(. . . . .မ အဆက်)
(အမေးအဖြေ အဆက်)
နောက်တစ်ခု စိတ်ဝင်စားစရာ ကောင်းတာက . . . ခင်ဗျားပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ လုပ်စရာတွေ အများကြီး ရှိပေမယ့် တစ်ချိန်မှာ တစ်ခုပဲ လုပ်နိုင်ပါတယ်။ ဘာအလုပ်ပဲဖြစ်ဖြစ် တစ်ခုခု လုပ်နေတာကို အာရုံစိုက်တတ်အောင် လေ့ကျင့်နိုင်တယ်ဆိုရင် လုပ်စရာ အလုပ်နဲ့ ဆက်စပ်ပြီးတော့ အခိုက်အတန့်တိုင်း အခိုက်အတန့်တိုင်းမှာ သိနိုင်စွမ်းကို ဖွံ့ဖြိုးအောင် လုပ်နိုင်ပါတယ်။
နောက်ဆုံး အကြံပေးချက်ဟာ တကယ့်ကို အထောက်အကူ ပြုနိုင်မယ် ထင်ပါတယ်။ အလုပ်လုပ်နေတဲ့အခါ၊ လုပ်စရာတွေ အမျိုးမျိုး ရှိနေတဲ့ အခါမှာ စိတ်အခြေအနေကို သတိထားမိဖို့ အရေကြီးပါတယ်။ စိုးရိမ်ပူပန်နေတာလား။ စိတ်ဖိစီးမှု ရှိနေတာလား။ မလုံခြုံစိတ် ရှိနေတာလား။ ဒါမှမဟုတ် အေးအေးလူလူ ဖြစ်နေသလား။ နေ့စဉ်ဘဝမှာ ကျင့်သုံးဖို့ တကယ်စိတ်ဝင်စားသူတွေ အနေနဲ့ စိတ်အခြေအနေကို ပုံမှန် စစ်ဆေးပေးနိုင်ဖို့ အရေးကြီးပါတယ်။ အလုပ်လုပ်နေတဲ့ အခါမှာပဲဖြစ်ဖြစ်၊ အလုပ်မလုပ်ဘဲ နေတဲ့အခါမှာပဲဖြစ်ဖြစ် စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို ပုံမှန် စစ်ဆေးတဲ့ အလေ့အကျင့်ကို ဖွံ့ဖြိုးအောင် လုပ်ပါ။ သတိနဲ့ သိနိုင်အောင် ကြိုးစားပါ။
အလုပ်မျိုးစုံ လုပ်ရတဲ့ အခါမှာ အလုပ်တွေကို သတိထားလိုက်ပြီး စိတ်အခြေအနေကို စောင့်ကြည့်ပါ။ ဆန့်ကျင် တုံ့ပြန်နေတာလား။ ဒါမှမဟုတ် အလိုက်သင့် တုံ့ပြန်နေတာလား။ စိတ်ဝင်စားရာကောင်းတဲ့ တုံ့ပြန်မှု နှစ်မျိုးပါ။ အလိုက်သင့် တုံ့ပြန်မှုဟာ ဆန့်ကျင်တာ မပါဘဲ လုပ်သင့်တာ လုပ်တာပါ။ ဆန့်ကျင်တုံ့ပြန်မှုမှာတော့ စိုးရိမ်တာတွေ၊ ကြောက်ရွံ့တာတွေ၊ စိတ်ဖိစီးတာတွေ၊ စိတ်တင်းကြပ်တာတွေ ပါပါတယ်။ ခင်ဗျားက သာမန်လူသားပဲ ရှိပါသေးတယ်။ ကျင့်ကြံအားထုတ်နေဆဲပဲ ရှိပါသေးတယ်။ လူသားတစ်ယောက် အနေနဲ့ တစ်ချို့ အခြေအနေတွေကို ဆန့်ကျင်တုံ့ပြန်မိမှာပါပဲ။
ဆန့်ကျင်တုံပြန်မိချိန်မှာ သတိမထားလိုက်နိုင်ဘူးဆိုရင် နောက်ကျတော့၊ အချိန်ရတဲ့အခါကျတော့၊ အေးအေးဆေးဆေး ရှိနေတဲ့အခါကျတော့၊ စိတ်လှုပ်ရှား ခံစားမှု မရှိတော့တဲ့အခါကျတော့ ငါ ဘာဖြစ်လို့ ဆန့်ကျင်တုံ့ပြန်ခဲ့တာလဲ၊ ငါ ဘာဖြစ်လို့ အလိုက်သင့် မတုံ့ပြန်နိုင်ခဲ့တာလဲလို့ ပြန်စဉ်းစားနိုင်ပါသလား။ နောက်ပြီးတော့ . . . မနေ့က ပြောခဲ့သလို မှားယွင်းမှုကနေ လေ့လာသင်ယူပါ။ ဆန့်ကျင်တုံ့ပြန်မိခဲ့တာကနေ လေ့လာသင်ယူပါ။
ဒီလို စူးစမ်းမှု ပြုတဲ့အခါမှာ ကိုယ့်ကိုယ်ကို အနှုတ်လက္ခဏာ မတတ်ဘဲ ပြုလုပ်နိုင်ဖို့ လိုပါတယ်။ ဒီလို စူးစမ်းမှုကို ဖော်ဖော်ရွေရွေ၊ သိမ်သိမ်မွေ့မွေ့၊ ပေါ့ပေါ့ပါးပါး လုပ်ရပါမယ်။ ဒါကို လေ့လာစမ်းသပ်မှု ပြုလုပ်နိုင်ပါတယ်။ ဆိုပါစို့။ မနက်ဖြန် အလုပ်ဆင်းမယ်။ ဘာတွေ ဖြစ်သလဲ ကြည့်မယ်။ ဆန့်ကျင် တုံ့ပြန်မလား။ အလိုက်သင့် တုံ့ပြန်မလား။ ဆန့်ကျင် တုံ့ပြန်မှု ဘယ်လောက် ကြာသလဲ။ ဘာတွေ ဖြစ်နေတယ်ဆိုတာ သိဖို့ စိတ်ကို ဖွင့်လှစ်ထားရပါတယ်။ လေ့လာစမ်းသပ်မှု၊ ကိုယ့်ကိုယ်ကိုယ် လေ့လာစမ်းသပ်မှုအဖြစ် ရှုမြင်ရတာတွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာဝနာ ကမ္မဋ္ဌာန်းရဲ့ အလှတရားတွေပါ။ လေ့လာစမ်းသပ်မှု ပြုတဲ့ အခါမှာ နေရာအဆင့်အတန်း ယူမထားတော့ပါဘူး။ နေရာ ယူမထားဘဲ လေ့လာရုံ လေ့လာနေတာပါ။ ရှာဖွေနေတာပါ။ ဖော်ထုတ်နေတာပါ။ အခြေအနေ အားလုံးမှာ စမ်းသပ်နိုင်ပါတယ်။ ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ လေ့လာသင်ယူနိုင်ပါတယ်။
နောက်ဆုံး မေးခွန်း တစ်ခုစာအတွက် အချိန်ကျန်ပါသေးတယ်။
ယောဂီ။ ။ အတွေးတွေကို သိမှတ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိတဲ့ အခါမှာ ကမ္မဋ္ဌာန်း အလုပ်မှာ မစူးစိုက်နိုင်တော့ပါဘူး။ ဘယ်လို လုပ်ရမလဲ။
ဆရာကြီး။ ။ မေးခွန်းကို ကျွန်တော် နားလည်တာ မှန်ရဲ့လားတော့ မသိဘူး။ အတွေးတွေကို စောင့်ကြည့်တာဟာ ဘာဝနာကမ္မဋ္ဌာန်း မဟုတ်ဘူး။ အဲဒီလို ဆိုလိုတာလား။ ဒီလို မဟုတ်ဘူးဆိုရင် ခင်ဗျား နားမလည်တာက ဘာလဲ။
ကြားဝင်ပြောပေးသူ။ ။ သူ့မေးခွန်းက . . . အတွေးတွေကို သတိထားနေတဲ့ အခါမှာတော့ အဆင်ပြေတယ်။ စူးစိုက်နိုင်တယ်။ အတွေးတွေကို သတိထားနေတယ်လို့ သူ့ကိုယ်သူ ပြန်သိလိုက်တဲ့ အခါမှာ စူးစိုက်မှုကို ထိခိုက်သွားတယ်တဲ့။
ဆရာကြီး။ ။ စူးစိုက်မှုဆိုတဲ့ စကားအသုံးကို သီးသန့် စဉ်းစားရမယ်။ ကျွန်တော် ဟောပြောတာကို သတိထားပြီး နားထောင်တဲ့သူတွေ သတိထားမိပါလိမ့်မယ်။ စူးစိုက်မှုဆိုတဲ့ စကားလုံးကို ကျွန်တော် လုံး၀ မသုံးပါဘူး။ စူးစိုက်မှုဆိုတဲ့ စကားလုံးအစား အသိရှိတယ်၊ သတိရှိတယ်၊ သိရုံသိနေတယ်လို့ပဲ ကျွန်တော် သုံးနှုန်းပါတယ်။ စူးစိုက်မှုဆိုတဲ့ စကားလုံးကို ကျွန်တော် တမင်သက်သက် ရှောင်တာပါ။ ပြဿနာဖြစ်တတ်လို့ပါ။ ဒုက္ခရောက်တတ်လို့ပါ။ စိတ်ဟာ စူးစိုက်နေတယ်ဆိုရင် စူးစိုက်နေတာကိုပဲ သိလိုက်ပါ။ စိတ်ဟာ စူးစိုက်မှု မရှိဘူးဆိုရင် စူးစိုက်မှု မရှိဘူးလို့ပဲ သိလိုက်ပါ။ ဒါဆိုရင် ဘာပြဿနာ ရှိအုံးမလဲ။
တရားထိုင်တဲ့ အခါမှာ မျှော်လင့်မထားဖို့၊ ဘာဖြစ်ရမယ် ဘာမဖြစ်ရဘူးဆိုတဲ့ အယူအဆ စံနမူနာကို စွဲကိုင်မထားဖို့ အရေးကြီးပါတယ်။ ဈင်ဗုဒ္ဓဘာသာမှာ လှပတဲ့ စကားအသုံးလေး ရှိပါတယ်။ စတင်အားထုတ်သူရဲ့ စိတ်တဲ့။ တစ်နည်းအားဖြင့် ဘာမှမသိဘူးဆိုတဲ့ စိတ်တဲ့။ မျှော်လင့်ချက်ဟာ ဘဝမှာ ဆင်းရဲဒုက္ခကို ဖန်တီးပါတယ်။ ဘဝမှာ မျှော်လင့်တဲ့အခါ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် ဆင်းရဲရပါတယ်။ ဘာဝနာ ကမ္မဋ္ဌာန်းမှာလည်း အလားတူပဲ ဆင်းရဲဒုက္ခကို ဖန်တီးမိတတ်ပါတယ်။ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါကြောင့် . . . တရားအားထုတ်တဲ့ အခါမှာ ဘာမှ မျှော်လင့်မထားဘဲ အခိုက်အတန့်တိုင်းမှာ ဖြစ်ပေါ်နေတာကိုပဲ သိနေရပါမယ်။
တရားအားထုတ်နေတဲ့ အခါမှာ အပေါင်းတွေ အနှုတ်တွေ မပေးမိဖို့လည်း အရေးကြီးပါတယ်။ ယောဂီက စူးစိုက်နိုင်ဖို့ မျှော်လင့်နေပါတယ်။ စူးစိုက်နိုင်တယ်လို့ ထင်မိတဲ့ အခါမှာ ကိုယ့်ကိုယ်ကိုယ် အပေါင်းလက္ခဏာကြီး ပေးလိုက်ပါတယ်။ ဆက်လက်ပြီး စူးစိုက်နေပါတယ်။ ဒီလိုနဲ့ စိတ်တင်းကြပ်မှု ဖြစ်လာပါတယ်။ စိတ်က မစူးစိုက်နိုင်တဲ့ အခါကျတော့ အနှုတ်လက္ခဏာကြီး ပေးလိုက်တော့တာပေါ့။ ဘာဝနာအလုပ် အားထုတ်ရင်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးဖြတ်နေပါတယ်။ အပေါင်းတွေထည့်လိုက် အနှုတ်တွေထည့်လိုက်၊ အပေါင်းတွေထည့်လိုက် အနှုတ်တွေထည့်လိုက် လုပ်နေပါတယ်။ သာမန် နေ့စဉ်ဘဝမှာ ဒီလိုပဲ လုပ်နေကြတာပဲ။ အနည်းဆုံး ဘာဝနာ ပွားနေချိန်မှာတော့ လွတ်လွတ်ပွင့်ပွင့်နဲ့ ဖြစ်ပေါ်နေသမျှကိုပဲ သိနေလိုက်ပါ။
ကဲ . . . ခဏ နားစေချင်ပါတယ်။ နားချိန်မှာ သတိမြဲအောင် ကြိုးစားပါ။ အနီးအပါး သွားတဲ့အခါမှာ ဖြည်းဖြည်းသက်သာ သတိနဲ့ သွားနိုင်အောင် ကြိုးစားပါ။ ဘာဝနာ လုပ်ငန်းအတွက် သင့်တော်တဲ့စိတ် ဖြစ်ပေါ်အောင် ကြိုးစားပါ။
ဖြည်းဖြည်း လျှောက်ကြပါ။
အလုပ်ပေးတရား
ဆရာကြီး။ ။ သက်တောင့်သက်သာ ရှိမယ့် အနေအထားနဲ့ ထိုင်ပါ။ ခန္ဓာကိုယ် သက်တောင့်သက်သာနဲ့ ထိုင်နိုင်ဖို့ အရေးကြီးပါတယ်။ သက်တောင့်သက်သာ ရှိနေနိုင်ဖို့အတွက် ထူးထူးခြားခြား ကိစ္စတစ်ခု ဆောင်ရွက်နေတာ မဟုတ်ဘူးလို့ နားလည်ထားပါ။
ခဏလောက် ခန္ဓာကိုယ်ကို ကြည့်ကြမယ်။ ခန္ဓာကိုယ်အပေါ်မှာသာ သတိထားပါ။ ခန္ဓာကိုယ်ထဲက လှုပ်ရှားမှုတွေ၊ အတွေ့အထိတွေကို သတိထားမိပါစေ။
အတွေးတွေ ရှိတယ်ဆိုရင် လွှတ်ထားလိုက်ပါ။ ခန္ဓာကိုယ်ဆီပဲ ပြန်လာပါ။ ခန္ဓာကိုယ်ကို သတိထားတာက တစ်ခြား၊ ခန္ဓာကိုယ်အကြောင်း စဉ်းစားတာက တစ်ခြား ဖြစ်ပါတယ်။ ထူးခြားချက်ကို သိပါ။ ခန္ဓာကိုယ်ကို သိနိုင် ခံစားနိုင်အောင် လေ့ကျင့်နေပါတယ်။
ခန္ဓာကိုယ်ကို ရင်းရင်းနှီးနှီး သိမ်သိမ်မွေ့မွေ့ ကြင်ကြင်နာနာ သတိထား ခံစားနိုင်အောင် လေ့ကျင့်ကြမယ်။
လုံးလုံးလျားလျား ငြိမ်ငြိမ်သက်သက် ထိုင်နေတဲ့ ခန္ဓာကိုယ်ကို သတိထားကြည့်မယ်။
ခန္ဓာကိုယ်ကို သဘာဝအတိုင်း အသက်ရှူခွင့် ပေးလိုက်ပါ။
အသက်ရှူမှုကို ထိန်းချုပ်စရာ မလိုပါဘူး။ ကြိုးကိုင်ခြယ်လှယ်စရာ မလိုပါဘူး။ သဘာ၀ အသက်ရှူမှုကို မစွက်ဖက်ပါနဲ့။
ခဏလောက် ခန္ဓာကိုယ်ကို ဖြစ်ချင်သလို ဖြစ်ခွင့်ပေးနိုင်အောင် လေ့ကျင့်ကြမယ်။
အသက်ရှူနေခိုက် ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နေတာတွေကို သတိထားကြည့်မယ်။ လှုပ်ရှားမှုတွေ၊ အတွေ့အထိတွေကို သတိထားကြည့်မယ်။
နှာသီးဖျားမှာ အထိအတွေ့ကို ခံစားရသလား။ ရင်ဘတ်မှာ ထိတွေ့တာကို ခံစားရသလား။ ဝမ်းဗိုက် ဖောင်းတာပိန်တာကို ခံစားရသလား။
ခန္ဓာကိုယ်ထဲမှာ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ထိတွေ့မှုတွေ၊ လှုပ်ရှားမှုတွေရဲ့ အကူအညီနဲ့ ပစ္စုပ္ပန် အခိုက်အတန့်ကို တွေ့ကြုံခံစားနေပါတယ်။
ခန္ဓာကိုယ်က လေရှူသွင်းလိုက်ရင် ရှူသွင်းတယ်လို့ သိပါ။ ခန္ဓာကိုယ်က လေရှိုက်ထုတ်လိုက်ရင် ရှိုက်ထုတ်တယ်လို့ သိပါ။
အတိတ်ကိုလည်း မတွေးပါဘူး။ အနာဂတ်ကိုလည်း မကြံပါဘူး။ ဝင်လေထွက်လေ အကူအညီနဲ့ ပစ္စုပ္ပန် ချမ်းသာကို တွေ့ကြုံခံစားနေပါတယ်။ အတွေးတွေကို ရပ်တန့်ဖို့၊ ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ အတွေးပေါ်လာရင် သိရုံပဲ သိလိုက်ပြီး ဝင်လေထွက်လေ မိတ်ဆွေဆီ ပြန်လာပါ။ ဝင်လေထွက်လေကို သက်တောင့်သက်သာ သိမှတ်ပါ။ စိတ်နဲ့ကိုယ်ကို ရင်းရင်းနှီးနှီး သိမ်သိမ်မွေ့မွေ့နဲ့ သတိထားကြည့်နေပါ။ ဖြစ်နေတာတွေကို အပေါင်း မပေးပါနဲ့။ အနှုတ်လည်း မပေးပါနဲ့။ ဖြစ်ပေါ်နေတာကို သိရုံသာ သိပါ။
ဟုတ်ပြီ . . . ဖြည်းဖြည်းချင်း မျက်လုံးတွေ ဖွင့်လိုက်ကြပါ။ ဣရိယာပုထ် ပြောင်းတဲ့အခါမှာ ဖြည်းဖြည်းချင်း သတိနဲ့ ပြောင်းပါ။ ဘာဝနာ လုပ်ငန်းခွင် ပြီးဆုံးပြီလို့ မယူဆိုလိုက်ပါနဲ့။ အခိုက်အတန့်တိုင်း အခိုက်အတန့်တိုင်း စိတ်ထဲ ကိုယ်ထဲမှာ ဖြစ်ပေါ်နေတာကို ဆက်လက် သိမှတ်နေပါ။ ဝတ်ရွတ်စဉ် ရွတ်ဖတ်ကြပါစို့။
ရွတ်နေဖတ်နေတဲ့ အခါမှာ ခန္ဓာကိုယ် ငြိမ်ငြိမ်သက်သက် ရှိနေပါစေ။ တစ်ခြား ဆူသံတွေ မရှိပါစေနဲ့။ ရွတ်ဖတ်မှုဟာလည်း ဘာဝနာ ကမ္မဋ္ဌာန်းပဲ ဖြစ်နေလို့ပါ။ ပစ္စုပ္ပန်ကို တွေ့ကြုံခံစားနိုင်ဖို့ ဝင်လေထွက်လေကို အသုံးချသလို ရွတ်ဖတ်မှုကိုလည်း အသုံးချပါ။ ရွတ်ဖတ်ခြင်းအားဖြင့် စိတ်ကို လွတ်လပ်နေအောင် လုပ်ပေးပါ။ စာရွက်တွေကို မကြည့်စေချင်ပါဘူး။ အဲဒါတွေက ရိုးရိုးစကားလုံးတွေ ဖြစ်နေလို့ပါ။ စကားသံကို အလိုက်သင့် လိုက်ဆိုနိုင်ပါလိမ့်မယ်။
[ဝတ်ရွတ်စဉ်]
:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment