ အပြန်အလှန် လေးစားနိုင်မယ့် ပတ်ဝန်းကျင်၊ အချင်းချင်း
လူသားအဖြစ် အသိအမှတ်ပြုနိုင်မယ့် ပတ်ဝန်းကျင်မှာ ကမ္ဘာ့ခေါင်းဆောင်တွေ
တွေ့ဆုံကြစေချင်တဲ့ ဘုန်းကြီးတို့ရဲ့ ဆန္ဒကို တော်တော်များများ သဘောတူ လက်ခံနိုင်ကြမယ်ဆိုတာ
သေချာပါတယ်။
ပုဂ္ဂလိက
ဆက်ဆံရေး တိုးပွားများပြားလာဖို့အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းကို
အားပေးစေချင်ပါတယ်။ ကျယ်ပြန့်တဲ့ သတင်းဖြန့် မီဒီယာတွေ၊ အထူးသဖြင့် ဒီမိုကရေစီ
ထွန်းကားတဲ့ အသိုင်းအ၀ိုင်းက မီဒီယာတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက်
လုပ်ပေးနိုင်ပါတယ်။ မကွဲမပြား တစ်သားတည်းရှိတဲ့ လူ့ဖြစ်တည်မှုကို
ရောင်ပြန်ဟပ်နိုင်ပြီး လူစိတ်ဝင်စားမယ့် အချက်တွေကို ခြုံငုံနိုင်တဲ့
အတွက်ကြောင့်ပေါ့။ နိုင်ငံတကာ နယ်ပယ်ထဲမှာ မဟာအင်အားကြီး နိုင်ငံတွေ ပေါ်လာပြီးတော့
နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူသားချင်း စာနာမှု အပိုင်းကို ရှောင်ဖယ်လာကြပါတယ်။
မျက်ကွယ်ပြုလာကြပါတယ်။ ဒါကို ပြုပြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ၊ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ လူသားရဲ့
အကျိုးစီးပွား အထွန်းကားဆုံးဖြစ်ရေးနဲ့ နိုင်ငံတကာမှာ နားလည်မှု တိုးပွားရေးအတွက်
အာမခံပေးဖို့ တက်တက်ကြွကြွ ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မယ် ထင်ပါတယ်။
မဟာအင်အားကြီးနိုင်ငံ တစ်ချို့က ကမ္ဘာ့ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့အစည်းတွေကို သူ့တို့ရဲ့
တစ်ဘက်သတ် အကျိုးစီးပွားအတွက် အလွဲသုံးစား ဆက်လုပ်နေကြမယ်ဆိုရင် အဖြစ်ဆိုးနဲ့
ကြုံရပါလိမ့်မယ်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဖြစ်ရမှာပါ။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဟာ အားလုံးက လေးစားရတဲ့အဖွဲ့ ဖြစ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့
ဒီအဖွဲ့ဟာ အဖိနှိပ်ခံ နိုင်ငံငယ်လေးတွေအတွက် တစ်ခုတည်းသော မျှော်လင့်ချက်
ဖြစ်နေလို့ပါ။ တစ်ကမ္ဘာလုံး အတွက်လည်း တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေလို့ပါ။
(ဆက်ရန် . . . . .)
(ဆက်ရန် . . . . .)
:)
ရှင်အာစာရ
Dalai Lama၏ “A Human Approach to World Peace”ကို မြန်မာဘာသာပြန်ဆိုပါသည်။
Ref: (20 May 2011):
http://www.dalailama.com/messages/world-peace/a-human-approach-to-peace
No comments:
Post a Comment