ဘာသာတရားအချင်းအချင်း
ပိုပြီး နာလည်နိုင်ဖို့အတွက် ကာမ္ဘာ့ဒေသ အသီးသီးက အားထုတ်မှု မှန်သမျှကို
ကြိုဆိုတယ်ဆိုတာ ဒီအမြင် ဒီရှုထောင့်ကနေ ကြိုဆိုတာပါ။ ဒါဟာ ခုနေခါမှာ အရေးတကြီး
လိုအပ်နေပါပြီ။ ဘာသာတရား အားလုံးက လူသားဘ၀ ပိုကောင်းလာရေး
ဦးစားပေးနိုင်ကြမယ်ဆိုရင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဟန်ချက်ညီညီ လက်တွဲညီညီ
လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါလိမ့်မယ်။ ဘာသာတရားအချင်းချင်း အပြန်အလှန် နားလည်မှုကနေ
ဘာသာတရားတွေ အတူလက်တွဲ လုပ်ကိုင်ကြဖို့ လိုအပ်တဲ့ စည်းလုံးညီညွတ်မှုကို
ရရှိပါလိမ့်မယ်။ ဒါပေမယ့်၊ ဒါဟာ အရေးကြီးတဲ့ ခြေလှမ်းလည်း ဖြစ်ပေမယ့် မြန်ဆန်
လွယ်ကူတဲ့ အဖြေတော့ မရနိုင်ဘူး ဆိုတာကို သိထားရပါမယ်။ ဘာသာတရား
အမျိုးမျိုးတွေကြားမှာ ရှိနေတဲ့ ကျမ်းချက် ကွဲလွဲနေတာတွေကို ဖုံးကွယ်ထားလို့
မရပါဘူး။ လောလောဆယ် ရှိနေတဲ့ ဘာသာတရားတွေကို အားလုံးနဲ့ဆိုင်တဲ့ ဘာသာတရား
အသစ်တစ်ခုနဲ့ အစားထိုးဖို့လည်း မျှော်လင့်လို့ မရပါဘူး။ ဘာသာတရားတိုင်းမှာ
ထူးထူးခြားခြား စွမ်းဆောင်ပေးနိုင်တဲ့ ကိုယ်ပိုင်ဟန်တွေ ရှိပါတယ်။ သက်ဆိုင်ရာ
ဘာသာရေးနည်းလမ်း တစ်မျိုးစီဟာ ဘ၀ပုံစံ တစ်မျိုးစီရှိကြတဲ့ လူသား အစုအဖွဲ့တွေအတွက်
အသီးသီး သင့်တော်ပါတယ်။ ကမ္ဘာက ဘာသာတရား အားလုံးကို လိုအပ်ပါတယ်။
ဘာသာတရား ကျင့်သုံးသူတွေ လုပ်ဆောင်ရမယ့် အခြေခံ ကိစ္စရပ် နှစ်ခု
ရှိပါတယ်။ ပထမ တစ်ခုက ဘာသာတရားတွေ အတူလက်တွဲ အလုပ်လုပ်နိုင်လောက်တဲ့ ညီညွတ်မှု
ရရှိဖို့အတွက် ဘာသာတရား အချင်းချင်း အပြန်အလှန် နားလည်မှု ပိုအားကောင်းလာအောင် လုပ်ကြရပါမယ်။
ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားနိုင်တယ်၊ လူသားကောင်းကျိုးကို
ဘာသာတရားတွေရဲ့ ဘုံပန်းတိုင်အဖြစ် ထားရှိနိုင်တယ်ဆိုရင် အတိုင်းအတာ တစ်ခုအထိ
ညီညွတ်လာနိုင်ပါတယ်။ ဒုတိယ တစ်ခုက လူ့နှလုံးသားတိုင်းကို ဆွဲဆောင်နိုင်ပြီး လူ့ပျော်ရွှင်မှုကို
အားပေးနိုင်တဲ့ အခြေခံ ဘာသာရေးတန်ဖိုးတွေပေါ်မှာ အခြေတည်ပြီး အလုပ်ဖြစ်နိုင်လောက်တဲ့
သဘောတူညီမှုတစ်ခု တည်ဆောက်ကြရပါမယ်။ ဆိုလိုတာက . . . ကမ္ဘာ့သာသာတရား အားလုံးနဲ့
သက်ဆိုင်တဲ့အချက်၊ လူသားဆန်တဲ့အမြင်ကို အလေးပေးရမယ်လို့ ဆိုလိုတာပါ။ ဒီနှစ်ခု
ရှိထားရင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ ဘာသာရေး အခြေအနေကို
ဖန်တီးနိုင်ပါလိမ့်မယ်။ တစ်ဦးစီရော အစုလိုက်ပါ ဖန်တီးနိုင်ကြပါလိမ့်မယ်။
ဘာသာတရား
အမျိုးမျိုးဟာ မွန်မြတ်တဲ့ နှလုံးသားကို ဖွံ့ဖြိုးအောင်လုပ်ဖို့၊ မေတ္တာတရား၊
အချင်းချင်း လေးစားမှုနဲ့ လူ့အဖွဲ့အစည်းရဲ့ အဓိပ္ပာယ်မှန်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့
အတွက် မဖြစ်မနေ လိုအပ်တဲ့ အရာတွေဖြစ်တယ်လို့ ရှုမြင်နိုင်ကြတဲ့အခါမှာ ဘာသာတရား
အမျိုးမျိုးကို ကျင့်သုံးနေကြသူတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လက်တွဲပြီး
အလုပ်လုပ်နိုင်ကြပါမယ်။ အရေးအကြီးဆုံးက . . . ဘာသာတရားရဲ့ ရည်ရွယ်ချက်ကို ကြည့်ဖို့ပါ။
လက်တွေ့မပါတဲ့ ဆင်ခြင်တုံဝါဒ သက်သက်ဆီ ရောက်သွားစေနိုင်တဲ့ သီအိုရီပိုင်းတွေ
အတွေးအခေါ်ပိုင်းတွေကို အသေးစိတ် လိုက်ကြည့်မနေဖို့ အရေးကြီးပါတယ်။ သက်ဆိုင်ရာ ဘာသာတရားတွေရဲ့
အတွင်းရေးတွေသာဖြစ်တဲ့ ဒဿနိကပိုင်းဆိုင်ရာ သိမ်မွေ့တဲ့ ကွဲလွဲမှုတွေကို
ဘေးဖယ်ထားနိုင်မယ်ဆိုရင် ကမ္ဘာ့ဘာသာကြီးတွေ အားလုံးဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်
ဆောင်ရွက်ပေးနိုင်ကြမယ်၊ လူသားအကျိုးစီးပွားအတွက် အတူလက်တွဲပြီး အလုပ်လုပ်နိုင်ကြမယ်လို့
ယုံကြည်ပါတယ်။
ကမ္ဘာတစ်ဝှန်းလုံး ခေတ်မီဖွံ့ဖြိုး တိုးတက်လာပြီး ဘာသာရေး ကိစ္စတွေမှာ
လောကီဆန်လာပေမယ့်၊ ကမ္ဘာ့ဒေသ တစ်ချို့မှာ ဘာသာရေး တန်ဖိုးတွေကို စနစ်တကျ
ဖျက်ဆီးချေမှုန်းတာတွေ ရှိနေပေမယ့် လူများစုကတော့ ဘာသာတရား တစ်ခုမဟုတ် တစ်ခုခုကို
ယုံကြည်နေကြတာပါပဲ။ မသေဆုံးနိုင်တဲ့ ဘာသာရေး ယုံကြည်မှုဟာ ဘာသာတရားရဲ့ အလားအလာကို
ဖော်ပြနေပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရရင်တောင်မှ ဒီယုံကြည်မှုက ထူးခြားထင်ရှားနေပါတယ်။
ဒီ ဘာသာရေးစွမ်းရည်၊ ဘာသာရေး စွမ်းအင်ကို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့
ဘာသာရေး အခြေအနေတွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး အသုံးပြုနိုင်ပါတယ်။ ဒီကိစ္စမှာ
ပါဝင်လှုပ်ရှားဖို့အတွက် ကမ္ဘာတစ်ဝှန်းလုံးမှာ ရှိကြတဲ့ ဘာသာရေး ခေါင်းဆောင်တွေ
လူ့အခွင့်ရေးသမားတွေမှာ အခွင့်ထူး ရှိနေပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး
ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လုပ်ကြရမှာပါပဲ။ ရွေးစရာ
မရှိပါဘူး။ စိတ်မှာ ဒေါသလွှမ်းမိုးနေရင် လူသားအသိဥာဏ်ရဲ့ အမြင့်မြတ်ဆုံး အပိုင်းကို
ဆုံးရှုံးရပါလိမ့်မယ်။ အသိ အလိမ္မာ ဥာဏ်ပညာကို ဆုံးရှုံးရပါလိမ့်မယ်။ အမှန် အမှား
ခွဲခြားနိုင်စွမ်းကို ဆုံးရှုံးရပါလိမ့်မယ်။ ဒီနေ့ကမ္ဘာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ
အဆိုးဆုံးက ဒေါသ ဖြစ်ပါတယ်။
:)
ရှင်အာစာရ
Dalai Lama၏ “A Human Approach to World Peace”ကို မြန်မာဘာသာပြန်ဆိုပါသည်။
Ref: (20 May 2011):
http://www.dalailama.com/messages/world-peace/a-human-approach-to-peace
No comments:
Post a Comment